EMG '၁၅' နှစ်ပြည့် အခမ်းအနားတွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြားခဲ့သော အမှတ်တရစကား

EMG '၁၅' နှစ်ပြည့် အခမ်းအနားတွင် Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် ပြောကြားခဲ့သော အမှတ်တရစကား
Published 6 July 2015

အာရှမှာ အာရှနွေဦးဟာ သီရိလကာၤက အစခဲ့ပြီဆိုတာ သတိပြုရပါတယ်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ မကြာခင်မှာ အာရှနွေဦးရဲ့ ဂယက်ရိုက်လို့ လာပါလိမ့်မယ်။ အာရှနွေဦးဟာ အာရပ်နွေဦးလိုတော့ ပြင်းထန်မှာ မဟုတ်ဘဲနဲ့ ညင်ညင်သာသာ ပြောင်းလဲသွားပါလိမ့်မယ်။ ဒီညင်ညင်သာသာ ပြောင်းလဲမှုဟာ ရွေးကောက်ပွဲကတစ်ဆင့် မိမိလိုလားတဲ့ အစိုးရကို ပြောင်းလဲနိုင်တယ် ဆိုတာကို သီရိလကာၤမှာ ပထမသက်သေပြခဲ့ပါတယ်။ ဒီလိုမဟုတ်ပဲ မပြောင်းလဲပဲ နေခဲ့ရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နှစ်ပေါင်း ၆၇ နှစ် ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့နိုင်ငံမှာ ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်မလဲဆိုတာကို မှန်းဆတွက်ကြည့်လို့ ရပါတယ်။တကယ်ကျတော့ အင်အားကြီးတဲ့ စစ်တပ်ရှိတိုင်း တိုင်းပြည်ကို တည်ငြိမ်အောင် တိုင်းပြည်ကို တစ်စုတည်းဖြစ်အောင် ထိန်းသိမ်းနိုင်တာ မဟုတ်ဘူးဆိုတာကို မီလိုဆီဗစ်ရဲ့ ဆားဗီးယား တပ်မတော်က ပြသခဲ့တာ ဖြစ်ပါတယ်။ ဆားဘီးယား တပ်မတော်ဟာ အခုလက်ရှိ မြန်မာ့တပ်မတော်ထက် အဆပေါင်းများစွာ စနစ်ကျပြီးတော့ အင်မတန် အင်အားကြီးပါတယ်။ အရှေ့ဥရောပမှာ အင်အားအကြီးဆုံး ရုရှားပြီးရင် အင်အားအကြီးဆုံး စစ်တပ်လည်း ဖြစ်ပါတယ်။

မင်္ဂလာရှိသော ညနေခင်းဖြစ်ပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သပါတယ်။ လေးစားအပ်ပါသော အန်ကယ်ဘဘဦးတင်ဦးနဲ့ ကြွရောက်လာကြတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲတွေ၊ ကျွန်တော်တို့ နိုင်ငံနဲ့လူမျိုး တိုးတက်မြင့်မားရေးကို နှစ်သက်သဘောကျကြတဲ့ အခုတက်ရောက်လာတဲ့သူတွေ အားလုံးဟာ ကျွန်တော်တို့နဲ့အတူတူ ရှိနေတယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ ၁၅ နှစ် ကျော်ဖြတ်ခဲ့ပြီးတဲ့ ဟာကိုလည်း ဗွီဒီယိုနဲ့ ရှင်းလင်းပြီးပါပြီ။ ကျွန်တော်တို့ အများကြီးလည်း ပြောစရာမရှိပါဘူး။
တကယ်ကျတော့ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံမှာ ပုဂ္ဂလိက သတင်းမီဒီယာတစ်ခု လုပ်ကိုင်ရတာ သမိုင်းနဲ့ချီရင်လည်း အင်မတန်ခက်ခဲတဲ့ အခြေအနေမှာ ရှိပါတယ်။ ၁၀ နှစ်ကျော် သက်တမ်းရှိတဲ့ သတင်းစာတစ်စောင် ပုဂ္ဂလိက သတင်းမီဒီယာတစ်ခု မြန်မာနိုင်ငံမှာ ပေါ်ထွန်းဖို့ဆိုတာ အင်မတန် ကိုလိုနီခေတ်ကတည်းက အင်မတန်ရှားပါးတဲ့ ဖြစ်ရပ်မျိုးဘဲ ဖြစ်ပါတယ်။ ပထမဆုံး First Eleven Sports ဂျာနယ် တည်ထောင်တုံးကလည်း ကျွန်တော်အနေနဲ့ ဒီသတင်းမီဒီယာဟာ ၁၅ နှစ်သက်တမ်းအထိ သွားရောက်ခရီး တွင်ခဲ့လိမ့်မယ်လို့ မျှော်မှန်းခဲ့ခြင်းလည်း မရှိပါဘူး။ ဘယ်လိုအခြေအနေမျိုးတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာလည်း မျှော်မှန်းမရတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ အစဉ်အမြဲ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ရက်တိုင်း လတိုင်း နှစ်တိုင်းဟာ ကျွန်တော်တို့အတွက် အမြဲတမ်း ပူပန်သောက၊ ကျွန်တော်တို့ရဲ့ ရုန်းကန်မှုတွေအားလုံးနဲ့ ကျွန်တော်တို့ ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ကျော်ဖြတ်ခဲ့တဲ့ ကျွန်တော်နဲ့အတူ ကျော်ဖြတ်ခဲ့တဲ့ ကျွန်တော်ရဲ့ဝန်ထမ်းတွေ ကျွန်တော်ရဲ့ ဝန်ထမ်းဟောင်းတွေ၊ ကျွန်တော်ရဲ့ မိတ်ဆွေသင်္ဂဟတွေ၊ ကျွန်တော်တို့ကို ကူညီအားပေးတဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်က ပြည်သူတွေ အားလုံးကိုလည်း ကျွန်တော်က ဒီနေရာက ကျေးဇူးတင်ပါတယ်။ ၁၅ နှစ်တာကာလအတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာဟာ မြန်မာပြည်သူတွေ ရုန်းကန်ခဲ့ရတာထက်စာရင် အများကြီး မဟုတ်ပါဘူး။ ကျွန်တော်တို့ထက် အများကြီး အနစ်နာခံတဲ့သူတွေ ကျွန်တော်တို့ထက် စွန့်လွှတ်ခဲ့တဲ့သူတွေ တိုင်းပြည်အတွက် ပေးဆပ်ခဲ့တဲ့သူတွေ၊ ဆင်းရဲနိမ့်ကျပြီးတော့ နိမ့်ကျတဲ့ ဘဝတွေမှာ ရှိနေတဲ့လူ အများစုအတွက် ပေးဆပ်ရတဲ့သူတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ပေးဆပ်ခဲ့ရတာ ကျွန်တော်တ ရုန်းကန်ခဲ့ရတာ ကျွန်တော်တို့ အားထုတ်ခဲ့ရတာ ဘာမှရှိတယ်လို့ မထင်ပါဘူး။ တကယ်ကျတော့ ကျွန်တော်တို့နိုင်ငံဟာ ဒီထက်ပိုပြီးတော့မြင့်မားတဲ့ အခြေအနေမျိုးမှာ ရှိနေသင့်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံနဲ့ လူမျိုးဟာ ပင်ကိုယ်အားဖြင့် ရိုးသားဖြူစင်ပြီးတော့ အလုပ်ကြိုးစား လုပ်တတ်တဲ့သူတွေ၊ ကိုယ်မေတ္တာ စေတနာကို အရင်းခံပြီး နေထိုင်တတ်ကြတဲ့သူတွေ ဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိရောက်ရှိနေတဲ့ ဘဝကတော့ အရှေ့တောင်အာရှာမှာ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အာရှတိုက်မှာ တတိယမြောက် အဆင်းရဲဆုံး နိုင်ငံလဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကြိုးစားခဲ့ရတာတွေ၊ ကျွန်တော်တို့ အားထုတ်ခဲ့ရတာတွေ၊ ကျွန်တော်တို့ ပေးဆပ်ခဲ့ရတာတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့နိုင်ငံ ရရှိနေတဲ့အခြေအနေတွေဟာ အင်မတန်မှာ ဝမ်းနည်းစရာ အခြေအနေမျိုးဘဲ ရှိတယ်ဆိုတာကို ကျွန်တော်ပြောကြားလိုပါတယ်။
ကျွန်တော်ဒီမီဒီယာကို တည်ထောင်စဉ်က အသက် ၃၇ နှစ်ပါ။ အခုကျွန်တော် ၅၂ နှစ်ရှိပြီ။ ကျွန်တော်တို့နေရမှာ နောက်အနှစ် ၂၀။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မိသားစုတွေ၊ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေ၊ ကျွန်တော်တို့ရဲ့ အခုရှိနေတဲ့ အယ်ဒီတာတွေ သတင်းထောက်တွေဟာ နောက်ထပ်နှစ် ၅၀၊ ၆၀ လူ့ဘဝမှာ နေရအုံးမှာ။ လူငယ်တွေ နောက်ထပ်နေရမယ့် နှစ် ၅၀၊ ၆၀ အတွက် ကျွန်တော်တို့ဟာ ဆက်လက်ပြီး ရုန်းကန်ရအုံးမယ် ဆိုတာပါ ဒီ ၁၅ နှစ်မြောက်ပွဲမှာ အဓိကပြောချင်တဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။
ဟိုတစ်နေ့က ကျွန်တော်တို့ KFC ဆိုင်ဖွင့်ပွဲမှာ ကျွန်တော်တို့ဆီက သတင်းထောက်တစ်ယောက်က ဓာတ်ပုံတစ်ပုံ တင်ပါတယ်။ တကယ်ကျတော့ နိုင်ငံတကာမှာ သာမန်အလုပ်သမားတွေ၊ သာမန်လူတန်းစားတွေ စားတဲ့ KFC ကြက်ကြော်ကို ကျွန်တော်တို့ဆီမှာ တခမ်းတစ်နား လုံခြုံရေး ဝန်ထမ်းအစောင့်တွေနဲ့ ဖွင့်လှစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျပ် ၃၆၀၀ ပဲ ဝင်ငွေတောင် အနိမ့်ဆုံးဝင်ငွေတောင်မရတဲ့ မြန်မာနိုင်ငံမှာ ကြက်ကြော်နှစ်တုံးကို ၃၅၀၀ ရောင်းတဲ့ အချိန်မှာ ကလေးလေးတစ်ယောက်က အကြွေတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ငေးကြည့်နေတဲ့ပုံကို ကျွန်တော်တို့ သတင်းထောက်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။ ဝမ်းနည်းတဲ့သူတွေ စိတ်မကောင်းဖြစ်တဲ့သူတွေ အများကြီးရှိတဲ့ကြားမှာ တချို့လူငယ်တွေဟာ ဒီဟာအပေါ်မှာ ပျက်ရယ်ပြုခဲ့ကြတာတွေ ဝမ်းနည်းစရာ ကြုံတွေ့ရပါတယ်။ မစားနိုင်တာကိုကြည့်ပြီး ဓာတ်ပုံရိုက်မလား၊ ကျွေးလိုက်ပေါ့ကွာ၊ မင်းမှာပိုက်ဆံရှိရင် ကျွေးလိုက်ပေါ့ဆိုတဲ့ မှတ်ချက်မျိုးပြုတဲ့ လူငယ်အများအပြားရဲ့ မှတ်ချက်တွေကို ကြည့်ပြီးတဲ့အခါ ကျွန်တော့်နိုင်ငံရဲ့ လူငယ်တွေအတွက် ကျွန်တော်အများကြီး စိုးရိမ်မကင်း ဖြစ်မိပါတယ်။
နိုင်ငံတကာမှာ Y Generation နဲ့ Z Generation ဟာ Apolitical နိုင်ငံရေးနဲ့ အသိပညာနိမ့်တာ။ ဘာမှပြသနာ မရှိပေမဲ့ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်အောက်မှာ နေခဲ့ရပြီးတော့ တိုင်းရင်းသား လူမျိုးတွေကြားမှာ နှစ်ပေါင်း ၆၇ နှစ် ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ လူငယ်တွေ ဒီလိုနိုင်ငံရေးအသိ နိမ့်ကျခဲ့တာကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။
ကိုယ်တစ်ယောက်ထဲ ကိုယ့်မိသားစုပဲ ကိုယ့်ပတ်ဝန်းကျင်ပဲ ကြီးကျယ်ခမ်းနားဖို့ အဆင်ပြေဖို့ အောင်မြင်ဖို့ကို့ပဲ အာရုံစိုက်တဲ့ လူငယ်တွေ အများအပြား ရှိနေခဲ့တဲ့အတွက် ကျွန်တော်တို့ နိုင်ငံဟာ ဒီလိုမျိုးဖြစ်လာခဲ့ရတာပါ။ တကယ်ကျတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေဟာ အများကြီးရုန်းကန်ရမဲ့ အခြေအနေရှိနေဆဲပဲ ဖြစ်ပါတယ်။ မကြာသေးမီက အရှေ့တောင်အာရှမှာ အိမ်ဖော်အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်လာမဲ့ ပြဿနာ ရှိတယ်။ တကယ်တော့ ခပ်ရိုင်းရိုင်းပဲ ပြောတာပါ။ အရင်တုန်းက ထိုင်းနိုင်ငံဟာ Sex Trade မှာ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ အမှန်တိုင်း ပြောရရင်တော့ ကန်တော့ပါရဲ့ ဖာသည်အများကြီး။ ဒါပေမဲ့ အခု ဒီနေရာကို မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အာရှဒေသတွေမှာရှိတဲ့ Sex Trade မှာ လုပ်နေတဲ့ အမျိုးသမီးတွေဟာ မြန်မာတိုင်းရင်းသား အမျိုးသမီးတွေ ဖြစ်နေပြီဆိုတာကို တကယ်သတိပြုမိနေလား။ တကယ်ကျတော့ ဆင်းရဲရုံတင်မကပဲ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ့်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာ ကိုယ့်ရဲ့ဂုဏ်သိက္ခာ နိုင်ငံတကာသွားရင် ကိုယ့် Passport အနီကိုမြင်တဲ့အချိန်မှာ လူတွေရဲ့ မျက်လုံး၊ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံ၂၀၀ ပေါင်းစုံမှာရှိတဲ့ လူတွေရဲ့ မျက်လုံးအပေါ်ကိုရော ဘယ်လိုရှိပါသလဲ။ အရှေ့တောင် အာရှမှာ စင်ကာပူကိုဝင်ရင် ဗီဇာလိုတာ မြန်မာတစ်နိုင်ငံတည်းပဲ ရှိပါတယ်။ မြန်မာလူမျိုးတွေ ခွဲခြားဆက်ဆံခံရတာဟာ နေရာတိုင်းမှာ များပြားပါတယ်။
၂၀၁၂ ခုနှစ်မှာ နိုင်ငံတကာကို ဝင်ရောက်ပြီးတဲ့ အချိန်မှာ မြန်မာနိုင်ငံဟာ အင်မတန်မျက်နှာပွင့်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ခရီးထွက်ရင်လည်း မြန်မာနိုင်ငံဟာ အင်မတန်မှ မျက်နှာပွင့်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတွေဟာ ကြာရှည်မခံပါဘူး။ ၂၀၁၄၊ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ နိုင်ငံဟာ ဒီထက်ပိုဆိုးတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ ဒါတွေဟာ ဘာလို့ဖြစ်ခဲ့ကြတာလဲ။
တကယ်ကျတော့ ကျွန်တော် ဒီအကြောင်းတွေ သိပ်မပြောချင်ပါဘူး။ ဒီအကြောင်းတွေပြောဖို့ ကျွန်တော်မှာ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမဲ့ ပြောရင်းပြောရင်းပဲ ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော့်လုပ်ငန်း အကြောင်းလည်း ပြောဖို့လည်း အစီအစဉ် မရှိဘူး။ ကျွန်တော့်လုပ်ငန်း တိုးချဲ့ဖို့လည်း အစီအစဉ်မရှိဘူး။ စီပွားရေး လုပ်ငန်းတွေ ဘယ်လို ကောင်းဖို့ လုပ်ဖို့လည်း ကျွန်တော့် အကြံပေးဖို့ အစီအစဉ်မရှိဘူး။ ကျွန်တော့် နိုင်ငံသူ နိုင်ငံသားတွေ ဆင်းရဲနေတဲ့သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ ကျွန်တော့်နိုင်ငံရဲ့ သိက္ခာကျနေရတဲ့ ဒုက္ခတွေပဲ ကျွန်တော့်ခေါင်းထဲမှာရှိလို့ ဒီစကားတွေပဲ ထွက်ခဲ့တာဖြစ်တယ်။
၂၀၁၅ ခုနှစ်မှာ ကျွန်တော့်တို့ နိုင်ငံမှာ အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ ရှိပါတယ်။ အပြောင်းအလဲတွေဟာ အဓိကအားဖြင့် သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင် ဒီအပြောင်းအလဲဟာ အကောင်းဘက်ကို ဦးတည်ပါတယ်။ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဖူး ဆိုရင်တော့ ဘယ်လိုဖြစ်မယ်ဆိုတာ အင်မတန်မှ ဝမ်းနည်းစရာ ကောင်းလာနိုင်ပါတယ်။ ဒါဟာ ခြိမ်းခြောက်မှုသက်သက် မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ စဉ်းစားတွေးခေါ်ပြီးတော့ ပြောကြားတဲ့အချက်ပဲ ဖြစ်ပါတယ်။ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲသာ မဖြစ်ခဲ့ဖူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ ၁၉၉၅ ခုနှစ်က ယူဂိုစလားဗီးရား နိုင်ငံခြောက်နိုင်ငံအဖြစ် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားမယ့် အခြေအနေမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ သေသေချာချာ စဉ်းစားကြည့်ပါ။
ယူဂိုစလားဗီးရားနိုင်ငံရဲ့ အဲ့ဒီအခြေအနေတုန်းက သမ္မတ မီလိုစီဗစ် အမျှော်အမြင်နည်းမှုနဲ့ လူမျိုးရေး၊ ဝါဒရေး၊ တယူသံမှု၊ Ultra Nationalism ကြောင့် သူတို့နိုင်ငံဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲခဲ့ရတယ်။ ယူဂိုစလားဘီးယား နိုင်ငံဟာ အင်အားကြီး ရုရှားနိုင်ငံနဲ့ အင်အားကြီးတဲ့ အနောက်အုပ်စု နိုင်ငံကြားထဲမှာ အင်မတန်အရေးပါတဲ့ ဘော်လ်ကန်ကျွန်းဆွယ်မှာ တည်ရှိခဲ့တဲ့အတွက် ဒီလိုပြသနာမျိုး ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် လူမျိုးအများအပြား ကွဲပြားပြီး အစ္စလာမ်မစ်နိုင်ငံတွေရဲ့ အာရုံစိုက်မှုခံခဲ့ရပြီးတော့ ဘော့စနီးယားပြသနာ ကြုံတွေခဲ့ရတာကြောင့်လည်း ဒီလိုပြသနာတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ရင် တိုင်းပြည်မှာ အခုလောလောဆယ် တာဝန်ယူနေကြရတဲ့ အဓိက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အနေနဲ့ သေသေချာချာ စဉ်းစားဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။
တကယ်ကျတော့ ကျွန်တော်တို့နိုင်ငံဟာလည်း အင်အားကြီး တရုတ်နဲ့ အမေရိကန်ကြားထဲမှာ အထူးစိတ်ဝင်စားခံရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို အခုကမ္ဘာ့ရဲ့ အခြေအနေဟာလည်း အာရပ်နွေဦးပြောင်းလဲမှု မအောင်မမြင်ဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲမှုတွေဟာ Anarchism နဲ့ အဆုံးသတ်နေတဲ့အချိန်မှာ အာရှမှာ အာရှနွေဦးဟာ သီရိလကာၤက အစပြုခဲ့ပြီဆိုတာ သတိပြုရပါမယ်။ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ မကြာခင် အာရှနွေဦးရဲ့ ဂယက်ရိုက်လို့ လာပါလိမ့်မယ်။ အာရှနွေဦးဟာ အာရပ်နွေဦးလိုတော့ ပြင်းထန်မှာ မဟုတ်ဘဲနဲ့ ညင်ညင်သာသာ ပြောင်းလဲသွားပါလိမ့်မယ်။ ဒီညင်ညင်သာသာ ပြောင်းလဲမှုဟာ ရွေးကောက်ပွဲကတစ်ဆင့် မိမိလိုလားတဲ့ အစိုးရကို ပြောင်းလဲနိုင်တယ် ဆိုတာကို သီရိလကာၤမှာ ပထမသက်သေပြခဲ့ပါတယ်။ ဒီလိုမဟုတ်ပဲ မပြောင်းလဲပဲ နေခဲ့ရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ နှစ်ပေါင်း ၆၇ နှစ် ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့နိုင်ငံမှာ ဘယ်လိုအခြေအနေမျိုးတွေ ဖြစ်မလဲဆိုတာကို မှန်းဆတွက်ကြည့်လို့ ရပါတယ်။
တကယ်ကျတော့ အင်အားကြီးတဲ့ စစ်တပ်ရှိတိုင်း တိုင်းပြည်ကို တည်ငြိမ်အောင် တိုင်းပြည်ကို တစ်စုတည်းဖြစ်အောင် ထိန်းသိမ်းနိုင်တာ မဟုတ်ဘူးဆိုတာကို မီလိုဆီဗစ်ရဲ့ ဆားဗီးယား တပ်မတော်က ပြသခဲ့တာ ဖြစ်ပါတယ်။ ဆားဘီးယား တပ်မတော်ဟာ အခုလက်ရှိ မြန်မာ့တပ်မတော်ထက် အဆပေါင်းများစွာ စနစ်ကျပြီးတော့ အင်မတန် အင်အားကြီးပါတယ်။ အရှေ့ဥရောပမှာ အင်အားအကြီးဆုံး ရုရှားပြီးရင် အင်အားအကြီးဆုံး စစ်တပ်လည်း ဖြစ်ပါတယ်။ ဒီစစ်တပ်ဟာ ကြက်ဥလေးလိုပဲ ကြေမွပျက်စီး သွားပါတယ်။ တကယ်ကျတော့ စစ်တို့၏သဘောမှာ Legitimacy နဲ့ Justification က အရေးပါပါတယ်။ တရားဝင် မဟုတ်ဘူး ဆိုတဲ့ဟာတွေ ရှိလာရင် နိုင်ငံကြီးတွေ ဝင်ရောက်စွက်ဖက်ရင် ဒီနေ့လက်နက်ကိုင်နေတဲ့  သာမန်လမ်းပေါ်က လူတွေဟာ နောက်နှစ်နှစ်မှာ Regular Army ဖြစ်လာမယ်။ ဒါတွေဟာ သေသေချာချာ စဉ်းစားဖို့ အချက်တွေပဲ ဖြစ်ပါတယ်။
၂၀၁၀ နဲ့ ၁၁ နဲ့ ၂၀၁၅ ဟာ မတူတော့ပါဘူး။ နည်းပညာရဲ့ အပြောင်းအလဲကြောင့် မြန်မာနိုင်ငံမှာ မီဒီယာတွေ ဖွံ့ဖြိုးလာတယ်။ ဖုန်းကိုင်တဲ့သူက သန်းပေါင်း ၃၀ လောက် ရှိလာပြီ Facebook တို့ အင်တာနက်တို့ သုံးစွဲသူဟာ ခုနစ်သန်းလောက် ရှိလာပြီ လျင်လျင်မြန်မြန် ကျွန်တော်တို့ သတင်းစာ၊ ဂျာနယ်တွေက မပျံ့နိုင်ပါဘူး။ အပျံ့နိုင်ဆုံးကFacebook၊ အင်တာနက်နဲ့ ဖုန်းပဲဖြစ်ပါတယ်။ ဒီလောက်မြန်ဆန်တဲ့ အခြေအနေမျိုးမှာရှိတာ ၂၀၁၁ နဲ့ အရမ်းကွာခြားသွားပါပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွေရဲ့ အာရုံစိုက်မှုဟာ အရမ်းအားကြီးနေပါပြီ။ ၁၉၉၀ ခုနှစ်နဲ့မတူတဲ့ အခြေအနေဟာလဲ ၁၉၉၀ တုန်းက အင်အားကြီးမားတဲ့ အတိုက်အခံခေါင်းဆောင် မရှိဘူး။ ပြောရင် ဒေါ်အောင်ဆန်းစုကြည်က အဲဒီတုန်းက ပြည်တွင်းမှာ ထောက်ခံမှုရှိပေမယ့် နိုင်ငံတကာမှာ ဒီလိုထောက်ခံမှုမျိုး မရှိပါဘူး။ နိုင်ငံတကာကသိတဲ့ အခြေအနေမျိုး မြန်မာနိုင်ငံက မရှိပါဘူး။ ဒီအခြေအနေကျတော့ နိုင်ငံတကာကသိတဲ့ အခြေအနေမျိုး ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတောင် မြန်မာအရေးကို အင်မတန် မျက်ခြေမပျက် စောင့်ကြည်နေတဲ့ အခြေအနေမျိုး ဖြစ်လာတဲ့ အခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီဆိုရင် အဆုံးစွန်တွက်ချက်ရမဲ့ အချိန်မျိုးရှိတယ် ဆိုတာကို သတိပြုမိဖို့ လိုပါတယ်။
ကျွန်တော်ကတော့ နိုင်ငံရေး အဆုံးအဖြတ်ပေးနိုင်တဲ့ သူလည်းမဟုတ်ပါဘူး။ ကျွန်တော်က သာမန်ဂျာနယ်လစ် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်မြင်တာ ကျွန်တော် သိရှိတာတွေကို နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းပြည်ခေါင်းဆောင်တွေကို ဒါဟာတင်ပြပြီး သူတို့အနေနဲ့ စဉ်းစားဆင်ခြင်နိုင်အောင် ကျွန်တော်ပြောခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ဟာ ၂၀၁၅ ရွေးကောက်ပွဲအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသင့်အတင့် ပြောင်းလဲပြီး ၂၀၁၅ ရွေးကောက်ပွဲကိုသာ မျှမျှတတ မှန်မှန်ကန်ကန်လုပ်ရင် ပြည်သူလိုလားတဲ့ သို့မဟုတ် ပြည်သူတွေ ရွေးချယ်ခဲ့တဲ့ အစိုးရတစ်ရပ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကတစ်ဆင့် တိုင်းပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို တည်ထောင်နိုင်ခဲ့ရင် မြန်မာနိုင်ငံဟာ နောက်ပိုင်းနှစ်နှစ်ဆယ် အတွင်းမှာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး ငါးနိုင်ငံထဲကို ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။
ဒါမှမဟုတ်ပဲနဲ့ ဒီလားရာရဲ့ ပြောင်းပြန်ကို သွားမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားမှာ ဖြစ်ပါတယ်။ ဒီမှာတက်လာတဲ့ လူငယ်တွေဟာလည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူငယ်တွေဟာ နိုင်ငံရေးကို စိတ်မဝင်စားဘူး သာမန်သာ စဉ်းစားတွေးခေါ်ပြီး ဒီရွေးကောက်ပွဲကိုများ လျစ်လျူရှုလိုက်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ အနာဂတ်ဟာ အခုလူငယ်တွေ၊ ခင်ဗျားတို့ ကျွန်တော် အသက်အရွယ် ရောက်တဲ့အချိန်မှာ ခင်ဗျားတို့ နိုင်ငံဟာ ကန်တော့ပါရဲ့ ဖာနိုင်ငံစစ်စစ် ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ တက်ရောက်လာကြတဲ့ မိတ်ဆွေတွေအားလုံး ကျွန်တော်တို့နဲ့ အတူရပ်တည်ခဲ့ကြတဲ့ မိတ်ဆွေတွေရော နိုင်ငံအရေး အရာတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးခေါင်းဆောင်တွေ ပြည်သူတစ်ရပ်လုံးကော ကျွန်တော်တင်ပြတဲ့ အချက်တွေကို သေသေချာချာ စဉ်းစားပြီးတော့ ဆွေးနွေးတိုင်ပင်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

Most Read

Most Recent