တစ်နေ့မှာ ... ကျောင်းသားနဲ့ လူထုပဲ နိုင်လိမ့်မယ်

တစ်နေ့မှာ ... ကျောင်းသားနဲ့ လူထုပဲ နိုင်လိမ့်မယ်
Published 13 July 2015
ကျော်ဇောလင်း

“သမဂ္ဂအဆောက်အအုံကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး” ဆိုတဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ စကားက ဘယ်တော့မှ မမှားနိုင်တဲ့ စကားတစ်ခွန်း ဖြစ်ခဲ့ပါတယ်။
အဲဒီလိုပဲ ဘယ်လိုစစ်အာဏာရှင်မျိုးမှ သက်ဆိုးမရှည်နိုင်ကြဘူး၊ အာဏာရှင်စနစ်ဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပြည်သူတို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်နဲ့အတူ တိမ်မြုပ်ပျောက်ကွယ် ကြရမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။
ကျောင်းသားတွေနဲ့ စစ်အာဏာရှင်ကြားက ပဋိပက္ခသမိုင်းအစလို့ ဆိုရမယ့် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ဇူလိုင် ၇ ရက်က ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ ကျင်းပခဲ့တဲ့ သတင်းကို အခုတစ်ပတ် သတင်းသုံးသပ်ချက် ကဏ္ဍမှာ ပြန်လည်ဖော်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကဏ္ဍမှာ အသက် ၈၇ နှစ်အရွယ် အဘွားအိုတစ်ဦးကို နေပြည်တော် စည်ပင်တရားရုံးက ကျူးကျော်နေထိုင်သူအဖြစ် ထပ်မံတရားစွဲတဲ့ သတင်းကိုလည်း သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။
 
မေ့မရတဲ့ 7 July
စစ်အာဏာရှင်တွေရဲ့ ကျောင်းသားနဲ့ လူထုအပေါ် စက်ဆုပ်ဖွယ် ဖိနှိပ်သတ်ဖြတ် ညှဉ်းပန်းမှုတွေကို ဘာဖြစ်လို့ မမေ့သင့်တာလဲ။ သမိုင်းမှာ သွေးစွန်းခဲ့တဲ့ ဖြစ်ရပ်တွေ၊ ပဋိပက္ခတွေကို လူထုက ဘာလို့သတိတရ ရှိနေကြရတာလဲ။ အဖြေကတော့ ရှင်းပါတယ်။
ကျောင်းသားနဲ့ ပြည်သူလူထု တစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ်ရယ်၊ အာဏာရှင်စနစ်ကို အသက်သွင်းချင်သူတွေနဲ့ သူတို့ရဲ့ ရွံ့ရှာဖွယ် လုပ်ရပ်တွေကို ဘယ်တုန်းကမှ မထောက်ခံခဲ့ဘူး။ ဘယ်သူမှ မလိုလားခဲ့ဘူး။ အရင်တုန်းကလည်း သွေးတွေနဲ့ရင်းပြီး ဆန့်ကျင်ခဲ့တယ်။ အခုချိန်ထိလည်း ဆန့်ကျင်နေတုန်းပဲ။ နောင်လည်း ဆန့်ကျင်သွားကြမယ် ဆိုတဲ့အချက်ကို ပြသလိုတာကြောင့် ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီက အာဏာသိမ်းလိုက်တယ်။ အဲဒီနောက် တက္ကသိုလ်ကျောင်းသားတွေ ကြေညာချက် အသီးသီးထုတ်ပြီး ကန့်ကွက်ခဲ့ကြတယ်။ မေ ၉ ရက်မှာ ဆန္ဒပြမှုကြောင့် ကျောင်းသားအချို့ကို ဖမ်းခဲ့တယ်။ မေ ၁၀ ရက်မှာ ဗိုလ်ချုပ်နေဝင်းက တက္ကသိုလ်ကောင်စီဝင်တွေကို ခေါ်ပြီး “ဆရာတွေ အကျင့်ပျက်တယ်၊ ကျောင်းသားတွေကြားထဲ နိုင်ငံရေးပယောဂ ဝင်လာနေပြီ” လို့ စွပ်စွဲပြီး တက္ကသိုလ်အမှုဆောင် ကောင်စီကို ဖျက်သိမ်းလိုက်ပါတယ်။ တော်လှန်ရေးကောင်စီက တက္ကသိုလ်အဆောင် စည်းကမ်းတွေအထိပါ အမိန့်ပေးမှုတွေ လုပ်လာခဲ့ပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင် ၃ ရက်မှာ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထု အစည်းအဝေးလုပ်ကာ ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းပေးရေး၊ မတရား အဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဇူလိုင်လဆန်းမှာ ကျောင်းသားထု လှုပ်ရှားမှု အရှိန်ပြင်းထန်လာပြီး ဇူလိုင် ၇ ရက်မှာ ကျောင်းသားသမိုင်းအတွက် အရေးပါတဲ့ နေ့တစ်နေ့ ဖြစ်လာခဲ့ရပါတယ်။ အဲဒီနေ့မှာ သမဂ္ဂရှေ့မှ စတင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ကျောင်းသားတွေ လှည့်လည်ဆန္ဒ ပြခဲ့ကြတယ်။ ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ကြတယ်။ အဲဒီလို လူစုခွဲပြီးနောက်မှာ ကျောင်းထဲကို ရဲကားတွေဝင်လာပြီး ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ကြတယ်။ လုံထိန်းတပ်ဖွဲ့တွေဟာ တက္ကသိုလ်ဝင်းအတွင်း စီးနင်းဝင်ရောက်ခဲ့လို့ ကျောင်းသားတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ညနေပိုင်းမှာတော့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ စစ်သားတွေကို တပ်ဖြန့်ထားလိုက်ပြီး တက္ကသိုလ်ဝင်း တစ်ခုလုံးကိုလည်း ပိတ်ဆို့လိုက်ပါတယ်။ တစ်ပြိုင်နက်တည်း အဓိပတိလမ်း တစ်လျှောက်မှာရှိတဲ့ ကျောင်းသားတွေရော၊ အဆောင်တွေမှာရှိတဲ့ ကျောင်းသားတွေကိုပါ စစ်တပ်က ပစ်ခတ်မှုတွေ တရစပ် လုပ်ကြပါတော့တယ်။ ကျောင်းဆောင်တွေကို တစ်ခန်းဝင် တစ်ခန်းထွက် ဝင်ရောက်ရှင်းလင်းတယ်။ သေနတ်ထိမှန်လို့ သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေရဲ့ စာရင်းကို အစိုးရက အတိအကျ မထုတ်ပြန်ခဲ့ဘူး။
အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံးကတော့ ဇူလိုင် ၈ ရက် နံနက် ၃ နာရီခွဲခန့်မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီး ပစ်လိုက်ပါ တယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှု၊ ဒါတွေဟာ အာဏာရှင်စနစ်ကို အသက်သွင်းလိုသူတွေရဲ့ ကောက်ကျစ်မှု၊ ဒါဟာပြည်သူ တစ်ရပ်လုံး ဆင်းရဲတွင်းနက်စေမယ့် ကံကြမ္မာဆိုးကြီး တစ်ခုကို သူတို့ဖန်တီး လိုက်ကြတာပါပဲ။
အဆောက်အအုံကို ဖြိုလို့ရမယ်။ သူတို့အာဏာ တည်မြဲရေးအတွက် ဆန့်ကျင်သူတွေရဲ့ ဇီဝိန်ကို ခြွေပစ်လို့ရမယ်။ ဒါပေမဲ့ သူတို့ လူထုရဲ့ ထောက်ခံမှုကို ဘယ်တော့မှ မရကြဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကို လူထုက ဘယ်လိုမှ မေ့နိုင်ကြမှာ မဟုတ်ပါဘူး။
အကြောက်တရားနဲ့ လူထုရဲ့ ယုံကြည်ကိုးစားမှုကို ဘယ်တော့မှ ရနိုင်စရာမရှိဘူး။ ဒါတွေကို သမိုင်းက အတိအလင်း သက်သေပြခဲ့ကြပြီး ဖြစ်ပါတယ်။
ဒါတွေအတွက် ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာ ကျောင်းသားတွေ ဦးဆောင်ပြီး ၅၃ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါတွေဟာ လူထုရဲ့ အထိမ်းအမှတ်နေ့၊ အာဏာရှင်တွေနဲ့ ပတ်သက်လာရင် လူထုရဲ့ အောင်ပွဲနေ့တွေလို့ပဲ ပြောရပါလိမ့်မယ်။
 
၈၇ နှစ်အရွယ် အဘွားအိုရဲ့ဒုက္ခ
မြန်မာနိုင်ငံမှာ ၈၇ နှစ်အရွယ်ရှိတဲ့ အိုမင်းမစွမ်းအဘွားအို တစ်ဦးအတွက် သေရေးထက် နေရေးက ခက်နေတယ်လို့ ဆိုနိုင်ပါတယ်။ နေပြည်တော် သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာရှိနေတဲ့ နေရာဒေသမှာ အသက်အရွယ်ကြီးရင့် နေကြပြီဖြစ်တဲ့ အဘိုးအဘွားတွေဟာ ကျူးကျော်အဖြစ် သတ်မှတ်ခံရပြီး စည်ပင်ဥပဒေပုဒ်မ ၂၆ နဲ့ တရားစွဲဆို အရေးယူခံရနိုင်တဲ့ အခြေအနေတွေကို ကြားသိရတာ စိတ်မသက်သာ စရာပါ။
နေပြည်တော် အနီးတစ်ဝိုက်မှာ နေ,နေရပေမယ့် သူတို့ရဲ့ နေဝင်ချိန်ဟာ ထိတ်လန့်ချောက်ချားစရာ ဖြစ်နေစေတာ အမှန်ပါပဲ။ နှစ်ပေါင်း ကြာမြင့်စွာ နေထိုင်လာကြပေမယ့် ကိုယ့်အိုး ကိုယ့်အိမ်မှာနေပြီး ကျူးကျော်တံဆိပ် အကပ်ခံရ တရားစွဲခံနေရတယ်လို့ ရင်ထုမနာ ညည်းတွားနေရတဲ့အဖြစ်က စိတ်မကောင်းစရာပါ။ သူတို့တွေတော့ တော်တော်နေနိုင် ကြပါတယ်။ ၈၇ နှစ်အရွယ် အဘွားအို ဒေါ်သန်းကြည် ဘယ်လိုအရေးယူ ခံရနိုင်လဲဆိုတာ မသိရသေးပါဘူး။ သူဖယ်ပေးရမယ့် နေရာအတွက်မိသားစု နေလောက်တဲ့ အိမ်ဝိုင်းရယ်၊ လျော်ကြေးရယ်ပဲ သူကပြန်တောင်းဆိုတာပါ။ ဒါပေမဲ့ အခုသူရနေတာကတော့ တရားရုံး ရုံးချိန်းတွေ ဖြစ်နေပါတယ်။

Most Read

Most Recent