တရုတ်နိုင်ငံ၏ စတော့ဈေးကွက်ပြိုလဲမှု မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်မလား

တရုတ်နိုင်ငံ၏ စတော့ဈေးကွက်ပြိုလဲမှု မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာနိုင်မလား
Published 9 July 2015
အငယ်ထွေး

ယခုရက်ပိုင်းအတွင်း တရုတ်စတော့ဈေးကွက်တွင် ရှယ်ယာတန်ဖိုးများ ကျဆင်းနေမှုကြောင့် ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံခန့်အထိ ဈေးကွက်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး တရုတ်နိုင်ငံ၏ စတော့ရှယ်ယာဈေးကွက် အခြေအနေမှာ အကျဘက်သို့ ဦးတည်နေကြောင်း၊ အတော်ပင် ယိမ်းယိုင်မသွားအောင် ကျားကန်နေရကြောင်း၊ စတော့ဈေးကွက် ထိမ်းချုပ်သူများ အနေဖြင့် ရှယ်ယာရောင်းချမှုကို အကန့်အသတ်ဖြင့် လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီး ယင်းအနေအထားသည် မြန်မာနိုင်ငံပေါ်တွင် ရိုက်ခတ်မှုရှိလာမည်ကိုလည်း စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် စတော့ဈေးကွက်နှင့် ဆိုင်သော China Securities Regulatory Commission ( CSRC) အနေဖြင့် ရှယ်ယာများ အလွန်အကျွံ ထုတ်မရောင်းမိစေရန်၊ လက်ထဲတွင် ရှိနေသော ရှယ်ယာများ၏ အနည်းဆုံး ငါးရာခိုင်နှုန်းကို လက်ထဲတွင် နောက်ထပ်ခြောက်လလောက်အထိ ကိုင်ထားနိုင်ရန် ညွှန်ကြားချက် ထုတ်ထားကြောင်းလည်း သိရသည်။ အခြားနိုင်ငံများအပေါ် ထိခိုက်မှုရှိလာသည့် အနေအထားနှင့် ပတ်သက်လျှင်မူ ပတ်သက်သည့်အလျောက် ထိခိုက်မှုရှိမည်ဖြစ်ကြောင်း၊ ထိုရှယ်ယာများသည် ကုမ္ပဏီတွင် ပြန်ရောင်းလို့မရသော ရှယ်ယာများဖြစ်ကြောင်း၊ အပြင်လူကိုသာ ဈေးကွက်အတွင်း ပြန်လည်ရောင်းရတော့မည် ဖြစ်ကြောင်း ပါမောက္ခ Balding ၏ သုံးသပ်ချက်ကို ကိုးကားပြီး စီးပွားရေး ပညာရှင် ဒေါက်တာမောင်မာင်စိုးက သူ၏ Facebook စာမျက်နှာပေါ်တွင် သုံးသပ်တင်ပြထားသည်။
 “ကျွန်တော့်အမြင်အရတော့ တချို့မြင်သလို Trade ကိုတော့ သိပ်မပတ်သက်ဘူးဗျ။ ရှယ်ယာတွေ ဝယ်ထားတဲ့ သူတွေကကတော့ တော်တော်လေး ထိသွားမယ်။ တော်တော်များများ ဖြစ်လိမ့်မယ်။ ဆရာတို့ သိပ်မသိတာသာ ရှိမယ်။ ဒါကြောင့် ဘယ်လောက်ထိမယ် ဆိုတာတော့ အတိအကျ မပြောတတ်ဘူး။ ရှယ်ယာသမားတွေလိုပဲ   Asset တွေဝယ်ထားတဲ့ လူတွေ အခုလို ထိုးကျတော့ ထိနာမှာပဲ။ ကျွန်တော့် Facbook  မှာလည်း ကျွန်တော်တင်ထားပါတယ်” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာ မောင်မောင်စိုးက ပြောကြားသည်။
နိုင်ငံတကာ စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရ လက်ရှိအဖြစ်အပျက်များသည် ကောင်းလာရန် သိပ်မဖြစ်နိုင်ကြောင်း နာလန်ပြန်ထရန် အနည်းဆုံး နှစ်ပတ်လောက် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ သို့သော် နာတာရှည်ပုံစံမျိုးလည်း ဖြစ်သွားနိုင်ကြောင်း သုံးသပ်ကြသည်။
ထို့ကြောင့် စတော့ဈေးကွက်တွင် ရှယ်ယာများ ထပ်မံရောင်းချမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အစိုးရက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့ပြီး ဈေးကွက်အတွင်းသို့ ဒေါ်လာဘီလျံ အမြောက်အမြား ရင်နှီးမြှုပ်နှံမည်ဟု ပြောကြားသည်။ ရှန်ဟိုင်းစတော့ဈေးကွက် ညွန်းကိန်းသည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်တွင် ၁ ဒသမ ၂၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တရုတ်၏ ဒုတိယအကြီးဆုံး စတော့ဈေးကွက်ဖြစ်သော ရှင်ကျန်တွင် ၅ ဒသမ ၃၄ ရာခိုင်နှုန်းအထိ ထိုးဆင်းခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီသည် လွန်ခဲ့သော ၁၅  နှစ်ခန့်မှ စကာစတော့ဈေးကွက်ကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အဓိကကျသော ဆုံးဖြတ်ချက်များကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ကြောင်း၊ သို့သော် သမ္မတရှိကျင်းပင်လက်ထက် စီးပွားရေး နှေးကွေးမှုကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းသည့်အနေဖြင့် စတော့ဈေးကွက်ကို ထိန်းချုပ်မှု လျှော့ချပေးခဲ့ကြောင်းလည်း AFP သတင်းဌာနက ဖော်ပြထားသည်။
ယင်းကဲ့သို့ တရုတ်နိုင်ငံတွင် စတော့ဈေးကွက် ကမောက်ကမဖြစ်ချိန် မြန်မာနိုင်ငံတွင် ဒေါ်လာဈေးများ ပြန်လည်မြင့်တက် လာခဲ့သည်။ ဇူလိုင် ၉ ရက် ဒေါ်လာ ပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၂၂၀ အထိ ရောက်ရှိသွားပြီး တစ်ပတ်အတွင်း ၄၂ ကျပ်အထိ တက်သွားခြင်းဖြစ်ကြောင်း သိရသည်။ ထို့အတူ ဇူလိုင် ၉ ရက် ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၁၂၅ ကျပ် ရှိနေကြောင်း သိရသည်။  
“အခုရက်ပိုင်း တရုတ်မှာ စတော့ဈေး ကွက်ပျက်လို့၊ ပြိုလို့ ဒီဘက်မှာဒေါ်လာဈေး တက်သလားဆိုတော့ တိုက်ရိုက်တော့ မပတ်သက်လှဘူးလို့ထင်တယ်။ ကျွန်တော်ထင်တာကတော့ တရုတ်မှာ စတော့ဈေးကွက် ဖရိုဖရဲ ဖြစ်တဲ့အခါကျတော့ အီကော်နော်မီတွေက စိုးရိမ်တာပေါ့။ လူတွေကလည်း စိုးရိမ်ကြမယ်။ ဘယ်လိုဖြစ်နိုင်လဲ စသဖြင့်ပေါ့။ ဒို့စီးပွားရေးကလည်း နည်းနည်းအားနည်းတယ်။ ဟိုဘက်က စီးပွားရေးက ဒီဘက်ကိုများ လာပြီးရိုက်ခတ်မလားဆိုပြီး ဒီလိုသဘောမျိုးနဲ့ ဒေါ်လာဝယ်စုတာ ပိုဖြစ်နိုင်တယ်။ ဒေါ်လာဈေးတက်တယ်ဆိုတဲ့ အနေအထားက သူများစီးပွားရေးကြောင့် ကိုယ့်စီးပွားရေးကိုလည်း ပူပန်လာတဲ့ အနေထား ဖြစ်နိုင်တယ်။ နောက်တစ်ခုက ကိုယ့် Currency ကိုလည်း ပူပန်လာတဲ့ အနေအထားရှိတယ်။ အဲဒါကြောင့်မို့ အခုဒေါ်လာဈေး တက်တယ်လို့ ကျွန်တော်ကတော့ ကောက်ချက်ချပါတယ်” ဟု စတော့ရှယ်ရာ ဈေးကွက်ကျွမ်းကျင်သူ ဦးစိုးသိန်းက ပြောကြားသည်။
သို့သော်လည်း တရုတ်နှင့်မြန်မာ အပြန်အလှန် ချိတ်ဆက်လုပ်ကိုင်မှုများ ရှိနေခြင်း၊ လက်ရှိတရုတ်စတော့ ဈေးကွက်ပြိုကွဲနေမှုသည် တရုတ်ငွေကြေးတန်ဖိုး အတက်အကျအပေါ် ရိုက်ခတ်မှုရှိနေပါက နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ယွမ်ငွေနှင့် လုပ်ကိုင်နေသော မြန်မာနိုင်ငံအပေါ်လည်း ရိုက်ခတ်မှု အနည်းနှင့် အများ ရှိနိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေသည်။ 
“တစ်ခုရှိတာက နယ်စပ်ကုန်သွယ်ရေးမှာ သက်ရောက်မှုရှိနိုင်မလားပဲ ကြည့်ရမယ်။ အခုဖြစ်တဲ့ ကိစ္စကိုပြန်ကြည့်ရင် စတော့ဈေးကွက်ကတော့ အမြဲတမ်း အတက်အကျ ကြမ်းတယ်။ ဆိုတော့ ဟိုမှာစီးပွားရေး ပျက်ချင်ပျက်မယ်။ ဒါပေမဲ့ ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံနေတဲ့ လူတွေအားလုံးကလည်း စတော့ဈေးကွက်နဲ့ တိုက်ရိုက်ကြီး ပတ်သက်နေတယ်လို့ ပြောမရဘူး။ တရုတ်နိုင်ငံရဲ့ စတော့ဈေးကွက် ကျတယ်ဆိုတဲ့အပိုင်းက နဂိုကတည်းက တရုတ်ရဲ့ စတော့ဈေးကွက် လိုအပ်တာထက်ပိုပြီး ဈေးတွေဖောင်းပွနေတယ်။ Inflate ဖြစ်နေတယ် ဆိုတာကို ကမ္ဘာကထောက်ပြပြီးသား။ အခုအနေအထားမှာ ဘာဖြစ်နိုင်လဲဆိုတော့ ဟိုဘက်က စီးပွားရေးကလည်း ပျက်နေတယ်။ ကိုယ့်စီးပွားရေးကလည်း သိပ်အားကောင်းဖို့ မရှိဘူး။ အဲဒီကောင်းဖ မရှိတဲ့အချိန်မှာ Currency တွေက တစ်ခုခုဖြစ်တယ်ဆိုရင် လုံခြုံတဲ့နေရာကို ရှာကြတာပေါ့။ ဆိုလိုတာက ဒီအချိန်မှာ ကျပ်ကိုင်မလား၊ ဒေါ်လာကိုင်ထားမလား။ ဒေါ်လာက နိုင်ငံတကာသုံး ငွေကြေးဖြစ်နေတဲ့အတွက် ပြောင်းကိုင်ထားမယ်။ မြန်မာငွေလည်း စိတ်မချဘူးပေါ့ဗျာ။ အခုက မြန်မာငွေကလည်း ဆင်းနေတယ်ဆိုတဲ့ အခါကျတော့လေ။ ဒီဈေးနှုန်းတက်တယ် ကျတယ်ဆိုတာက Illustration of Supply and Demand ခေါ်တယ်။ Volume အများကြီးပြောင်းတာ မဟုတ်ဘူး။ နည်းနည်းလေးပြောင်းတာနဲ့ ဈေးကပြောင်းသွားတာ” ဟု ဦးစိုးသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာမှာလည်း ယခုနှစ်တွင် နှစ်စဉ်နှစ်တိုင်း ပုံစံများဖြင့် ခြားနားနေခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် အိမ်ခြံမြေတန်ဖိုးများ မြင့်တက်ခဲ့ခြင်း (တရုတ်လုပ်ငန်းရှင် အများအပြား ငွေမည်းများဖြင့် ဝင်ရောက်ကစားခဲ့ခြင်းနှင့် ဈေးကစားခြင်းများကြောင့်) ကြောင့် ရင်းနှီးမြှုပ်နှံသူများ အိမ်ခြံမြေကိစ္စနှင့်ပင် လက်ပြနှုတ်ဆက် သွားကြသော်လည်း ယခုနှစ်တွင် မြန်မာ့စီးပွားရေး ပုံစံပြောင်းလဲလာခဲ့သည်။ ယခုနှစ်တွင် ဒေါ်လာ အမှီပြုသော စီးပွားရေးပုံစံတစ်ရပ် ဖြစ်လာသည်။
“အခုလို အချိန်မှာ ဈေးကစားတာတွေ ဝင်လာမယ်။ ဈေးကစားချင်တဲ့ လူတွေက အဲဒီလို အချိန်မျိုးကို စောင့်လုပ်တာ။ တရုတ်မှာ တစ်ခုခုဖြစ်တာနဲ့ ဒေါ်လာကိုသိမ်းပြီး ဝယ်လိုက်တယ် ဆိုပါတော့။ မနက်က ဈေးနဲ့ တစ်နေ့က ဈေးနဲ့ဆိုရင် ၁၅ ကျပ်နဲ့ ၂၀ လောက်ကွာတယ်။ အဲဒါက Foreign Exchange ကို ကစားတဲ့လူနဲ့ စတော့ဈေးကွက်ကို ကစားတဲ့သူက အဲဒါပဲ။ တစ်ခါတလေကျရင် ဈေးကွက်ကို Minupulate လုပ်လိုက်တာ။ ကစားတာကလည်း အကြောင်းရှိမှ ကစားလို့ရတာကိုး။ ပုံမှန်အချိန်မှာ ကစားလို့မရဘူး။ ဒါကြောင့် အခုတရုတ်ကို အကြောင်းပြုပြီး ဈေးကစားတဲ့သူလည်း ရှိတယ်။ တရုတ်ကိုအကြောင်းပြုပြီး စိုးရိမ်ပူပန်မှုကြောင့် ဒေါ်လာကို နည်းနည်းပို ကိုင်တဲ့သူလည်း ရှိချင်ရှိမယ်” ဟု ၎င်းက ဆက်လက်သုံးသပ်ပြခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အကြံပေး ဒေါက်တာမောင်အောင်က “မြန်မာနိုင်ငံပေါ် ရိုက်ခတ်လာ နိုင်လားဆိုတော့ အနည်းနဲ့အများတော့ ဖြစ်လာနိုင်တာပေါ့။ သူနဲ့ကိုယ်နဲ့က စီးပွားရေးက  ချိတ်နေတာဆိုတော့ အခုလိုဖြစ်ပေမယ့်လည်း မြန်မာပို့ကုန်တွေတော့ ဝယ်တော့ ဝယ်ဦးမယ်လို့ မြင်ပါတယ်။ တစ်ခုကတော့ တရုတ်ပြည်က မြန်မာကိုလာတဲ့ ရင်းနှီးမြှုပ်နှံမှုတော့ ကျသွားနိုင်တယ်။ နယ်စပ်ကုန်သွယ်ရေး ကျရင်တော့ တရုတ်ငွေကတော့ ပျော့သွားမှာပေါ့” ဟု ပြောကြားသည်။
မြန်မာငွေ ကျဆင်းနေချိန်တွင် ပို့ကုန်သမား တွက်ခြေကိုက်သော်လည်း သွင်းကုန်သမားများ တွက်ခြေမကိုက်သည့် အနေအထားတွင် ရှိနေသည်။ ယခုဖြစ်နေသော စတော့ဈေးကွက်မှ ဖြစ်ရပ်များကြောင့် တရုတ်စီးပွားရေးကို ထိခိုက်ခြင်း၊ တရုတ်ငွေကြေးတန်ဖိုး ကျဆင်းဖြစ်ပါက သွင်းကုန်အား ကန့်သတ်နိုင်သည့် အနေအထားများလည်း ရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
“တစ်ခုရှိတာကအခုက မြန်မာငွေပျော့နေတော့ တရုတ်ဘက်ကိုပို့တဲ့ ပို့ကုန်သမားတွေကိုက်တယ်။ သူ့ငွေ ကျသွားရင်တော့ ပို့ကုန်တွက်ခြေ ကိုက် မကိုက်ဆိုတာတော့ ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။
အလားတူ ယခုဖြစ်နေသော တရုတ်အစု ရှယ်ယာဈေးကွက် ကျဆင်းမှုသည် တရုတ်ထက် အမေရိကန်က ပိုပြီးစိုးရိမ်စရာဖြစ်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ Current Account ရော Trade Account ရော Supplus  ဖြစ်နေကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက သူ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည်။
“ဆိုလိုတာကတော့ တရုတ်က ပျာယာခတ်မယ်။ မျက်လုံးပြူးမှာက အမေရိကန်။ ဘာလို့လဲဆိုတော့ သူရဲ့ဒေါ်လာတွေက တရုတ်လက်ထဲမှာ Trillion by Trillion ရှိနေတယ်။ ဆိုလိုတာက ကိုယ့်ပိုက်ဆံတွေဟာ ဒုက္ခရောက်မယ့်လူ လက်ထဲမှာရှိမယ်ဆိုရင် အမေရိကန်လည်း ဘဝင်အေးလိမ့်မယ် မထင်ဘူး။ ဒါဟာ တရုတ်နဲ့ ပတ်သက်ခဲ့သူတွေရဲ့ Upper Range Crisis နဲ့ တရုတ်နဲ့ပတ်သက်ပြီး Lower Range Crisis သမားတွေ ရှိသေးတယ်။ တရုတ်ကို ကြောက်နေရတဲ့ နိုင်ငံတွေပေါ့။ တရုတ်ဗိုလ်ကျခံရတဲ့ နိုင်ငံတွေပေါ့။ သူတို့ကတော့ ပိုအထိနာလိမ့်မယ်။ သူတို့က ကြားထဲကငထွားခါးနာ လိမ့်မယ်။ ဒါကို စဉ်းစားတတ်ဖို့ လိုလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။
ယင်းကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုရော၊ ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည့် နိုင်ငံဖြစ်သည့်အတွက် ကြားညပ်ခံရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နိုင်ကြောင်း၊ ထို့အတူ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တရားမဝင်စီးဝင်နေသော ငွေကြေးများ ရှိသကဲ့သို့ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့လည်း စီးဝင်မှုများ ရှိနေနိုင်ကြောင်းလည်း သုံးသပ်ကြသည်။
လေ့လာသုံးသပ်သူများကမူ တရုတ်နိုင်ငံတွင် စတော့ဈေးကွက် ပြိုဆင်းနေသည့်ပုံစံသည် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဈေးဖောင်းပွသည့် ပုံစံမျိုးနှင့်လည်း အလားသဏ္ဌန် တူညီကြောင်း၊ တရုတ်စတော့ ဈေးကွက်သည်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်ထက် မြင့်နေပြီး ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆမြင့်တက် သွားခဲ့ကြောင်း၊ ထို့အတူ လက်ရှိ တရုတ်စီးပွားရေး ပြိုလဲမှုသည် အစိုးရမှ အလျင်အမြန် ကျားကန်နိုင်ခြင်း မရှိပါက မြန်မာနိုင်ငံဘက်သို့လည်း သက်ရောက်မှု ရှိလာနိုင်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေးသည်လည်း အကျဘက်သို့ ဦးတည်နေသည့် အချိန်ဖြစ်သည့်အတွက် စိုးရိမ်စရာရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။           
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကမူ ဒေါ်လာဈေး အားကောင်းနေခြင်းနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအဝင် အချို့သောစီးပွားရေး တိုးတက်မှုကို ဟန့်တားသည့် အကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ အလားတူ မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှင့် ပြည်ပငွေပေးငွေယူ အခြေအနေများကို ပိုမိုအားလျော့ လာစေနိုင်ကြောင်း၊ ချေးငွေများ အလျင်အမြန် တိုးပွားလာနေခြင်း၊ ဘတ်ဂျက်လိုငွေ ချဲ့ထွင်လာခြင်းနှင့် ကုန်သွယ်ရေး လိုငွေပြမှုမြင့်မားလာခြင်း တို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှုနှင့် ပြည်ပနှင့် အပေးအယူ တည်ငြိမ်မှုတို့အပေါ် အန္တရာယ် ရှိလာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ဒေါ်လာဈေးနှုန်း တက်တာကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာတာမျိုးတွေ တွေ့ရတယ်။ တစ်ဖက်မှာလည်း သွင်းကုန်က မြင့်တက်နေတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ မှန်ကန်တဲ့ အစီအမံတွေလုပ်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံသို့  ရောက်လာသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ခေါင်းဆောင် Mr. Yongzheng Yang ကဇူလိုင် ၁ ရက်တွင် ရန်ကုန်မြို့ရှိ Chatruim ဟိုတယ်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန် ဂျီဒီပီသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားခဲ့ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေး လိုငွေပြမှု ၅ဒသမ၅ ရာခိုင် နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း၊ သွင်းကုန်အလုံးအရင်းနှင့် တိုးတက်များပြား လာသည့်အတွက် သာမန်ငွေပေးငွေယူ ရှင်းတမ်းလိုငွေပြမှုသည် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းအထိ ဆက်လက်ကြီးထွား လာခဲ့ကြောင်း၊ အလားတူ ဗဟိုဘဏ်၏ လက်ဝယ်ရှိ နိုင်ငံခြားအရန်ငွေ ပမာဏသည်  သွင်းကုန်တန်ဖိုး သုံးလစာအောက်တွင် ဆက်လက်ရပ်တည် နေခဲ့ကြောင်း၊ ကျပ်ငွေတန်ဖိုးမှာလည်း သိသိသာသာ ကျဆင်းလာကြောင်း ဖော်ပြထားသည်။
IMF ကမူ ပြီးခဲ့သည့်မေလတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ရှစ်ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိ ဗဟိုဘဏ်တွင် ရှိနေသည့် ငွေကြေးပမာဏကို သွင်းကုန်တန်ဖိုး၏ သုံးလစာ အောက်တွင်သာ ရှိသည်ဟု အကြမ်းဖျင်း ဖော်ပြထားသော်လည်း ဗဟိုဘဏ်၏ လက်ရှိအရန်ငွေကြေးနှင့် ပတ်သက်၍ IMF မှထုတ်ပြန် ကြေညာပေးခဲ့ခြင်း မရှိပေ။ လွှတ်တော်ကိုယ်စားလှယ်များ၏ လစာတိုးပေးမှု အပါအဝင် အစိုးရအသုံးစရိတ် မြင့်တက်နေသည့်အတွက် ယခုနှစ် ဘတ်ဂျက်လိုငွေသည် ဂျီဒီပီ၏ ၅ ဒသမ၂၂ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု လိုငွေသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ငါးဘီလျံ နီးပါးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ လာရောက်ရင်းနှီးမြှုပ်နှံမှု ၁၄ ဒသမ ၆ ဘီလျံရှိနေကြောင်း ၊ တရားဝင် ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် ချက်ခြင်းပြန်ထွက်ရန် သိပ်လွယ်ကူခြင်း မရှိသော်လည်း တရားမဝင် ဝင်ရောက်ရင်းနှီး မြှုပ်နှံများလည်း ရှိနေကြောင်း သိရသည်။
“Investment လာလုပ်တဲ့သူကတော့ ဒေါ်လာတွေယူပြီး ဝင်လာတာမျိုး မရှိသလို ဒေါ်လာတွေ အစုလိုက် ပြန်ထုတ်သွားစရာတော့ မရှိဘူးလို့မြင်တယ်။ တရားမဝင် ရင်းနှီးမြှုပ်နှံထားတာတွေ ရုတ်တရက်တော့ ပြန်နုတ်ဖို့ မလွယ်ပါဘူး။ ထပ်ဝင်တာမျိုးတော့ ရှိချင်မှရှိတယ်” ဟု ဦးစိုးသိန်းက ဆိုသည်။
“အခုတရုတ်က စတော့ရှယ်ယာဈေးကွက် ကမောက်ကမ ဖြစ်တယ်ဆိုတာကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောလို့ပဲ ကျွန်တော်တို့က ထင်ပါတယ်။ အဲဒီလိုဖြစ်ပြီး ဒေါ်လာဈေး လိုက်တက်တယ် ဆိုရင်တော့ ဈေးကစားတာပေါ့။ ဟိုတုန်းကလည်း ဒီလိုပဲ ၁၃၀၀ လောက်အထိ ရောက်ခဲ့တာပဲ။ ဒါပေမဲ့ နောက် ၈၅၀ လောက် ရောက်တော့လည်း ပြန်ခံရတာပါပဲ။ ဒါတွေကတော့ ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မလားဆိုတော့ တစ်ဒေါ်လာ ၆ ဒသမ ၂ ယွမ် ဖြစ်နေတာကြာပြီ။ ပြောင်းမှ မပြောင်းဘဲ။ ဆိုတော့ တရုတ်ယွမ်ကလည်း မာပါတယ်။ နောက်ပြီး သူ့မှာ reserve money တွေ တော်တော်များတာပဲ။ ထိန်းနိုင်မှာပါ” ဟု CB ဘဏ်၏ MD ဦးဖေမြင့်က ပြောကြားသည်။
 

Most Read

Most Recent