ခြိုးခြံချွေတာရေးနှင့် ဆက်စပ်အတွေးများ

ခြိုးခြံချွေတာရေးနှင့် ဆက်စပ်အတွေးများ
Published 11 July 2015
သန်းထိုက် (သာကေတ)

အရေးပေါ်ကယ်ဆယ်ရေး ချေးငွေရရှိ ဖို့ ခြိုးခြံချွေတာရေးအစီအစဉ်များ ဆောင်ရွက်ရမယ့် မြီရှင်တွေရဲ့ အကြုံပြုချက်အတွက် ဂရိနိုင်ငံမှာ ဆန္ဒခံယူပွဲပြုလုပ်တဲ့အခါ ကန့်ကွက်မဲပေးကြဖို့ ဂရိဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲကနိုင်ခဲ့ရင် ဂရိနိုင်ငံဟာ ယူရိုဇုန်က ထွက်ခွာရနိုင်တယ်လို့ ဥရောပသမဂ္ဂခေါင်းဆောင်တွေက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂရိဝန်ကြီးချုပ်က လက်မခံပါဘူး။ ဘာကြောင့်လဲဆိုရင် ဥရောပမှာ ဂရိတွေ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့အတွက်လို့ ဆိုပါတယ်။
 
ဂရိဆိုတဲ့ လူမျိုးနဲ့နိုင်ငံဟာ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့သူတွေဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အတွေးအခေါ်ပညာရေးတွေမှာ အစဉ်အလာကြီးမားခဲ့သူများ ဖြစ်တယ်။ မိမိနိုင်ငံတွင်းမှာသာမက နိုင်ငံ့အပြင်ဘက် ကမ္ဘာ့အနှံ့အပြားမှာ နာမည်တစ်လုံးနဲ့ နေခဲ့သူတွေဖြစ်ပါတယ်။ ကမ္ဘာ့ဒဿနပညာရှင်များစွာမှာ ဂရိလူမျိုးတွေ ပါခဲ့ပါတယ်။ ကမ္ဘာက အလေးထားစံပြုလောက်တဲ့ အရည်အချင်းနဲ့ အစဉ်အလာကောင်းတွေရှိခဲ့တဲ့ နိုင်ငံနဲ့လူမျိုးတွေဖြစ်ပါလျက် ကြွေးတင်နွံနစ် ဖြစ်ရတာဟာ အံ့သြစရာတစ်ခုပဲဖြစ်ပါတယ်။ ခြိုးခြံချွေတာရေးလုပ်ဖို့ ပြောဆိုတိုက်တွန်းရလောက်အောင်ပဲ ဂရိလူမျိုးတွေ အသုံးအဖြုန်းကြီးခဲ့ကြလို့လားဟု တွေးမိပါသည်။
 
ဂရိနိုင်ငံ ဘာကြောင့် ဆင်းရဲဒုက္ခရောက်ရတယ်၊ ဘာကြောင့် ခြိုးခြံချွေတာရေး လုပ်သင့်တယ်ဆိုတာ သေချာမသိပေမယ့် သူတို့ထက်ဆိုးသော ကိုယ့်နိုင်ငံအကြောင်းကို တွေးမိပါတယ်။ ဂရိလူမျိုးတွေ ဆင်းရဲမွဲတေတယ်ဆိုတာ မြန်မာတွေ ဆင်းရဲမွဲတေတာကို မီမယ်မထင်ပါဘူး။ 
 
လူတစ်ယောက်ချမ်းသာဖို့၊ သူဌေးဖြစ်ဖို့ ချွေတာစုဆောင်းဖို့ ခြိုခြံတတ်ဖို့ လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မြန်မာတို့ အပြည့်မမှန်ပါဘူး။ မြန်မာတို့မှာ ခြိုးခြံချွေတာ လုပ်စရာမလိုဘဲ ချမ်းသာကြွယ်ဝနေသူတွေ များစွာရှိပါတယ်။ 
သုံးချင်သလိုသုံး ဖြုန်းချင်သလို ဖြုန်းနေပေမယ့် ချမ်းသာဆဲ ကြီးပွားဆဲတွေ များစွာတွေ့ရပါတယ်။ ဝင်ငွေထွက်ငွေ၊ ရငွေ သုံးငွေ မညီမျှ၊ စနစ်မကျရင်တော့ စုဆောင်းမိမှာ မဟုတ်ပါဘူး။ တစ်ဖက်ကနေ ပြန်တွက် ပြန်တော့ ဝင်ငွေ၊ ရငွေမှမရှိ၊ ရပေါက်ရလမ်းမှ မရှိရင်လည်း ခြိုးခြံချွေတာဖို့၊ စုဆောင်းဖို့ မဖြစ်နိုင်ပါဘူး။ ယနေ့မြန်မာလူမျိုး အများစုက ထိုကိန်းဆိုက်နေတယ်လို့မြင်မိပါတယ်။ 
 
ကျွန်တော်တို့ မြန်မာအများစုကတော့ စီးပွားလည်း ကောင်းကောင်းမရှာတတ်၊ မကျွမ်းကျင်၊ အကုသိုလ်ကိုလည်း ငဲ့ကွက် စဉ်းစားတတ်ကြလို့ရယ်၊ ကောင်းကောင်းစား ကောင်းကောင်းနေချင်သူတို့ များတာကြောင့် ဆင်းရဲမွဲတေသူများ ပါတယ်။ အထူးသဖြင့် မြန်မာတို့မှာ ကြွားချင် ဝါချင် မော်ချင်တတ်တဲ့ ဝါသနာထုံကြပါတယ်။ ကြွားဝါမော်ချင်တာက သုံးတတ်ရင်ကောင်းပါတယ်။ အတတ်ပညာ၊ ဗဟုသုတ၊ ဥစ္စဓနချမ်းသာရေးဘက်မှာ သူများလူမျိုးတွေထက် သာလွန်ပြီး လက်မထောင်နိုင်ဖို့ဆိုရင် ကောင်းပါတယ်။ အောင်မြင်ကြီးပွားချမ်းသာရေးအတွက် တွန်းအားတစ်ခုတော့ ဖြစ်စေပါတယ်။
 
ခြိုးခြံချွေတာခြင်းနှင့် ရအောင်ရှာဖွေခြင်း (ဝင်ငွေ၊ ထွက်ငွေ) နှစ်ခုကို ချိန်ထိုးကြည့်မိပါတယ်။ ခြိုးခြံချွေတာရေးက အရေးကြီးသလား၊ ရအောင်ရှာဖွေရေးက အရေးပါသလား။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို လေ့လာကြည့်မိပါတယ်။ သူတို့နှစ်နိုင်ငံစလုံးက လူဦးရေများတာခြင်း တူပါတယ်။ တရုတ်က ယခုအခါ ကမ္ဘာ့ ဒုတိယအချမ်းသာဆုံးနိုင်ငံ ဖြစ်နေတယ်။ ခြိုးခြံချွေတာရေးမှာ စံပြဖြစ်သော ဂန္ဒီရဲ့အိန္ဒိယနိုင်ငံက တရုတ်လောက် မချမ်းသာမတိုးတက်ပါ။ ဒါကြောင့် ချမ်းသာကြီးပွားရေးမှာ ခြိုးခြံချွေတာရေးထက် ရအောင်ရှာဖွေရေးက ပိုအရေးပါအရာရောက်တယ်လို့ မြင်မိပါတယ်။ သို့သော် တရုတ်တို့ မှာလည်း ခြိုးခြံချွေတာရေးတစ်မျိုးဖြစ်သော အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတွေ အဂတိလိုက်စားမှုကြောင့် နိုင်ငံဘဏ္ဍာ လေလွင့် ပြုန်းတီးခြင်းကို ကာကွယ်ရေးတွေကို လုပ်ဆောင်နေပါပြီ။
 
ကျွန်တော်တို့နိုင်ငံမှာလည်း ကြွေးတင်နေပြီး ဆင်းရဲမွဲတေနေပါတယ်။ နိုင်ငံရဲ့လူဦးရေ၊ ပထဝီအနေအထား၊ မြေပေါ်မြေအောက် သယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ်တွေအရ ဘယ်လိုတွက်တွက်၊ ဘယ်လိုတွေးတွေး ဆင်းရဲမွဲတေစရာ အခြေအနေမဟုတ်ပါဘူး။ ဒါကြောင့်လည်း စင်ကာပူခေါင်းဆောင်ဟောင်းက မြန်မာခေါင်းဆောင်ဟောင်းတွေ ကို ပြစ်တင်စကား ဆိုခဲ့တာပါ။ ဒါပေမဲ့ လက်တွေ့ မြန်မာတို့မှာ ကြွေးတင်၊ မွဲတေနေပါ တယ်။ မြန်မာတို့ဆင်းရဲမွဲတေတာ အသုံးအဖြန်းကြီးလို့လား၊ ခြိုးခြံချွေတာမလုပ်ကြလို့ လား၊ ချမ်းသာကြီးပွားအောင် မလုပ်တတ်လို့လား၊ မလုပ်ကြလို့လားဆိုရင် မလုပ်ကြလို့ပဲ ဆိုချင်ပါတယ်။ နိုင်ငံနဲ့ပြည်သူ ချမ်းသာဖို့ အဓိကတာဝန်ရှိသူတွေမှာ လုပ်ချင်စိတ်နဲ့ တကယ်မလုပ်ခဲ့လို့သာ ဖြစ်ပါတယ်။
 
နိုင်ငံတွင်းမှာ ချမ်းသာသူသူဌေးကြီးတွေရှိပါတယ်။ အနည်းစု ချမ်းသာနေတာဖြစ်ပြီး အများစုပြည်သူ ချမ်းသာလာတာမဟုတ်ပါဘူး။ နိုင်ငံတစ်စုချမ်းသာခြင်းကို တစ်ဦးချင်းဝင်ငွေနဲ့သာ တိုင်းတာသတ်မှတ်ပါတယ်။ တစ်ဦးချင်းခြိုးခြံချွေတာခြင်းနဲ့ မတိုင်းပါဘူး။ မြန်မာလူမျိုးများကို တစ်ချိန်က ထိုင်းလူမျိုးတွ လေးစားသမှုပြုကြပါတယ်။ ယခုအခါ မှာတော့ မြန်မာလူမျိုးများဟာ ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေရ၊ အခိုင်းခံနေရပါ တယ်။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် အလုပ်အကိုင်အခွင့်အလမ်းပေါတယ်။ တစ်ဦး ချင်းဝင်ငွေကောင်းတယ်။ မြန်မာထက် စီးပွားရေးမှာ သာလွန်ကောင်းမွန်တယ်။
 
ထိုင်းနိုင်ငံ ချမ်းသာတာ၊ မြန်မာထက် သာတာဟာ ခြိုးခြံချွေတာကြလို့လားဟု တွေးမိပါတယ်။ ဒါမှမဟုတ် ချမ်းသာအောင် လုပ်တတ်လို့လား၊ လုပ်ချင်စိတ်ရှိသူတွေကြောလား၊ နိုင်ငံနဲ့ ပြည်သူတွေအတွက် တကယ် စိတ်ကောင်းနဲ့ လက်တွေ့လုပ်ခဲ့ကြလို့လား သုံးသပ်မိပါတယ်။ မြန်မာနဲ့ထိုင်းနိုင်ငံလူမျိုး တို့ဟာ သိပ်ကွာခြားမှုရှိတာ မဟုတ်ပါဘူး။ မြန်မာကတောင် တချို့တွေမှာသာပါသေးတယ်။ သူတို့အသာရခဲ့တာက အုပ်ချုပ်သူ ခေါင်းဆောင်များအပိုင်းပဲ ဖြစ်ပါတယ်။ သူ တို့တွေမှာလည်း အုပ်ချုပ်သူခေါင်းဆောင် ပိုင်းမှာ ဘုရင်ရှိတာလွဲလို့ စစ်တပ်နဲ့ပတ်သက် ဆက်နွှယ်သူတွေသာ များပါတယ်။ မြန်မာတို့ လိုပါပဲ။ ထိုင်းနိုင်ငံခေါင်းဆောင်တွေက နိုင်ငံကို အုပ်ချုပ်တာ တစ်ပိုင်း၊ ချမ်းသာတိုးတက်အောင်က တစ်ကဏ္ဍစီထားပါတယ်။ နိုင်ငံချမ်းသာကြီးပွားဖို့ တကယ့်လက်တွေ့လုပ် ဆောင်ခဲ့ကြပါတယ်။ မြန်မာတွေဆင်းရဲမွဲတေတာ ခြိုးခြံချွေတာရေးမလုပ်ခဲ့လို့ မဟုတ်ပါဘူး။ ချမ်းသာကြီးပွားရေးကို မလုပ်ခဲ့လို့၊ ဝင်ငွေရငွေမကောင်းလို့၊ လေလွင့်မပြုန်းတီး လို့သာဖြစ်ပါတယ်။
 
ဗမာလို မဖြုန်းနဲ့ဆိုတာ အတိတ်မှာကျန်ခဲ့ပါပြီ။ ယနေ့မြန်မာတွေ ဖြုန်းနိုင်တာဆိုလို့ အချိန်ပဲရှိပါတယ်။ ဖြုန်းဖို့နေနေသာသာ စားဖို့တောင်အနိုင်နိုင်ဖြစ်ပါတယ်။ အရင်က ချမ်းသာကြီးပွားခဲ့ပြီး သုံးဖြုန်းပစ်ခဲ့လို့ ပြောရအောင်လည်း ကျွန်တော့်တစ်သက်တာ (မျိုးဆက်တစ်စု) မှာ ချမ်းသာခြင်းမတွေ့မကြုံ ခဲ့ဖူးပါ။ မွေးကတည်းက ခြိုးခြံချွေတာရောင့်ရဲတင်းတိမ်နေခဲ့ရတာ အခုထိပဲဖြစ်ပါတယ်။ စိတ်ပျက်ခြင်း၊ မကျေနပ်ခြင်း၊ အားမရခြင်း မယုံကြည်ခြင်း၊ လေလွင့်ခြင်းများသာ တိုးပွား ခဲ့ပါတယ်။ မသေရုံမဝတ၀ စားရတဲ့အဟာရ၊  အရှက်လုံရုံဝတ်ရတဲ့ အဝတ်၊ မလဲမပြိုရုံအပေါက်တွေနဲ့ အိမ်၊ ဒီနေ့စာဒီနေ့ရှာစားနေရတဲ့အခြေအနေတွေကနေ ခြိုးခြံချွေတာဖို့ ဆိုတာလည်း မရှိတော့ပါဘူး။ ထမင်းနှစ်နပ် စားတာတောင်မှ သူများနိုင်ငံတွေလို လူစဉ်မမီ၊ မထွားကြိုင်းနိုင်တာ တစ်နပ်လျှော့စား ခြိုးခြံချွေတာရရင်တော့ ပိုဆိုးဖို့သာရှိတော့မှာပါ။
 
ခြိုးခြံချွေတာခြင်းကို လုပ်ရမှာက ပြည်သူအများစုမဟုတ်ပါဘူး။ သူတို့တွေပါပဲ။ မြန်မာတို့ တိုးတက်ကြီးပွားချမ်းသာဖို့ ခြိုးခြံချွေတာခြင်းတွေ လုပ်ဖို့လိုပါတယ်။ ငြိမ်းချမ်း ရေး၊ ပြုပြင်ပြောင်းလဲရေးတည်ဆောက်ရေးတို့မှာ ရှည်လျားစွာ ကုန်ဆုံးနေသော တန်ဖိုး ရှိတဲ့အချိန်ကို နည်းအောင်ခြိုးခြံချွေတာရပါ မယ်။ ရာထူးအာဏာစည်းစိမ်ကို လွန်ကဲစွာ မှားယွင်းစာတပ်မက်စွဲလမ်းစိတ်များ လျော့ နည်းပပျောက်အောင် ခြိုးခြံချွေတာရပါမယ်။ အဂတိတရားနဲ့ ကြီးပွားချမ်းသာချင်စိတ် ကြိုး စားအားထုတ်တဲ့စိတ်များ ခြိုးခြံချွေတာရပါ မယ်။ သဘာဝသယံဇာတများကို တရားသောနည်း၊ မတရားသောနည်းများနဲ့ ချမ်းသာအောင်လုပ်ချင်စိတ်များ လုပ်ရပ်များကို ခြိုး ခြံချွေတာရပါမယ်။ မိမိသာ အနိုင်ရလိုစိတ်၊ အသာရလိုစိတ်နဲ့ မကောင်းတဲ့စိတ်များ ကြီးမားကျယ်ပြန့်ခြင်းမရှိအောင် ခြိုးခြံချွေတာ ရောင့်ရဲတင်းတိမ်ဖို့ လိုအပ်ပါတယ်။ ဒီခြိုးခြံချွေတာ ရောင့်ရဲမှုတွေကို မြန်မြန်လက်တွေ့လုပ်လေ မြန်မာတို့ မြန်မြန်ချမ်းသာလေဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Most Read

Most Recent