ရုပ်တုများ၏ နောက်ဝယ်

ရုပ်တုများ၏ နောက်ဝယ်
Published 17 July 2015
ကိုနော် (ပုဂံ)

တစ်နေ့က ကျောက်ပန်းတောင်းမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ် ရောက်ရှိစိုက်ထူပြီးသွားတဲ့အကြောင်း၊ မစိုက်ထူမီ မြို့ကို လှည့်လည် အလေးမြတ်ပြုခံယူခဲ့တဲ့အကြောင်းတွေ ပြောရင်း ပုဂံ-ညောင်ဦးက ဆောင်ရွက်နေဆဲ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအကြောင်း ပြောဖြစ်ကြတယ်။ ပုဂံရော၊ ညောင်ဦးပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ မန္တလေးမှာ အသီးသီး အပ်ထားတာပြီးစီးခါနီးပြီဆိုတဲ့အကြောင်း၊ သင့်တော်တဲ့နေရာထားရှိနိုင်ရေးအတွက် ဆောင်ရွက်နေကြတဲ့အကြောင်း ပြောဖြစ်ကြတယ်။ ၂၀၁၅ ခုနှစ်ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀  ပြည့်ဖြစ်လို့ တစ်နိုင်ငံလုံးမှာ အောက်မေ့သတိရတဲ့ပွဲတွေ၊ အမှတ်တရ ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူပွဲတွေ ကျင်းပခဲ့ကြတာ ယနေ့အထိတိုင်အောင်ပါပဲ။တစ်နိုင်ငံလုံးမှာဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ကိုအကြောင်းပြုပြီး ကြေးရုပ်တုတွေ စိုက်ထူကြ၊ အောက်မေ့သတိရပွဲတွေ ကျင်းပကြတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့အချိန် ကာလက ပြည်သူလူထုတစ်ရပ်လုံး ဝမ်းနည်းပူဆွေးခဲ့ရတာတွေ၊ ရဟန်းရှင်လူ၊ ပြည်သူတွေ၊အသိပညာရှင်၊ အတတ်ပညာရှင်နဲ့၊ အနုပညာနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ပါဝင်ဆောင်ရွက်ခဲ့ကြတာကို သမိုင်းမှတ်တမ်းတွေ၊ စာအုပ်၊ စာတမ်း၊ စာစောင်တွေမှာ အသီးသီးဖော်ပြခဲ့တာကိုလည်း သတိရမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စတင်ဖြစ်ပေါ်လာတာက အစပေါ့။ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနဲ့ ပတ်သက်ပြီး မနေ့တစ်နေ့ကပဲ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသေးတယ်။ ဆရာမောင်ကြော့ဝေရဲ့ “သမိုင်းကို ထုဆစ်ခဲ့သူတို့၏ ပုံရိပ်လွှာ” ဆိုတဲ့ စာအုပ်ထဲကပါ။ ဆောင်းပါးခေါင်းစဉ်က “ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအစ ပန်းချီဦးဘကြည်က”တဲ့။ မှတ်သားမိသလောက် ပြန်လည်ဝေငှရရင်တော့-၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတော့ ပြည်သူတွေ လာရောက်ဂါရဝပြုနိုင်ဖို့ ဂျူဗလီဟောမှာ နိုင်ငံတော်ဈာပန အခမ်းအနားကို တခမ်းတနား ပြင်ဆင်ခဲ့ကြတယ်။ စင်မြင့်ထက်မှာထားဖို့ ဗိုလ်ချုပ်တို့ မျှော်မှန်းထားတဲ့ လွတ်လပ်ရေးနဲ့ ဆိုရှယ်လစ်ပန်းတိုင် သရုပ်ဖော်ပန်းချီကားကြီးနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့အတူ ယှဉ်တွဲချထားဖို့ ပုံတူပန်းချီကားကြီးတွေကိုလည်း ပန်းချီဆရာကြီး ဦးငွေကိုင်၊ ဆရာကြီးဦးဘကြည်၊ ဆရာဦးစံဝင်း၊ ဆရာဦးအုန်းလွင်၊  ဆရာဦးလှမောင်ဦး၊ ဆရာဦးချစ်မောင်တို့ က ရေးဆွဲခဲ့ကြသတဲ့။ ဗိုလ်ချုပ်အောင်ဆန်းပုံကိုတော့ ဆရာကြီးဦးငွေကိုင်က ရေးပြီး၊ ဆရာကြီးဦးဘကြည်က မိုင်းပွန်စော်ဘွားစပ်စံထွန်း ပုံဆွဲတယ်လို့ ဆိုတယ်။အဲဒီမှာ ပန်းချီဆရာကြီး ဦးဘကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပန်းပုရုပ်တု ထုလုပ်ဖို့ စိတ်ကူးရပြီး ၁၉၄၇ ခုနှစ် သြဂုတ်လမှာ စတင် အကောင်အထည်ဖော်ခဲ့တယ်လို့ သိရတယ်။ ဆရာကြီးက ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်တုကို ရွှံစေးနဲ့ ပထမ စတင်ပုံဖော်ပြုလုပ်တယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ ပန်းချီ  ဆရာကြီးဦးငွေကိုင်၊ ဆရာကြီး ဒဂုန်တာရာ နဲ့ သတင်းစာဆရာတွေလာပြီး အားပေးကြ၊ အကြံပြုကြသတဲ့။ ဒီလိုနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့လက်ရာဖယောင်းနဲ့ သွန်းလုပ်ထားတဲ့ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်းပုံတူ ရုပ်တုကိုယ်တစ်ပိုင်းပုံ ဖြစ်ပေါ်လာခဲ့တယ်လို့ သိရတယ်။ပန်းချီဆရာ ကြီးဦးဘကြည် ထုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူရုပ်တုအကြောင်း သတင်းစာတွေမှာ ပါသွားတော့ သတင်းစကား ပျံ့နှံ့သွားပြီး ဗိုလ်ချုပ်ရုပ်တုထုလုပ်ဖို့ကို  နိုင်ငံအနှံ့အပြား စိတ်ဝင်စားလာကြတယ်။  ပန်းချီ၊ ပန်းပုပညာရှင်တွေ၊ ဝါသနာရှင်တွေက စိတ်ဝင်တစား ထုလုပ်လာကြသလို စီးပွားရေးသမားတွေကလည်း ပြည်သူလူထုအသည်းစွဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူရုပ်တုကို ထုလုပ်ပြီး ဈေးကွက်တင်ရောင်းဖို့ ကြိုးစားလာကြသတဲ့။ အိန္ဒိယက ပန်းပုဆရာကို အားကိုးမိလို့ ကုလားပုံပေါက်သွားတာမျိုးတွေ လည်း ဖြစ်ကုန်သတဲ့။ စီးပွားရေးသမားတွေဟာ ပန်းချီဆရာကြီး ဦးဘကြည်ဆီကိုတောင်   ချဉ်းကပ်ခဲ့ကြပေမယ့် ဆရာကြီးက ဗိုလ်ချုပ်ကို စီးပွားရေးအရ အသုံးမချချင်လို့လုပ်မပေးခဲ့ဘူးဆိုတာသိရတော့  ဆရာကြီးကို လေးစားမိတယ်။ဆရာဦးဘကြည် နိုင်ငံခြားပညာတော်သင် ထွက်သွားတဲ့တိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထုလုပ်တဲ့အရှိန်က သေမသွားဘဲ ပန်းပုဆရာကြီး ဦးဟန်တင်၊  ဦးစံဖေနဲ့ ဦးလွင် (အိုးဝေပန်းချီ) တို့က ရွှံ့၊ ဖယောင်း၊ ပလာစတာတွေနဲ့ဆက်ပြီး ပုံဖော်ကြိုးပမ်းခဲ့ကြတယ်လို့ ဆိုတယ်။  ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ပြည်သူလူထုကလည်း စိတ်ဝင်စားလာ၊ အနုပညာရှင်တွေ၊ ပန်းချီပန်းပုပညာရှင်၊ဝါသနာရှင်တွေကလည်း အားတက်သရော ဆောင်ရွက်လာကြတဲ့အချိန် အစိုးရကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံ ရုပ်တုထုလုပ်ဖို့ ဆောင်ရွက်ခဲ့သတဲ့။ဒါပေမဲ့ မြန်မာပန်းပုဆရာတွေကို မအပ်ဘဲ နိုင်ငံခြားသား ဗြိတိန်လူမျိုးပန်းပုဆရာ “ကော့ပနယ်” ကို အပ်ခဲ့တယ်။ ရုပ်တုပြီးစီးသွားတဲ့အခါ ဗိုလ်ချုပ်ရဲ့မျက်နှာဟာ ချောမွေ့မှုမရှိဘဲ ဗြုတ်တွေထနေတဲ့အတွက် မြန်မာပန်းပုဆရာတွေကို အထင်သေးတဲ့ အစိုးရ၊ နိုင်ငံခြားသားကို အထင်ကြီးအစိုးရ စသဖြင့် ဗိုလ်ချုပ်ရုပ်တုပုံတွေနဲ့ ဝေဖန်သံတွေဟာ အဲ့ဒီခေတ်တုန်းက သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ကြသတဲ့။ အဲ့ဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဟာ အခုဗိုလ်ချုပ်အောင်ဆန်းပန်းခြံထဲက ရုပ်တုပါ။ ဒါဟာ ကျွန်တော် တို့ချစ်တဲ့၊ မြန်မာပြည်သူပြည်သားတွေချစ်တဲ့၊ကမ္ဘာကလေးစားရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးစကာလ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စတင်ဖြစ်ပေါ်လာခြင်းရဲ့သမိုင်းအစပါ။ ဆရာမောင်ကြော့ဝေရဲ့ဆောင်းပါးခေါင်းစဉ်နဲ့ ပြန်ပြောရရင်တော့  “ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအစ ပန်းချီဦးဘကြည်က”ပါ့။ ဆိုတော့---ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည်ပွဲတွေ နိုင်ငံတစ်ဝန်းမှာ ကျင်းပခဲ့ကြပါတယ်။ ရာပြည့်အထိမ်းအမှတ် ဗိုလ်ချုပ်ရုပ်တုတွေလည်း မြို့အတော်များများမှာ စိုက်ထူခဲ့ကြတယ်။ စိုက်ထူဖို့ ကြိုးစားနေကြဆဲလည်း ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကို ကျင်းပတာ၊ ဗိုလ်ချုပ်ကြေးရုပ်တုတွေ စိုက်ထူခဲ့ကြတာတွေဟာ ကျွန်တော်တို့ ပြည်သူ ပြည်သားတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးတဲ့ စိတ်သာမက အရေးကြုံရင် သက်လုံကောင်းပြီးသားဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်၊ နိုင်ငံရေးအသိတရားတို့ ရင်ဝယ်ရှိပြီးသားဆိုတာ လက်တွေ့ပြသလိုက်တာပါပဲ။မကြာခင် ကျွန်တော်တို့ဆီမှာလည်း ပုဂံမြို့ရဲ့ တစ်နေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတစ်ခု၊ ညောင်ဦးမြို့ရဲ့ တစ်နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတစ်ခု ရောက်ရှိလာတော့မှာပါ။ ဒါဟာလည်း ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်ပွဲရဲ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တဲ့စိတ်နဲ့ဆောင်ရွက်ခဲ့ကြတာဖြစ်သလို ပုဂံ ညောင်ဦးသူ၊ ပုဂံညောင်ဦးသားတွေဟာလည်း အမျိုးသားရေးစိတ်ဓာတ်နဲ့အတူ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိတရားတွေ အမြဲလက်ကိုင်ထားနေပါတယ်ဆိုတာ လက်တွေ့ ပြသဖို့အတွက်ပါပဲ။တကယ်တော့ ဒီနေရာမှာ ဆောင်းပါးအဆုံးသတ်ဖို့ပါပဲ။ ဒါပေမဲ့...မကြာသော အချိန်ကာလမှာ ပုဂံညောင်ဦးမြို့ကို ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ရောက်ရှိလာပါတော့မယ်။ထို့အတူ မကြာသော အချိန်ကာလမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ဒါကြောင့် ဒီနေရာမှာ အလွန်မှတ်သားဖွယ်ကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်လေးနဲ့ အဆုံးသတ်ချင်ပါတယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက်၊ ရန်ကုန်မြို့ ၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗမာ့လူငယ်အစည်းအရုံးဖွင့်ပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲကပါ။“ကျားနဲ့ ရင်ဆိုင်တွေ့ရတဲ့ အချိန်အခါမျိုးမှာ တစ်ဦးကို တစ်ဦး စိတ်ကောက်နေလို့ မဖြစ်သလို ဗမာသေရေးရှင်ရေးကြီးနဲ့ ရင်ဆိုင်တွေ့နေရတဲ့အခါမှာလည်း မကျေမနပ်မှု အသေးအဖွဲကလေးတွေကို ယိုးမယ်ဖွဲ့မနေကြပါနဲ့။ ယခု အရေးဟာ တစ်ချက်မှားမခံတဲ့ အရေးကြီးဖြစ်လို့ လူထုကြီးတစ်ရပ်လုံး မိမိတို့မျိုးချစ်စိတ်ဓာတ်ကို အခြားအချိန်မှာထက် ဤအချိန်မှာ ထူးထူးကဲကဲပြသဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်”ဗိုလ်ချုပ်စကား ဆပွားနာယူနိုင်ကြပါစေ။

Most Read

Most Recent