လှိုင်းမိုက်

လှိုင်းမိုက်
Published 4 July 2015
တက္ကသိုလ် မိုးဝါ

မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် လူနေအိမ်များနှင့် လယ်ယာများ ရေနစ်မြုပ်ခဲ့ရသည့် သတင်းများအား ဆက်ကာဆက်ကာ ဖတ်နေရသည်။ အနောက်တောင်မုတ်သုံလေ ပိုမိုအားကောင်းလာမှုကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းအပါအဝင် အောက်ပိုင်းဒေသတွင်သာမကဘဲ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တို့တွင်လည်း မိုးသည်းထန်၍ ရေကြီးရေလျှံခြင်း ဖြစ်ပွားခဲ့သည်။
 
များမကြာသေးမီက စာရေးသူ၏  “မိုးကို ဘယ်သူတားမည်နည်း”ဟူသော ဆောင်းပါးတစ်ပုဒ်ကို The Daily Eleven က ၁၉-၆-၂၀၁၅ နေ့က ဖော်ပြပေးခဲ့ပြီ။ 
 
ယင်းဆောင်းပါး၌ ယခုနှစ် အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာသည့် အစွန်းရောက် ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံအပေါ် သက်ရောက်လျက်ရှိကြောင်း ရေးသားခဲ့သည်။ ယင်းသက်ရောက်မှု မည်မျှ ပြင်းထန်သည်ကို နိုင်ငံအနှံ့ မိုးကြီး၊ ရေကြီး ရေလျှံမှုများက သက်သေခံလျက်ရှိနေသည်။
 
မိုးရွာသွန်းမှုမရှိသော ဤနိုင်ငံအလယ်ပိုင်းဒေသတို့အတွက် မိုးရွာစေရန် သိပ္ပံနည်းကျပြုလုပ်ပေးနိုင်သည်။
 
ဓာတုဒြပ်ပေါင်းတစ်ခုဖြစ်သည့် ဆီးလ်ဗားအိုင်အိုဒိုက်ဒ် အစိုင်အခဲလေးများအား ဒုံးကျည်ဖြင့်ဖြစ်စေ၊ လေယာဉ်ပျံပေါ် တင်ဆောင်၍ဖြစ်စေ၊ မိုးတိမ်တိုက်အစုထဲသို့ ပစ်ခတ်ထည့်သွင်းခြင်းဖြင့် မိုးကို ရွာချစေနိုင်သည်။  တိမ်လွှာဖြိုခွင်းခြင်း (Cloud Seeding)  ကို တရုတ်နိုင်ငံက အများဆုံးအသုံးပြုနေသည်ဟု သိရသည်။ 
 
ဤနည်းဖြင့် ပြုလုပ်ဆောင်ရွက်နိုင်သည်ဆိုသော်လည်း စရိတ်စက အလွန်များပြားသည်။ မိုးခေါင်၍ စိုက်ပျိုးရေးအတွက်၊ သောက်သုံးရန် ရေပြတ်လပ်သောနေရာဒေသများအတွက် ဖော်ဆောင်ပေးရန် အစိုးရတွင် လုံးဝတာဝန်ရှိသည်။ ဘဏ္ဍာငွေခွဲတမ်းမရှိ၊ မလုံလောက်ဟု ပြောပါကလည်း ကုန်လွန်ခဲ့သော နှစ်ကာလများစွာကတည်းက စီမံခန့်ခွဲမှု အလွဲကြောင့် အလေအလွင့်များအား လက်ညှိုးထိုး၍ မေးခွန်းများထုတ်ရန်သာ ရှိတော့သည်။
 
မိုးခေါင်ခြင်းထက် ပိုမိုဆိုးရွားသည်ဟု သတ်မှတ်နိုင်သည့် ရေကြီးရေလျှံမှုများကြောင့် လူနေအိမ်များ ရေထဲမျောပါဆုံးရှုံးသွားသော ဖြစ်စဉ်မှာ မူလကတည်းက ဆင်းရဲတွင်းနက်သူ ပြည်သူတို့အား ပို၍ အတိဒုက္ခရောက်စေသည့်ဖြစ်စဉ် ဖြစ်သည်။
 
တစ်နေ့ကပဲ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းဒေသ၌ တောင်ကျရေကျခြင်းနှင့် ပင်လယ်ဒီရေ တက်ချိန် တစ်ပြိုင်နက်တည်းဖြစ်ပွားသဖြင့် ကျေးရွာအချို့မှ အိမ်ခြေ ၁၃၀ ခန့် ရေစီးထဲ မျောပါသွားသည့် သတင်းဖတ်ရသည်။ တောင်ကုတ်မြို့၌လည်း လူနေအိမ်နှင့် ဆိုင်ခန်း ၂၀ ကျော် ရေထဲမျောပါသွားသည် ဆိုသည်။
 
ရေသည် အမြင့် သုံးပေမှ ရှစ်ပေအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။  မိုးသက်လေပြင်းများ တိုက်ခတ်သဖြင့် ကျေးရွာများရှိ နေအိမ်အများအပြား ပြိုကျပျက်စီးကာ ဆုံးရှုံးမှုများစွာရှိခဲ့သည်ဟု ဆိုသည်။ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ဌာနဆိုင်ရာနှင့်တကွ ဆေးရုံအပါအဝင် ရပ်ကွက်အချို့ရှိ နေအိမ်များ ရေနစ်မြုပ်ရာ ကယ်ဆယ်ရေးစခန်းများသို့ သက်ဆိုင်ရာက ထောက်ပံ့ပစ္စည်းများ ပေးပို့ခဲ့ရသည် ဆိုသည်။ 
 
ဘဝတွင် ခက်ခက်ခဲခဲရုန်းကန်နေရသော လက်လုပ်လက်စား ပြည်သူအများစုသည် စားရေးအတွက် ဝမ်းတစ်ထွာကိုပင် ဖြည့်ဆည်းရန် အနိုင်နိုင်ဖြစ်နေသည့်ကြား၊ နေရေးအတွက်လည်း မိုးသက်လေပြင်းနှင့်အတူ တွဲဖက်လာသည့် မိုးသည်းထန်မှုက အတိဒုက္ခရောက်စေပြန်သဖြင့် ဒီမိုးကို မည်သူက ထိထိရောက်ရောက် တားဆီးပေးပါမည်နည်း။ မည်သို့သော သြဇာသက်ရောက်သူ၊ မည်သည့်အာဏာပိုင်များက တားဆီးဖေးကူပါမည်နည်း။
 
စာရေးသူတို့ အမှတ်သညာထဲတွင် စွဲကျန်ရစ်ခဲ့သော ရာသီဥတုနှင့် ဆက်စပ်သည့် အချက်တစ်ချက်ရှိသည်။ လွန်ခဲ့သော အနှစ်သုံးလေးဆယ်ခန့်က ဆိုလျှင် ရာသီဥတုလည်ပတ်မှုမှာ မဖောက်မပြန် အမြဲမှန်ကန်ခဲ့သည်ဟူ၍ ဖြစ်သည်။  ဒီ နွေ မိုး ဆောင်း ပုံမှန်အချိန်တိုင်း လာရောက် လည်ပတ်ကြသည်။ စောသည်လည်း မရှိ၊ နောက်ကျသည်ဟုလည်း မကြားဖူး။
 
ယခုမူ နိုင်ငံရေးအခြေအနေဖြစ်ပေါ် ဆုတ်ယုတ်မှုနှင့်အတူ မြန်မာ့ရာသီဥတု ပြောင်းလဲမှုသည် အာရှ-ပစိဖိတ်ဒေသတွင်း အဆိုးရွားဆုံးပြောင်းလဲမှုအဖြစ် ရပ်တည်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
 
ရေကြီးရေလွှမ်းမိုးခြင်းဆိုသည်မှာ သူ့ဘာသာသူဖြစ်ပေါ်ခြင်းမဟုတ်။ လေဖိအားနည်းရပ်ဝန်းနှင့်အတူ မုန်တိုင်း၏ “လက်တံ”  က ဆွဲခေါ်လာသည့် ရေကြီးမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတို့သာဖြစ်သည်။ 
 
သို့စေကာမူ မုန်တိုင်း၏ “လက်” သည် မရပ်တန့်ဘဲ ထာဝရ အရှည်ဆွဲဆန့်နိုင်မည် မဟုတ်။ အချိန်တန်လျှင် ဆုတ်ခွာသွားရမည်သာ ဖြစ်သည်။ 
 
နာရီ ရာပေါင်းများစွာ ညောင်းခဲ့သည့်တိုင်အောင် အတိဒုက္ခရောက်စေရန် မွှေနှောက်ခဲ့သော ဒီမိုး ဒီလေ၏ အထုအထောင်းကြောင့် ပြည်သူအများ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဟိုမှာဘက်ကမ်းစပ်အား မှုန်ပျပျသာမြင်ရတော့သည်။ 
 
မည်ရွေ့မည်မျှ မှုန်ပျပျသာဖြစ်နေစေကာမူ ကမ်းစပ်၏ တည်နေရာ ပထဝီအနေအထားကို ပျောက်ဆုံးမသွားအောင် မျက်စိတစ်ဆုံး အာရုံစူးစိုက်ထားနိုင်သေးသည်ဟု ဆိုရပေမည်။
 
ပြီးတော့ မည်သည့်အခါ၌မဆို မိုးသက်မုန်တိုင်းနှင့် ဆက်စပ်လျက်ရှိသော အရာတစ်ခုကို မေ့မထားသင့်။ ယင်းမှာ ကောင်းကင်ထက်မှ ခုနစ်ရောင်ခြယ် သက်တံခုံးခုံးလေး ဖြစ်သည်။
 
သက်တံဟူသည် ရောင်စုံပြည့်လျှမ်းသော အလှပန်းပွင့်များစွာ ခြံရံထားခြင်းနှင့် တူသည်။ မိုးသက်မုန်တိုင်း ရပ်တန့်ဆိတ်ငြိမ်သွားတော့မည့် ရှေ့ပြေးနိမိတ်တစ်ခုဖြစ်သည်။
 
ကဗျာဆရာတစ်ဦးအဖို့ သက်တံသည် မျှော်လင့်ချက်၊ သို့မဟုတ် လူမှုဘဝအပြောင်းအလဲတစ်ခု၏ သင်္ကေတအဖြစ် ကျင့်သုံးခံယူထားသည်။ 
 
ကဗျာဆရာ၏ ဦးနှောက်ထဲတွင် ကဗျာရေးတိုင်း အလင်္ကာနိမိတ်ပုံ၊ တင်စားချက်၊ သရော်ချက် စသည့်အားဖြည့်အတွဲအစပ်များ အစဉ်အမြဲ ဒွန်တွဲပါနေလေ့ရှိရာ သက်တံကို တွေ့မြင်လိုက်ရတိုင်း အင်အားပြည့်ဝလာရသည်ချည်း ဖြစ်သည်။
 
မိုးမုန်တိုင်း၏ လက်တံ မည်မျှပင်ရှည်စေဦး တစ်ချိန်တစ်ခါတွင်တော့ ထို “လက်တံ”  ၏ ရိုက်ချက်သည် အားပျော့သွားရမည်သာ ဖြစ်သည်။ 
 
ယခုလည်း ကြည့်ပါ။ မိုးမုန်တိုင်း၏ ရိုက်ချက်သည် မပြင်းထန်တော့။ တစ်နေ့က မြစ်ကမ်းစပ်တစ်ခုသို့ ရောက်ခဲ့သည်တွင် လေပြင်းအကြွင်းအကျန်ကြောင့် ရေပြင်လှိုင်းတို့ အထိုက်အလျောက်တော့ ထန်နေ၊ အင်အားပြနေသေးသည်ကို တွေ့ရသည်။   
 
ဟိုးအဝေး မိုးကုပ်စက်ဝိုင်းအနိမ့်ပိုင်းတွင် အပူရှိန်လျော့နည်းသွားပြီဖြစ်သော ညနေဆည်းဆာချိန် နေလုံးကို ရေပြင်ပေါ် မေးတင်ထားလျက်တွေ့ရသည်။ ထန်နေသေးသော လှိုင်းလုံးတို့က တဝေါဝေါအသံပြုလျက် နေလုံးရှိရာသို့ အရောက်သွားပြီး နေလုံးအား ဝါးမျိုပစ်ရန် အထပ်ထပ်ကြိုးစားနေသည်။  
 
သို့သော် နောက်တစ်နေ့ မိုးသောက်လျှင်တော့ လေသည်လည်း ငြိမ်၊ လှိုင်းသည်လည်း အကြံအစည်ပျက်ပြားပြီး ရေပြင်တစ်ခုလုံး  ငြိမ်သက်လျက်ရှိနေသည်ကို တွေ့ရတော့သည်။
 
ယင်းကို ကဗျာတစ်ပုဒ်ဖြင့် ရေးသားမှတ်တမ်းတင်ထားမိသည်။
 
“လှိုင်းမိုက် လှည့်စား”
 
နေလုံးကို ဝှက်သို
ဝါးမျိုမယ်လို့ ထင်ထား။
 
မနက်ခင်းဆီအရောက်
မိုးသောက်စဉ် ငြိမ်ကာသက်လေတော့
ဂယက်ပြေငွေမှုန်လှိုင်း…..
ရိုင်းလိုက်ဘိတကား။       ။
( ၂၇-၁၁-၂၀၁၄)
 
နေလုံးအားဝါးမျိုရန် လှိုင်းမိုက်၏ အကြံအစည် ပျက်ပြားသွားပြီးသည့်နောက် ကဗျာဆရာ ချစ်မြတ်နိုးသော မိုးသက်မုန်တိုင်းလွန်  သက်တံကို မြင်တွေ့ရပေတော့မည်။

Most Read

Most Recent