မြဝတီကုန်သွယ်ရေးလမ်းကြောင်းတွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ထိုင်းမှတစ်ဆင့်ဝင်ရောက်သည့် လူသုံးကုန်ပစ္စည်းများ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်

မြဝတီကုန်သွယ်ရေးလမ်းကြောင်းတွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ထိုင်းမှတစ်ဆင့်ဝင်ရောက်သည့် လူသုံးကုန်ပစ္စည်းများ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်
Published 10 July 2015
အေးမြတ်မွန်၊ သက်ထား

မြဝတီကုန်သွယ်ရေးလမ်းကြောင်းတွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ထိုင်းမှတစ်ဆင့်ဝင်ရောက်သည့် လူသုံးကုန်ပစ္စည်းများ ရာခိုင်နှုန်း ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်နေကြောင်း ထိုင်းလူသုံးကုန်ပစ္စည်း အရောင်းဈေးကွက်အတွင်းမှ သိရသည်။ထိုင်းမှဝင်ရောက်သည့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်အမျိုးမျိုး၊ အိတ်အမျိုးမျိုး၊ ဖိနပ်၊ အလှကုန်စသည့်ပစ္စည်းများမှာ ယခင်ဈေးထက် ရာခိုင်နှုန်း ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း သိရသည်။"ဖိနပ်တွေဆိုရင် အရန်လိုက်တစ်ရန် ကျပ် ၂၀၀ ဝန်းကျင်လောက်မြင့်တက်သွားတယ်။ အဝတ်အထည်တွေကတော့ အစည်းလိုက်ယူရတာဆိုတော့ တစ်စည်းကိုအရင်က တစ်သိန်းတစ်သောင်းလောက်ဝယ်ရရင် အခုက တစ်သိန်းသုံးသောင်းလောက်ပေးဝယ်နေရတော့ နှစ်သောင်းလောက်မြင့်သွားတယ်။ အဓိကသွားလာရေးအတွက်ကြောင့် ပိုပေးရတာကြောင့် တက်သွားတာပါ" ဟု ယုဇနပလာဇာရှိ ထိုင်းမှတင်သွင်းသည့် အဝတ်အထည်နှင့် ဖိနပ်များရောင်းချသည့် မဥမ္မာကပြောကြားသည်။အလားတူပင် ထိုင်းမှတင်သွင်းသည့် အလှကုန်ပစ္စည်းများမှာလည်း ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် ကျပ် ၃၀၀ မှ ကျပ် ၂၀၀၀ အထိ ပျမ်းမျှအားဖြင့် မြင့်တက်နေကြောင်း သိရသည်။"အလှကုန်တွေက ထိုင်းကတိုက်ရိုက်သွင်းတဲ့ အလှကုန်တွေဆို နဂိုဈေးထက်ကို အမျိုးအစားအပေါ်မူတည်ပြီး ကျပ် ၂၅၀၀ လောက်ထိမြင့်တက်သွားတာမျိုးတွေရှိတယ်။ နောက်ပြီး ယူကေနာမည်နဲ့ ထိုင်းမှာပဲထုတ်တဲ့ Brand တွေလည်းဈေးတက်တယ်။ သူတို့ကထိုင်းကနေပြီး တိုက်ရိုက်သွင်းတာတွေပဲဆိုတော့ ဈေးတက်တယ်" ဟု တော်ဝင်စင်တာရှိ ထိုင်းနိုင်ငံထုတ်အလှကုန်များရောင်းချသည့် အလှကုန်ကောင်တာမှ မစုလတ်ရည်က ပြောကြားသည်။အလားတူပင် ထိုင်းနိုင်ငံမှတင်သွင်းသည့် မုန့်နှင့် အချိုရည်တို့မှာလည်း ဈေးစတင်မြင့်တက်စပြုလာပြီး မုန့်အမျိုးအစားပေါ်မူတည်ကာ ကျပ် ၅၀ မှစတင်ကာ အချို ရည်အမျိုးအစားများပေါ်မူတည်ပြီး ကျပ် ၅၀ နှင့်အထက် စတင်ဈေးမြင့်တက်လာကြောင်း သိရသည်။"အိတ်တွေလက်ရှိမှာရှိနေတဲ့အိတ်တွေကိုပဲ ထုတ်ရောင်းနေတာတွေဆိုရင်တော့ အရင်ဈေးနဲ့ပဲရောင်းနေတာတွေရှိတယ်။ အခုအသစ်သွင်းနေတဲ့ဟာတွေဆိုရင်တော့ နဂိုဈေးထက်ပိုမြင့်ပြီး ရောင်းတာတွေရှိပါတယ်။ ဈေးတက်တာကတော့ အနည်းဆုံး ၁၀၀၀ ကျော်ကနေစတက်ပါတယ်" ဟု ထိုင်းနိုင်ငံထုတ် အိတ်များရောင်းချသည့် အိတ်ဆိုင်မှ ဒေါ်ဆွေစင်က ပြောကြားသည်။ကရင်ပြည်နယ်တောင်ပိုင်းရှိ အသစ်ဖောက်လုပ်ထားသော မြန်မာ-ထိုင်းကုန်သွယ်လမ်းကြောင်း မြဝတီအာရှလမ်းသစ်တွင် သဘောထားလွဲမှားမှုကြောင့် တပ်မတော်နှင့် DKBA တို့ ဇူလိုင် ၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၇ ရက်အထိ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့သည်။ ယင်းသို့ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂ ရက်တွင် ခရီးသည်နှင့် ကုန်စည်ယာဉ်များကို DKBA က ဖြတ်သန်းခွင့်များပိတ်ပင်ခဲ့ပြီး ဇူလိုင် ၉ ရက်မှစတင်ကာ ပြန်လည်အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။ထို့အပြင် မြန်မာ-ထိုင်းကုန်သွယ်လမ်းကြောင်းပေါ်တွင်တည်ရှိသော ကော့ကရိတ်၊ ဘားအံ၊ မော်လမြိုင်၊ မုဒုံမြို့များတွင်လည်း ထိုင်းနိုင်ငံထုတ် လူသုံး-အိမ်သုံးစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်မားလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent