ငြိမ်းချမ်းရေး ဆာလောင်နေသော စစ်ပွဲများ

ငြိမ်းချမ်းရေး ဆာလောင်နေသော စစ်ပွဲများ
Published 6 July 2015
စိုးခိုင်ညိန်း

ကမ္ဘာကြီးသည် ချန်နယ်အသီးသီးမှ စစ်ပွဲတွေ အကြောင်းကို ထုတ်လွှင့်လျက် ရှိလေသည်။ တီဗွီမှတစ်ဆင့် မြင်ရသော စစ်၏အနိဋ္ဌာရုံများက နည်းနည်းမှ စိတ်ချမ်းသာစရာ မရှိ။ အမှိုက်ပုံကို ကြက်ယက်ထားသလို မြို့ပျက်ကြီးတွေကို မြင်တွေ့ နေရသည်။ အမြောက်ဆန်ထိမှန်ထား၍ ပြိုကျပျက်စီးနေသော တိုက်အိမ်များ၊ အုပ်ပုံကြီးတွေအဖြစ် ပြောင်းလဲသွားသော မြို့ကြီးများကို တွေ့မြင်နေရသည်။ မြို့ကို တစ်ယောက်မကျန် စွန့်ခွာပစ်ပြေးကြလေသော ဒုက္ခသည်များ၊ ကလေးများ၊ ငိုကြွေး မြည်တမ်းနေကြသောလူများကို မြင်တွေ့နေရသည်။ နှစ်ပေါင်းမြောက်မြားစွာ ကြာသည့်တိုင် အဆုံးမသတ်နိုင်သေးသော အာရပ်အစ္စရေးစစ်ပွဲ။ စစ်ပွဲတွေအကြောင်း ပြောမယ်ဆိုရင် လူသေဆုံးမှု စာရင်းတွေက မဖြစ်မနေ ပါလာရသည်။
၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၊ ဖက်ဆစ်ဂျပန်စစ်တပ်သည် Nanjng မြို့ကို သိမ်းပိုက်လျက် တရုတ်နိုင်ငံသားပေါင်း များစွာကို သတ်ခဲ့လေသည်။ လူသုံးသိန်းပါသွားသည်ဟု တရုတ်အစိုးရက ကြေညာခဲ့သည်။ နောက်မမေ့နိုင်သည်က ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့ ဖြစ်သည်။ ဖက်ဆစ်ဂျပန်ရေတပ် လေယာဉ်ပျံများသည် ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးလေသည်။ အမေရိကန်နိုင်ငံသား ၂၄၀၀ ဆုံးရှုံးခဲ့သည်ဟု ဆိုပါသည်။ ပိုဆိုးသည်က ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃၊ ၂၅ ရက်နေ့၊ ဂျပန်လေယာဉ်ပျံများ ရန်ကုန်ကို ဗုံးကြဲလိုက်သည်။ ပထမအကြိမ် ရန်ကုန်ကိုဗုံးကြဲစဉ်က လူပေါင်း၂၀၀၀ ခန့်သေ၍ ၂၅၀၀ ခန့် ဒဏ်ရာရသည်ဟု ဗြိတိသျှအစိုးရက ကြေညာသည်။ ဒုတိယအကြိမ်တွင် အရပ်သူ အရပ်သား ၇၅၀ မျှ သေဆုံးပြီး ၁၇၀၀ ခန့် ဒဏ်ရာရသည်ဟုဆိုသည်။
ဒုတိယကမ္ဘာစစ်ကြီးတွင် ကမ္ဘာသူ ကမ္ဘာသား စုစုပေါင်းခြောက်သန်း သေဆုံးခဲ့သည်ဟုဆိုသည်။ အာရှတွင် နှစ်သန်း သေဆုံးခဲ့သည်ဟုဆိုသည်။ ကျွန်တော်ကလေးဘ၀ သိတတ်စမှစ၍ ယနေ့အထိ ကမ္ဘာမှာ ဖြစ်ပွားခဲ့သော စစ်ပွဲများက မရေမတွက်နိုင်တော့။ ဗီယက်နမ်စစ်ပွဲ၊ ဘော့စနီးယားစစ်ပွဲ၊ ဖောက်ကလန်ကျွန်းစစ်ပွဲ၊ အီရန်၊ အီရတ်စစ်ပွဲ၊ အာဖဂန်နစ္စတန်စစ်ပွဲ၊ လစ်ဗျားစစ်ပွဲ၊ ဆူဒန်စစ်ပွဲ၊ ယနေ့ ဆီးရီးယားစစ်ပွဲ၊ ဂါဇာစစ်ပွဲ၊ တာလီဘန်၊ ဘိုကိုဟာရမ်၊ IS အစွန်းရောက်များရဲ့ စစ်ပွဲတွေ။ စစ်ပွဲတွေပြီးသွားတိုင်း ဒုက္ခသည်တွေက တစ်ပုံတစ်ပင်ကျန် ခဲ့လေ့ရှိသည်။ မြို့တွေ၊ ရွာတွေက ကျီးနှင့်ဖုတ်ဖုတ် ပြိုကျပျက်စီး၍ သွေ့ခြောက်ကာ ကျန်ခဲ့လေသည်။ ပြည် တွင်းစစ်ပွဲများကြောင့် ဒုက္ခသည် များ၊ ကလေးများသည် စစ်ပွဲ၏ပုံ ရိပ်များပင်ဖြစ်တော့သည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ အိမ်ရာပစ်ပြေးသည့် ဒုက္ခသည်အရေအ တွက် ၅၉ ဒသမ ၅ သန်းရှိလာပြီး ဟု ဖော်ပြထားသည်။ ထိုအရေအ တွက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထူးသံတမန် အိန်ဂျလီနာဂျိုလီက “လူသားတွေရဲ့ ဆင်းရဲဒုက္ခတွေတစ် ဟုန်ထိုးမြင့်တက်လာတယ်။ ဒီလောက် များတဲ့ အိမ်ရာပစ်ပြေးသူပမာဏ ကို တစ်ကြိမ်မှမတွေ့ဖူးဘူး။ အိမ် နီးချင်းနိုင်ငံတွေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ လက်ခံနိုင်တဲ့ အရေ အတွက်ပြည့်သွားရင် ဆီးရီးယားနဲ့ အီရတ်ဒုက္ခသည်တွေအတွက် ခိုလှုံစရာနေရာ ရှိမှာမဟုတ်တော့ဘူး” ဟု ပြောကြားခဲ့တာဖြစ်သည်။
စစ်ပွဲ၏ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသူနှင့် နေရပ်ပျောက်ဆုံးခဲ့ရသူ ၈ ဒသမ ၃ သန်း မြင့်တက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းမှစပြီး တစ်နှစ်တည်း အမြင့်ဆုံးစံချိန်တင် ခုန်တက်မှုဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ အေဂျင်စီက World at War အစီအရင်ခံစာတွင် ရေးသားထားသည်။ ကမ္ဘာ့ဒုက္ခသည်များ၏ ထက်ဝက်ကျော်သည် ကလေးများဖြစ်ကြပြီး ၂၀၀၉ ခုနှစ်ကထက် ၄၁ ရာခိုင်နှုန်း ခုန်တက်ခဲ့သည်ဟု ဆိုသည်။ နေရပ်ပျောက်ဆုံး သူများအနက် ၁၉ ဒသမ ၅ သန်းသည် ဒုက္ခသည်များဖြစ်ပြီး ၁ ဒသမ ၈ သန်း သည် ခိုလှုံခွင့်ရရန် ကြိုးပမ်းသူများ ဖြစ်ကြသည်တဲ့။ ၃၈ ဒသမ ၂ သန်းသည် ပြည်တွင်းတွင်ပင် နေရပ် ပျောက်ဆုံးခဲ့ကြသူများ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။
ပြည်တွင်းတွင်လည်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား နှစ်ပေါင်းကြာရှည်စွာ ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်တိုင်းရင်းသား အများစု နေထိုင်ကြသည့် မယ်လ၊ အုန်းပြန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထန်းမဟင်၊ ဒုံယမ်း ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် တစ်သိန်းနှစ်သောင်းနီးပါး ကျန်ရှိနေသေးသည်ဟု ဆိုထားသည်။ လူအားလုံးသည် မည်သူမှ စစ်ပွဲတွေကို တွေ့ကြုံချင်သူ တစ်ယောက်မှမရှိနိုင်ပါ။ လူအားလုံးသည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေချင်ကြသူများပဲ ဖြစ်ပါသည်။
“စစ်ပွဲဆိုတာ ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဒုက္ခသည်စခန်းတွေကို ရောက်စေတယ်။ စစ်ပွဲဆိုတာ အတင်းအကျပ် ရွှေ့ပြောင်းရတာတွေ၊ အိမ်တွေ၊ လမ်းတွေနဲ့ စက်ရုံတွေပျက်စီးရတာ တွေဖြစ်တယ်။ အားလုံးထဲမှာ အဆိုးဆုံးကတော့ မရေမတွက်နိုင်တဲ့ ဘဝတွေ ကြွေပြုန်းရတာပါပဲ။ ဒီကလူတွေကတော့ ဒါတွေကိုကောင်းကောင်း တွေ့ကြုံခံစားခဲ့ရမှာပါ” လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာ ဖြစ်ပါသည်။
ကျွန်တော်တို့သည် ငြိမ်းချမ်းရေးကို ငတ်မွတ်တောင့်တရင်းကပင် စစ်ပွဲများ၏ဒဏ်ကို လူးလိမ့်ခံစား နေကြရသည်။ စစ်ပွဲများဖြစ်နေသော နိုင်ငံတိုင်းပင် ငြိမ်းချမ်းရေးကြိုးပမ်း နေလျက်က လူသားများသည် စစ်ပွဲတွေကြားမှာ မြေစာပင်များ ဖြစ်နေကြရလေသည်။ “ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ စစ်တိုက်နေတာပါ” ဟု ဆိုသူက ဆိုလေသည်။ ဒီအတွက်ကြောင့်ပဲ စစ်ပွဲတွေ သက်ဆိုးရှည်ကာ ငြိမ်းချမ်းရေးက ဝေးသထက် ဝေးနေခဲ့လေသည်။
အဘက်ဘက်က အခွင့်အရေး ဆုံးရှုံးနေသော ဒုက္ခသည်စခန်းတစ် ခုမှ ငိုကြွေးမြည်တမ်းနေသော အမျိုးသမီးကောင်း တစ်ယောက်၏ ရင်ထဲကို ကျွန်တော်တို့ ဝင်ရောက်ခံစား ကြည့်ရမည်။ ဆီးရီးယားရှိ စစ်မြေပြင်တွင် သေဆုံးသွားသော သား၏အလောင်းကို က်လျက် ငိုကြွေးနေကြသော မိဘများ၏ ပူဆွေးသောကကို ကျွန်တော်တို့ ကိုယ်ချင်းစာတရား ထားရပေမည်။ မိဘမဲ့သွားသော ကလေးများ၏ အထီးကျန်မှုကို ကျွန်တော်တို့ မျက်ကွယ်ပြုမထားသင့်ပါ။
“ကျွန်တော်က စစ်သားတစ်ယောက်ပဲ။ ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို တခြားသူတွေထက် ပိုသိတာပေါ့” ဟု အစ္စရေးဝန်ကြီးချုပ်ဟောင်း အေရီယယ်ရှာရွန်က ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးနဲ့ ပါလက်စတိုင်းသည် စနက်တံဖြုတ်ထားသော ဗုံးတစ်လုံးလို အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ အနေအထားမှာပဲ ရှိသေးသည်။ တစ်ဖက်နဲ့တစ်ဖက်သည် ဘယ်သူမှအမှားမခံ၊ ရန်စောင်ကာ စောင့်ကြည့်နေကြလေသည်။
“ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သူတွေဟာ မင်္ဂလာရှိတယ်။ သူတို့ကို ဘုရားသခင်ရဲ့ သားသမီးတွေလို့ ခေါ်ကြလိမ့်မယ်” ဟု ဓမ္မသစ်ကျမ်းက ဆိုထားသည်။ ငတ်မွတ်ခြင်းတို့တွင် ငြိမ်းချမ်းရေး ငတ်မွတ်ခြင်းသည် အဆိုးရွားဆုံး ဖြစ်ပေသည်။ ကမ္ဘာပေါ်တွင် စစ်ပွဲတွေရှိနေသေးသရွေ့ ပျော်ရွှင်စရာ ကောင်းသော၊ သာယာလှပသော၊ နေထိုင်ချင်စရာကောင်းသော၊ ပန်းပေါင်းစုံ ဝေဆာဖူးပွင့်သော ဥယျာဉ်ကြီးနှင့်တူသော ကမ္ဘာကြီးဟုလိပ်ပြာသန့်စွာ ကျွန်တော်တို့ နေထိုင်ခေါ်ဆို၍ မရနိုင်ပါ။
လူသားများသည် စစ်ပွဲတွေကို နိဂုံးချုပ်စေချင်လှပါပြီ။ ငြိမ်းချမ်းရေးကို ငတ်မွတ်လှပေပြီ။ စစ်ပွဲများသည် လူတွေကုန်မှ ရပ်ကြတော့မှာလား။

Most Read

Most Recent