မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း ကုန်သွယ်ရေး အကျိုးခံစားခွင့်များ မပေးသင့်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်လ် ပြောကြား

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း ကုန်သွယ်ရေး အကျိုးခံစားခွင့်များ မပေးသင့်ကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်လ် ပြောကြား
Published 11 July 2015

မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး အကျိုးခံစားခွင့်များ မပေးသင့်ကြောင်းနှင့် အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အနေအထားများကို ဖော်ပြနေမည်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်  လူများစုခေါင်းဆောင်ဖြစ်သူ မစ်ချ်မက်ကော်နယ်လ်က ဇူလိုင် ၉ ရက်တွင် ပြောကြားခဲ့သည်ဟု AP သတင်းဌာနတွင် ဖော်ပြထားသည်။
 
လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်လ်က ယခင်အစိုးရလက်ထက် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် တပ်မတော်မှ ကန့်ကွက်ပိုင်ခွင့်ရှိနေခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ခဲ့ပြီး အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိခြင်းကိုလည်း ထောက်ပြသည်။
 
ကွန်ဂရက်လွှတ်တော်အတွင်း မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ဆက်ဆံရေးမူဝါဒ ချမှတ်ရာတွင် အဓိက ပြောဆိုလေ့ရှိသည့် မစ်ချ်မက်ကော်နယ်လ်က “မြန်မာအစိုးရခေါင်းဆောင်တွေဟာ ပြည်သူကို ပိုမိုကိုယ်စားပြုတဲ့ အစိုးရဖြစ်ဖို့ လုပ်ရပ်တွေကနေ တစ်လှမ်းပိုမို ဝေးကွာသွားပါပြီ”ဟု မှတ်ချက်ပေး ပြောကြားသည်။
 
ထို့ပြင် မစ်ချ်မက်ကော်နယ်လ်က လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မဲခွဲမှုရှုံးနိမ့်ခဲ့သည့်အတွက် “ရွေးကောက်ပွဲတွေ တရားမျှတပြီး လွတ်လပ်တယ်ဆိုရင်တောင် ပြည်သူ့ဆန္ဒကို တိုက်ရိုက်ကိုယ်စားမပြုနိုင်တဲ့ အန္တရာယ်ရှိနေပါသေးတယ်”ဟု ပြောကြားသည်။

Most Read

Most Recent