ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၁၂၅၅ ကျပ်ဖြင့် ဈေးဖွင့်ချိန် ဗဟိုဘဏ်က ရည်ညွှန်းဈေး တစ်ဒေါ်လာ ၁၂၀၅ ကျပ် တိုးမြှင့်သတ်မှတ်သဖြင့် ဗဟိုဘဏ်၏ ကိုင်တွယ်မှုအပေါ် စီးပွားရေးလောကအတွင်း စိုးရိမ်မှုရှိလာ

ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၁၂၅၅ ကျပ်ဖြင့် ဈေးဖွင့်ချိန် ဗဟိုဘဏ်က ရည်ညွှန်းဈေး တစ်ဒေါ်လာ ၁၂၀၅ ကျပ် တိုးမြှင့်သတ်မှတ်သဖြင့် ဗဟိုဘဏ်၏ ကိုင်တွယ်မှုအပေါ် စီးပွားရေးလောကအတွင်း စိုးရိမ်မှုရှိလာ
Published 14 July 2015

ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၅၅ ကျပ်ဖြင့် ဈေးဖွင့်ချိန်တွင် ဗဟိုဘဏ်က ၎င်းတို့၏ ရည်ညွှန်းဈေးကို တစ်ဒေါ်လာလျှင် ၁၂၀၅ ကျပ်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့သဖြင့် ဗဟိုဘဏ်၏ ကိုင်တွယ်မှုအပေါ် စီးပွားရေးလောကအတွင်း စိုးရိမ်မှုများရှိလာကြောင်း သိရသည်။ 
 
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က အမေရိကန် တစ်ဒေါ်လာတန်ဖိုးကို ကျပ် ၁၂၀၀ အထိ ဗဟိုဘဏ်က တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် ဇူလိုင် ၁၄ ရက် (ယနေ့) ၎င်းတို့၏ ရည်ညွှန်းဈေးကို ၁၂၀၅ ကျပ်သို့ ထပ်မံတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
 
ဗဟိုဘဏ်သည် ဇူလိုင် ၃ ရက်က အမေရိကန် တစ်ဒေါ်လာတန်ဖိုးကို ၁၁၂၅ ကျပ် အထိ ရည်ညွှန်းသတ်မှတ်ခဲ့ရာမှ ဇူလိုင် ၁၃ ရက်တွင် ကျပ် ၁၂၀၀ သို့ ၇၅ ကျပ် ခုန်တက် တိုးမြှင့်လိုက်ပြီး ဇူလိုင် ၁၄ ရက်တွင် ၅ ကျပ် ထပ်မံတိုးမြှင့်ခြင်း ဖြစ်ပါသည်။ ဗဟိုဘဏ်ရည်ညွှန်းဈေး ကျပ် ၁၂၀၀ သတ်မှတ်ချိန်တွင် ပြင်ပဈေးကွက်၌ ကျပ် ၁၂၄၀ အထိ ရောက်ရှိ ပြီး ဇူလိုင် ၁၄ ရက်တွင် ၁၂၅၅ ကျပ်ဖြင့် ဈေးကွက်စဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၁၂၃၀  ဖြင့် ဈေးကွက်ပိတ်ခဲ့ပါသည်။ 
 
အမေရိကန်ဒေါ်လာဈေးနှုန်း တိုးမြှင့်သတ်မှတ်ခြင်းမှာ ဗဟိုဘဏ်၏ ရည်ညွှန်းဈေး နှင့် ပြင်ပဈေးကွက် ပေါက်ဈေး နှစ်ခုကွာဟနေခြင်းကို ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိကဘဏ်များက အကြံပေးသောကြောင့်ဖြစ်သည်ဟု သိရသည်။ သို့သော် အခြားဆက်စပ်မှုများစွာ ရှိနေကြောင်း စီးပွားရေးလောကအတွင်း သုံးသပ်မှုများ ရှိပါသည်။ 
 
ကုန်ခဲ့သည့် ရက်သတ္တပတ်တွင် အမေရိကန် ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၁၁၇၀၊ ၁၁၈၀ ခန့်၌ တည်ငြိမ်နေရာမှ တရုတ်နိုင်ငံ၏ စတော့ရှယ်ယာဈေးကွက် ယိမ်းယိုင်မှုကြောင့် ကျပ် ၁၂၂၀ အထိ ပထမဆုံး ခုန်တက်ခဲ့သည်။ ထိုအချိန်တွင် တရုတ်အစိုးရ၏ ဝင်ရောက်ကိုင်တွယ်မှုဖြင့် တရုတ်ရှယ်ယာဈေးနှုန်းများ တည်ငြိမ်လာချိန်၌ ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်များတွင် အမေရိကန်ဒေါ်လာဈေး အေးလာခဲ့သည်။ 
 
သို့သော် ဇူလိုင် ၁၃ ရက်တွင် ဗဟိုဘဏ်က ၎င်းတို့၏ ရည်ညွှန်းဈေးကို တစ်ဒေါ်လာ ကျပ် ၁၂၀၀ သတ်မှတ်လိုက်သဖြင့် အဆိုပါနေ့ အစောပိုင်းတွင် ပြင်ပဈေးကွက်၌ ၁၂၀၄ ကျပ်ဖြင့် ၁၂၁၀ ကျပ်အောက် ဈေးဖွင့်ခဲ့ရာမှ ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် ကျပ် ၁၂၂၀ မှ ၁၂၄၀ အထိ ရောက်ရှိသွားသည်။ 
 
ထိုဖြစ်စဉ်က အမေရိကန်ဒေါ်လာဈေးကို ဗဟိုဘဏ်က မည်သည့်တွက်ချက်မှုများဖြင့် ရည်ညွှန်းသတ်မှတ်သည်ဆိုခြင်းထက် နောက်ကွယ်မှ ကိစ္စရပ်များအပေါ် မေးခွန်းထုတ်စရာများ ရှိလာသည်။ 
 
အထူးသဖြင့် ဗဟိုဘဏ်ရည်ညွှန်းဈေး သတ်မှတ်မှုတွင် ပုဂ္ဂလိကဘဏ်များ၏ အကြံပြုချက်များ ပါဝင်နေပြီး မြန်မာနိုင်ငံတွင်ရှိသော ပုဂ္ဂလိကဘဏ်ကြီးအချို့သည် ဒေါ်လာကစားမှုနှင့် မြေကစားမှုများတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသည်ဆိုသော စွပ်စွဲဝေဖန်မှုများ ရှိနေသည်။
 
ထိုသို့ ဝေဖန်မှုများရှိနေချိန်တွင် ရန်ကုန်မြို့၏ မြေယာဈေးကွက်၊ အိမ်ခြံမြေဈေးကွက်နှင့် ငွေကြေးဖောင်းပွမှုကို ကြီးမားစွာ ဖြစ်စေနိုင်သော ယခင်က ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်လုပ်ကိုင်မည်ဟု အစိုးရက ကြေညာလိုက်ပြီး တင်ဒါခေါ်ယူမှုများလည်း ပြုလုပ်ခဲ့သည်။ ထိုကြေညာမှုသည် ပြိုကျနေသော အိမ်ခြံမြေဈေးကွက်ကို ပြန်လည်မြှင့်တင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဆိုသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အတူ ကြေညာချက် ထွက်ပေါ်ပြီးနောက်ပိုင်းတွင်လည်း ရန်ကုန်ဆင်ခြေဖုံးနှင့် ဆက်စပ်ပြီး အရောင်းအဝယ်အေးနေသည့် အိမ်ခြံမြေဈေးကွက် ပြန်လှုပ်ခတ်လာပြီး ဒေါ်လာဈေး မြင့်တက်မှုလည်း ဆက်တိုက်ဖြစ်လာခဲ့သည်။ 
 
အခြားတစ်ဖက်တွင်လည်း အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်မှုအားလုံးသည် ဗဟိုဘဏ်၏ ကိုင်တွယ်ပုံ ညံ့ဖျင်းမှုကြောင့် ပေါ်ပေါက်ခြင်းဖြစ်သည်ဆိုသော အချက်နှင့် ဗဟိုဘဏ်သည် လွတ်လပ်မှုမရှိဘဲ သမ္မတရုံး နှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် တို့အကြား ချိတ်ဆက်လုပ်ကိုင်မှုဖြင့်သာ အပြောင်းအလဲများ ဖော်ဆောင်နေသည်ဟု စီးပွားရေးလောကအတွင်း ဝေဖန်မှုများ ရှိပါသည်။ ထို့အတူ နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတွင် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်  Diamond Star  ဦးကိုကိုကြီးတို့ ပါဝင်နေပါသည်။
 
“ဗဟိုဘဏ်ရဲ့ အဓိက ပြဿနာက Book Smart တွေပဲ များပြီး Street Smart မရှိဘူး။ လက်တွေ့ အကောင်အထည် မပေါ်နိုင်ဘူး။ ပြီးတော့ ဒီပုဂ္ဂလိကဘဏ်တွေဟာ ပြင်ပမှာလည်း ငွေကြေးနဲ့ မြေယာပိုင်ဆိုင်မှုတွေ အများအပြားရှိတယ်။ မြေယာတွေ သိမ်းထားတာတွေ၊ အိမ်ခြံမြေဈေးကွက်မှာ အကြီးအကျယ် ဝင်ကစားတာတွေ၊ ဒီနှစ်ခုကြောင့်မလို့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေဖြစ်ပြီးတိုင်း သူ ပြည်သားတွေက အကျပ်အတည်းတွေနဲ့ အများကြီး ရင်ဆိုင်ရတယ်” ဟု ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ 
 
“တကယ်ကျတော့ ဒါတွေဟာ တိုက်ဆိုင်မှုလို့ ပြောလို့မရတဲ့ အခြေအနေမျိုးတွေမှာ ရှိပါတယ်။ စီးပွားရေးအကျပ်အတည်းတွေက ထင်တာထက် ပိုဆိုးနေတယ်။ ဗဟိုဘဏ်ရဲ့ မနေ့က ၁၂၀၀ မြှင့်တင်လိုက်ခြင်းဟာ ဗဟိုဘဏ်မှာ နိုင်ငံခြားအရန်ငွေ ဘယ်လောက်ရှိသလဲ။ အရန်ငွေအများကြီး မရှိဘဲနဲ့ ရုတ်တရက်ကြီး တခြားဟာတွေမချိန်ဘဲနဲ့ ဘာလို့ မြှင့်တင်ရတာလဲ။ ဒီအတိုင်းဆိုရင် အမေရိကန်ဒေါ်လာဈေးက ဟိုတစ်ခါ ဖြစ်ခဲ့သလို ကျပ် ၁၃၀၀ အထိ တက်တဲ့ စံနှုန်းအတိုင်း ဖြစ်သွားနိုင်တယ်။ ဒီလိုဖြစ်လာရင် ဒါဟာ ဗဟိုဘဏ် ရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းလို့ပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 
 

 
ရန်ကုန်မြို့တွင် တရားဝင်ဖွင့်လှစ်ထားသော ငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
 
လက်ရှိအချိန်တွင် အမေရိကန် ဒေါ်လာဈေးနှင့် ပတ်သက်ပြီး ဗဟိုဘဏ်၏ ကိုင် တွယ်မှုအပေါ် စီးပွားရေးလောကအတွင်း စိုးရိမ်မှုများ ရှိနေသည်။ အထူးသဖြင့် ပုဂ္ဂလိက ဘဏ်ကြီးအချို့၏ ကစားမှု၊ ဗဟိုဘဏ်၏ မလွတ်လပ်မှု၊ အစိုးရ၏ လတ်တလော ကိုင်တွယ်ပုံများက မြန်မာ့စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်လာနိုင်ကြောင်း စိုးရိမ်နေ ကြခြင်း ဖြစ်သည်။ 
 
“လူထုက အကြောက်တရားကြီးမယ်ဆိုရင် မြန်မာ့စီးပွားရေး ပြိုပျက်သွားနိုင်တယ်။ လူလတ်တန်းစားတွေရဲ့ ငွေတွေဟာ အိမ်ခြံမြေတွေ၊ မြို့သစ်က အိမ်တွေမှာ ထပ်ပြီးတော့ ဆုံးရှုံးသွားလိမ့်မယ်။ အစိုးရကိုလည်း မေးခွန်းထုတ်ရမယ်။ ဗဟိုဘဏ်မှာ နိုင်ငံခြားအရန်ငွေ အရမ်းနည်းနေတယ်။ ဒီအချိန်မှာ အိမ်ရာစီမံကိန်း တင်ဒါတွေကို ဘာကြောင့် အရေးတကြီး ခေါ်တာလဲ။ ကျပ် ၁၀၀၀၀ တန် ငွေစက္ကူသစ်တွေကိုလည်း ဘာကြောင့် ထပ်ထုတ်တာလဲ။  ဘတ်ဂျက်လိုငွေ များနေတယ်။ အစိုးရအသုံးစရိတ်လည်းများနေတယ်။ တိုင်းပြည်စီးပွားရေးမှာ ဒီလို ငွေကြေးဖောင်းပွမှုများနေတဲ့ အချိန်၊ မြန်မငွေတန်ဖိုး ဒလဟော ကျနေတဲ့ အချိန်မှာ ဒီဟာတွေကို ဘာလို့လုပ်တာလဲ”ဟု မြန်မာ့စီးပွားရေးနှင့် အစိုးရ၏ စီမံခန့်ခွဲမှုများကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။ 
 
“ဗဟိုဘဏ်ကလည်း ကိုယ့်ရဲ့ ငွေကြေးတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ ပြင်ပ ပတ်ဝန်းကျင် စီးပွားရေး၊ အရန်ငွေကြေး၊ ဘတ်ဂျက်လိုငွေ၊ အစိုးရလိုငွေ အားလုံးကို ခြုံပြီးမှ ဒေါ်လာဈေး သတ်မှတ်ရမယ်ဟာကို  ဒါတွေမကြည့်ဘဲ လုပ်သလိုဖြစ်နေတယ်” ဟု ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူက ပြောကြားသည်။ 
 
“နဂိုကတည်းက Float လုပ်ချင်တယ် ဆိုရင်လည်း အစောကြီးကတည်းက လုပ်လိုက်။ ဒီနေ့ ၁၂၅၅ ကျပ်  ပေါက်တယ်။ ဒီနေ့ ၁၂၅၅ ကျပ် ကြေညာလိုက်။ ဗဟိုဘဏ်လည်း လိုက်တက်။ အပြင်မှာ ကျပ် ၁၃၀၀ ပေါက်ရင် ၁၃၀၀ လိုက်တက်။ ထိန်းမနေနဲ့။ အဲဒါဆိုရင် ကျပ် ၁၅၀၀၊ ၂၀၀၀ ဖြစ်သွားမယ်။ အဲလို ဖြစ်သွားရင် မြန်မာ့စီးပွားရေးလည်း ပြိုပျက်သွားလိမ့်မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 
 
ဗဟိုဘဏ်အနေဖြင့် ငွေလဲနှုန်း နှုန်းရှင် ဖြစ်ရေးကို ၂၀၁၂ ဧပြီကတည်းက စတင်သတ်မှတ်ခဲ့သော်လည်း ဗဟိုဘဏ်ရည်ညွှန်းဈေးနှင့် ပြင်ပဈေးကွက် ပေါက်ဈေး ကွာဟချက် ပုံမှန်ရှိနေပြီး ပြီးခဲ့သည့် ဧပြီလအတွင်း စတင်ကာ ကွာဟချက် ပိုမိုကြီးမားလာသည်။ ထိုသို့ ကွာဟချက် ကြီးမားလာခြင်းကို  ဗဟိုဘဏ်က ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပြင်ပဈေးကွက်နှင့် လိုက်ညှိခြင်းအားဖြင့် ယခုကဲ့သို့ ငွေကြေးဈေးကွက် မတည်ငြိမ်မှုများ ဆက်တိုက်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။ 
 
လတ်တလောတွင် အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်ပြီး မြန်မာငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဖြစ်သော ပို့ကုန်လိုငွေမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်း၊ အိမ်ခြံမြေဈေးကွက် ငွေကြေးဖောင်းပွမှု ထပ်ဖြစ်လာခြင်း၊ အစိုးရ၏ အသုံးစရိတ် မြင့်မားပြီး ဘတ်ဂျက်လိုငွေပြနေခြင်း အစရှိသည်များက မြန်မာ့စီးပွားရေးကို ရိုက်ခတ်နေဦးမည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်သည်။ 

Most Read

Most Recent