ရန်ကုန်နှင့် စင်ကာပူ မတူရခြင်း အကြောင်းရင်း

ရန်ကုန်နှင့် စင်ကာပူ မတူရခြင်း အကြောင်းရင်း
Published 2 July 2015
ကျော်ဦး

ရန်ကုန်နှင့် စင်ကာပူတို့သည် တစ်နှစ်လျှင် မိုးရေချိန် ၂၄၀၀ မီလီမီတာဝန်းကျင်စီ ရွာသွန်းသောအချက်နှင့် လူဦးရေ ငါးသန်းခွဲခန့်စီရှိကြသော အချက်တို့တွင် တူညီကြသည်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်သည် စတုရန်းကီလိုမီတာ ၆၀၀ ခန့်ရှိပြီး စင်ကာပူ၏ ဧရိယာသည် စတုရန်း ကီလိုမီတာ ၇၀၀ ခန့်ရှိသဖြင့် အကျယ်အဝန်းချင်းလည်း များစွာမကွာခြားလှချေ။
ရန်ကုန်နှင့် စင်ကာပူသိသာစွာ ကွာခြားသောအချက်မှာ မြင်ရုံမျှနှင့် အလွယ်တကူ သိနိုင်သည့် မြို့ပြသန့်ရှင်း သပ်ရပ်မှုဖြစ်သည်။ သန့်ရှင်းခြင်းကဲ့သို့ မြို့ပြ၏ ဂုဏ်အင်္ဂါ ကောင်းတစ်ခုဖြစ်သော ရေကြီးရေလျှံမှုကို ထိန်းချုပ်နိုင်ခြင်းတွင်လည်း စင်ကာပူသည် ရန်ကုန်ထက်များစွာ သာလွန်သည်။ မိုးရေ ပမာဏတူ၊ လူဦးရေတူ၊ မြို့အကျယ်အဝန်း မကွာလှသည့် အခြေအနေတွင် စင်ကာပူက ရန်ကုန်ထက် သာလွန်အောင် မည်သို့လုပ်ဆောင် နိုင်သနည်း ဆိုသည်ကို လေ့လာသင့်သည်။ ၁၉၈၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မှတ်တမ်းများအရ စင်ကာပူမိုးရွာသွန်းမှုသည် အကြိမ်များလာသည့်အပြင် ရွာစဉ်တွင်လည်း ရေပိုပါလာလျက်ရှိသည်။
စင်ကာပူ၏ မြေမျက်နှာသွင်ပြင်သည် ယေဘုယျအားဖြင့် ညီညာသော မြေပြင်ရှိသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံ၏ တောင်ပိုင်း၊ အရှေ့ဘက်ကမ်းရိုးတန်း နေရာအချို့နှင့် အတွင်းပိုင်းနေရာ အချို့တို့တွင် မြေနိမ့်များရှိသည်။ သည်းထန်သောမိုးနှင့် ဒီရေတို့ ဆုံမိလျှင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရတတ်သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် စင်ကာပူကို ပတ်လည်ဝိုင်းနေသော ပင်လယ်ရေပြင် မြင့်တက်လာနိုင်ခြေလည်း ရှိနေသည်။              
တစ်ဖက်တွင်လည်း စင်ကာပူသည် အာရှမြို့ကြီး အများအပြားကဲ့သို့ မြို့ပြဖွံ့ဖြိုး ကြီးထွားလာမှုကို ရင်ဆိုင်နေရသည်။ ၁၉၆၀ ခုနှစ်က စင်ကာပူလူဦးရေသည် ၁ သန်းခွဲကျော်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်အရောက်တွင် လေးဆနီးပါး မြင့်တက်လာသည်။ များပြားလာသောလူဦးရေ၊ အဆောက်အအုံတို့နှင့်အတူ ကွန်ကရစ်ပြင်နှင့် ကတ္တရာပြင်များ တိုးပွားလာသည်။ မိုးရွာသောအခါ မိုးရေများ မြေကြီးထဲစိမ့်ဝင်နိုင်မှု လျော့လာပြီး မြေပေါ်ရေစီးဆင်းမှု ပိုများလာသည်။
စင်ကာပူတွင် ရေကြီးနိုင်သော အကြောင်းတရားများစွာ ရှိသော်လည်း ကောင်းမွန်ခေတ်မီသော မြို့ပြစီမံခန့်ခွဲမှုဖြင့် မိုးရေလှောင်ကန်များ အဆင့်ဆင့်ထားရှိခြင်း၊ လုံလောက်သောအကျယ်နှင့် အနက်ရှိသော ရေမြောင်းများ၊ ရေတားများ ထားရှိပေးခြင်း၊ အဆောက်အအုံအသစ်များ ဆောက်လုပ်လျှင် ယင်းတို့မှ  ထွက်လာသော မိုးရေကို မည်သို့ထုတ်ရမည်ဟူသည့် စနစ်ကျသော စီမံချက်များထားရှိခြင်း တို့ဖြင့် ရေကြီးရေလျှံမှု အန္တရာယ်ကို စင်ကာပူအင်ဂျင်နီယာတို့ ထိန်းချုပ်နိုင်ကြသည်။
စင်ကာပူမိုးသည်  ရွာချလိုက်၊ အချိန်အတန်ကြာတိတ်လိုက်နှင့် တစ်နှစ်ပတ်လုံးဖြစ်နေရာ မိုးရွာနေချိန်တွင် မြောင်းရေပြည့်လာလိုက် မိုးတိတ်လျှင် ရေကျသွားလိုက်နှင့် သံသရာလည်နေသည်။ မိုးအလွန်သည်းထန်သည့် အခါများ၌ မြောင်းလျှံတက်လာ တတ်ရာမလျှံအောင် လက်ခံနုတ်သိမ်းနိုင်သော ရေမြောင်းများကို ဆောက်လုပ်၍ ရသော်လည်း ကုန်ကျစရိတ် အလွန်များမည်ဖြစ်၍ မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ချေ။
စင်ကာပူ အင်ဂျင်နီယာတို့သည် ရေကြီးရေလျှံမှု ပြဿနာကို ရေထုတ်မြောင်းကို ပြုပြင်ချဲ့ထွင်ရုံမျှနှင့် ဖြေရှင်းနိုင်သည်ဟူသော သမားရိုးကျစဉ်းစားမှုမှ ခွဲထွက်ကာ မိုးရေစတင် စီးကျလာသည့်နေရာမှစ၍ ကိုင်တွယ်သည်။ အချို့အဆောက်အအုံများတွင် မိုးရေများကို သီးသန့်ကန်ထဲထည့်၍ သန့်ရှင်းဆေးကြောရာတွင် အသုံးချသည်။
နေရာအများအပြား၌ ရွာကျလာသော မိုးရေစတင်ထိတွေ့ စီးဆင်းရာဖြစ်သော အဆောက်အအုံခေါင်မိုးနှင့် မြေပြင်တို့တွင် “မိုးရေလှောင်ကန်” များဖန်တီးပေးထားခြင်းဖြင့် မိုးရေအချို့ကို ရေထုတ်မြောင်းထဲသို့    ချက်ချင်းမစီးဆင်းစေဘဲ ခေတ္တမျှ သိုလှောင်ထားလိုက်သည်။ ကနဦးမိုးရေများ မြောင်းတစ်လျှောက် စီးသွားပြီးမှ “မိုးရေလှောင်ကန်” များထဲရှိ ရေများဆက်စီးဝင်စေခြင်းဖြင့် အလွန်ကြီးသောမြောင်းများ တည်ဆောက်ရန် မလိုတော့ဘဲ ရေကြီးရေလျှံမှုကို အထိုက်အလျောက် ထိန်းသိမ်းပြီး ဖြစ်သွားသည်။
သာမန်အမြင်၌ ယင်းလုပ်ဆောင်ချက်သည် မထူးခြားလှဟု ထင်ရန်ရှိသော်လည်း စင်ကာပူတွင်မူ အဆိုပါ “မိုးရေလှောင်ကန်” အများအပြားသည် အုတ်၊ ကွန်ကရစ် စသည်တို့ဖြင့် ဆောက်လုပ်ထားသော တကယ့်ကန်ကြီးများ မဟုတ်ဘဲ ခေါင်မိုးပေါ်ရှိ မြက်ခင်းများ၊ အပင်ငယ် အပင်လတ်များဖြင့် တန်ဆာဆင်ထားသော ဥယျာဉ်ငယ်များ၊ အဆောက်အအုံမျက်နှာစာ၌ ထားရှိသော အပင်နှင့် ပန်းအိုးများ၊ ရေစီးဆင်းလာရာ လမ်းတစ်လျှောက် မြေနိမ့်ပိုင်းများတွင် စိုက်ပျိုးထားသော အပင်ငယ်များ ဖြစ်ကြသည်။
အမိုး၊ ကွန်ကရစ်ပြင်စသည့် မျက်နှာပြင်များပေါ်သို့ ရွာကျသောမိုးရေသည် အချိန်တိုအတွင်း မြောင်းထဲသို့ စီးဝင်သွားသော်လည်း ခေါင်မိုးမြက်ခင်း၊ မျက်နှာစာပန်းအိုး၊ မြေပြင်ချိုင့်ခွက်ထဲရှိ အပင်အုပ်စုများသည် မိုးရေကို အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားပြီးမှ ရေထုတ်မြောင်းထဲသို့ စီးဝင်စေသဖြင့် ယင်းတို့ကို “မိုးရေလှောင်ကန်” များဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ “မိုးရေလှောင်ကန်” များသည် အကျယ်အဝန်း တစ်စတုရန်း မီတာလျှင် ရေ ၆ လီတာမှ ၃၄ လီတာအထိ ယာယီထိန်းသိမ်း သိုလှောင်ထားနိုင်သည်။ အပင်များ စုပ်ယူထိန်းသိမ်းထားသော မိုးရေများကို တိုက်ရိုက်အငွေ့ပြန်ခြင်း၊ အပင်ထဲမှ တစ်ဆင့်ပင်ငွေ့ပြန်ခြင်း တို့ဖြင့်လည်း ရေထုတ်မြောင်းထဲ စီးဝင်သည့်မိုးရေပမာဏကို လျော့နည်းစေသည်။
ရေကြီးရေလျှံမှုကို လျော့နည်းစေသည်သာမဟုတ်၊ အမိုးနှင့် မျက်နှာစာ ဝရန်တာတို့တွင်ရှိသော အပင်များကြောင့် အဆောက်အအုံ အတွင်းပိုင်းကို အအေးဓာတ် အတန်အသင့် ပေးနိုင်သည်။ မျက်စိပသာဒ တင့်တယ်စေသည်။ “မိုးရေလှောင်ကန်” များအနီးတွင် လျှောက်လမ်းများ ဖောက်ထားပေးခြင်း၊ ကလေးကစားကွင်းများ တည်ဆောက်ခြင်း၊ အနားယူရန် ထိုင်ခုံများ ချထားပေးခြင်းဖြင့် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် ဖန်တီးပေးထားနိုင်သည်။ ယနေ့ ကမ္ဘာတွင် လိုအပ်နေသော အစိမ်းရောင် အဆောက်အအုံများအဖြစ် ပေါ်ထွန်းလာသည်။
“မိုးရေလှောင်ကန်” အချို့တွင် သဲ၊ ကျောက်စရစ်စသည့် ရေစစ်လွှာများခံထားကာ မိုးရေတွင် ပါလာသော အညစ်အကြေးတို့ကို စစ်ထုတ်ကာ အထိုက်အလျောက် သန့်စင်စေပြီးမှ အောက်ခံပိုက်ငယ်များမှတစ်ဆင့် ရေထုတ်မြောင်းများထဲသို့ စီးဝင်စေသည်။
အထက်ပါ လုပ်ငန်းအရပ်ရပ် အပါအဝင် ရေထုတ်ခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများကို စင်ကာပူဒေါ်လာ သန်း ၂၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး နှစ်စဉ်ပြုပြင် ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်ခြင်းတို့အတွက် စင်ကာပူဒေါ်လာ သန်း ၁၅၀ သုံးစွဲလျက်ရှိသည်။
အကျိုးဆက်အဖြစ် ၁၉၇၅ ခုနှစ်ဝန်းကျင်က စင်ကာပူတွင် ရေမကြာခဏ အလွှမ်းခံနေရသော မြေအကျယ်အဝန်း ၃၂၀၀ ဟက်တာရှိခဲ့ရာမှ ယခုအခါ ရေအလွှမ်းခံရသည့် မြေအကျယ်သည် ၃၅ ဟက်တာသာ ကျန်တော့သည်။ ဆယ်စုနှစ်လေးခုအတွင်း ရေလွှမ်းဧရိယာကို ၉၉ ရာခိုင်နှုန်းမျှ လျှော့ချလိုက်နိုင်သည်။ ရန်ကုန်တွင်မူ ယင်းကာလအတွင်း၌ ရေကြီးသည့်ဧရိယာ အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်းသည် မြို့နှစ်မြို့အကြား အလွန်သိသာသော ကွာဟချက်ဖြစ်သည်။
ရန်ကုန်နှင့် စင်ကာပူအကြား အခြားကွာဟချက်တစ်ခုကို သောက်သုံးရေပေးဝေသည့် ကဏ္ဍတွင် မြင်နိုင်သည်။ ရန်ကုန်အပါအဝင် ကမ္ဘာ့မြို့ကြီး အတော်များများတွင် ရွာကျလာသော မိုးရေများသည် ရေထုတ်မြောင်းနှင့် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်ကာ လူတို့ မသုံးလိုက်ရဘဲ အလဟဿ ဖြစ်သွားသည်။ စင်ကာပူတွင်မူ “မိုးရေလှောင်ကန်” များ၊ ကွန်ကရစ်ကန်များ မှ အဆင့်ဆင့် သန့်စင်ပြီးစီးလာသော ရေအများစုသည် ရေထုတ်မြောင်း၊ တူးမြောင်း၊ ပိုက်လိုင်းများမှတစ်ဆင့် စင်ကာပူကို ရေပေးဝေနေသော ကန်ကြီး ၁၇ ကန်သို့ စီးဝင်သည်။ စင်ကာပူမြေပြင်ဧရိယာ စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းပေါ် ရွာကျလာသော မိုးရေများကို အထက်ပါစနစ်ဖြင့် ခံယူစုဆောင်းကာ ထပ်မံသန့်စင်ပြီး ရေပေးဝေလျက်ရှိသည်။ ၂၀၆၀ ခုနှစ်တွင် နိုင်ငံအကျယ်အဝန်း၏ ၉၀ ရာခိုင်နှုန်းကို မိုးရေခံမျက်နှာပြင်အဖြစ် ပြောင်းလဲကာ ရေပေးဝေရန် ရည်ရွယ်ထားသည်။
စင်ကာပူ၏ ရေအရင်းအမြစ်ကဏ္ဍတွင် မိုးရေအပြင် မလေးရှားမှ ဝယ်သောရေ၊ ပင်လယ်ရေမှ ချက်လုပ်သော ရေချိုနှင့် မိလ္လာရေဆိုးမှ သန့်စင်သောရေဟူ၍ လေးမျိုးရှိသည်။ စင်ကာပူ၏ ဖခင်ကြီး လီကွမ်ယု အပါအဝင် အုပ်ချုပ်သူတို့၏ အမြော်အမြင်ဖြင့် တတ်ကျွမ်းနားလည်သော ပညာရှင်တို့ကို နေရာပေး အသုံးချကာ အရင်းအမြစ်တစ်မျိုးမှ ရေအရနည်းသောအခါ ကျန်အရင်းအမြစ်များမှလှည့်၍ ပေးနိုင်ရန် ငွေအမြောက်အမြား အကုန်အကျခံ စီမံထားသည်။ မကြာမီက မိုးရက်ရှည်ပြတ်နေခဲ့၍ ရေလှောင်ကန်များတွင် ရေနည်းလာနေသည်ကို ပင်လယ်ရေမှ ချက်လုပ်သော ရေချိုအပြင် သန့်စင်ပြီး မိလ္လာရည်လီတာပေါင်း သန်း ၁၀၀ ခန့်ကို ရေကန်များအတွင်း ဖြည့်တင်းပေးခြင်းဖြင့် ဖြေရှင်းခဲ့သည်။ စင်ကာပူတွင် ရေဆိုးရွားစွာ ပြတ်လပ်မည်ကို စိုးရိမ်စရာ မရှိလှပေ။
ရန်ကုန်တွင်မူ မြေအောက်ရေ ထုတ်ယူခြင်းကို လျှော့ချရန်ရာထားပြီး ယခုအချိန်အထိ ငမိုးရိပ်၊ ဖူးကြီးစသည့် ရေကန်ကြီးများမှရသော မြေပေါ်ရေတစ်မျိုးတည်းကိုသာ အဓိကသုံးစွဲနေသဖြင့် ကာလကြာမိုးခေါင်မှုနှင့် ကြုံရလျှင် ရန်ကုန်သားတို့ ရေဒုက္ခကိုဆိုးရွား စွာခံစားကြရနိုင်သည်။ ဤသည်မှာလည်း စင်ကာပူနှင့် ရန်ကုန် ကွာခြားချက်တစ်ခု ဖြစ်သည်။
စင်ကာပူနိုင်ငံသားတို့သည် မြောင်းထဲမှ ရေများရေလှောင်ကန်ကြီးများထဲ စီးဝင်ကာ သောက်သုံးရေအဖြစ် ပြန်လည်သုံးစွဲရမည်ကိုသိ၍ ရေမြောင်းများထဲ အမှိုက်နှင့် အညစ်အကြေး အလွယ်တကူ မဝင်စေရန် ဂရုစိုက်သည်။ ငွေကြေးများစွာကုန်ပြီးမှ ရေကြည်တစ်ပေါက် ဖြစ်လာမှန်း နားလည်ကြ၍ သောက်သုံးရေများကို ချွေတာစွာ သုံးစွဲသည်။ အခြားနိုင်ငံ အားလုံးလိုလို၌ ဝင်ငွေကောင်း၍ လူနေမှု အဆင့်မြင့်လာလျှင် ရေသုံးစွဲမှု အချိုးကျလိုက်၍ တက်လာသော်လည်း စင်ကာပူတွင်မူ ၂၀၀၃ ခုနှစ်က လူတစ်ဦး တစ်ရက်လျှင် ရေ ၁၆၅ လီတာသုံးခဲ့ရာမှ ယခု ၁၅၁ လီတာသာ သုံးတော့ခြင်းက စင်ကာပူသားတို့၏ ရေကိုတန်ဖိုးထား ချွေတာတတ်မှုကို ဖော်ပြနေသည်။
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတွင်မူ ရေ၏တန်ဖိုးကို အမှုမဲ့ဖြစ်နေသည်ကများသည်။ ဘီယာတစ်ခွက်မျှ ဖိတ်စဉ်သွားသည်ကို နှမြောတတ်သူ အချို့သည် ရေပိုက်ခေါင်းမှ ရေများမသုံးမစွဲဘဲ အချိန်ကြာ ဖွင့်ထားသည်ကို အတိုင်းသား ကြည့်နေနိုင်ကြသည်။ ဤသည်မှာ စင်ကာပူနှင့်ရန်ကုန် ကွာခြားချက် နောက်တစ်ခုဖြစ်သည်။
ပညာပြည့်၀ နှလုံးလှသော အုပ်ချုပ်သူတို့၏ လုပ်ရည်ကိုင်ရည်၊ တတ်သိကျွမ်းကျင် ပညာရှင်တို့ကို နေရာပေး အသုံးပြုမှု၊ ပြည်သူအများ၏ တက်ကြွစွာ ပူးပေါင်းလုပ်ကိုင်မှု တို့ကြောင့် စင်ကာပူသည် ရေဘက်ဆိုင်ရာကဏ္ဍ အပါအဝင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် နေရာများစွာ၌ အောင်မြင်မှု ရနေခြင်း ဖြစ်သည်။
ရန်ကုန်ကို စင်ကာပူနှင့် တူအောင်၊ စင်ကာပူကိုမီအောင် လုပ်မည်ဟု ကြွေးကျော် နေကြရာ တကယ်ဖြစ်နိုင် မဖြစ်နိုင်ကို အထက်ပါ အချက်တို့နှင့် ချိန်ထိုးဆန်းစစ်လိုက်လျှင် အဖြေပေါ်လာလိမ့်မည်။

Most Read

Most Recent