ဧရာဝတီအနီးက နေရေးခက်သူများ

ဧရာဝတီအနီးက နေရေးခက်သူများ
Published 21 June 2015
သက်ထိန်ဝင်း(ပခုက္ကူ)

ဧရာဝတီမြစ်ဖျားခံရာ အထက်ပိုင်းဒေသတို့တွင် မိုးတို့ ရွာသွန်းနေပါတယ်။ ထို့ကြောင့်ပင် ဧရာဝတီမြစ်ရေသည်လည်း မြင့်တက်လို့လာနေပြီး  ကုန်ခဲ့တဲ့လတွေတုန်းက မြင်တွေ့ခဲ့ရတဲ့ သဲသောင်ပြင်ကြီးတွေ မြစ်ရေတို့ဖြင့် ဖုံးလွမ်းလို့နေပါတယ်။ တစ်ငြိမ့်ငြိမ့် မြင့်တက်လာတဲ့ မြစ်ရေကြောင့် ဧရာဝတီဟာ မြစ်တစ်စင်းအဖြစ် ပီပြင်လာပါတော့တယ်။ မြစ်ပြင်ကျယ်ကြီးထဲမှာ အထက်မြန်မာပြည်နဲ့ အညာဒေသကို ကုန်စည်ကူးသန်းနေတဲ့ မော်တော်တွေလည်း လွတ်လပ်စွာ ခုတ်မောင်းလို့နေကြပါတယ်။ 
 
ထောက်ရှာပင်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းပါးကနေ တောင်အရပ်ဆီကို ကြည့်လိုက်ရင်  ပုဂံဘုရားတို့ကို ဖူးတွေ့ရပါတယ်။။ တန့်ကြည့်တောင်စေတီ၊ တူရွင်းတောင်စေတီ၊ ပုဂံပြည့်ရှင် အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းတို့ကောင်းမှု ရွှေရောင်ဝင်းနေသည့် ရွှေစည်းခုံစေတီတော်၊ ချောက်ဖလှဘုရား၊ ကုန်းတော်ကြီးဘုရားတို့ကိုလည်း ထင်ရှားစွာ ဖူးတွေ့ရပါတယ်။ တောင်ထိပ်ဖျားမှာ တိမ်လိပ်တို့ရစ်သိုင်းနေသည့် ပုပ္ပားတောင်ကြီးကိုလည်း မြင်တွေ့ရတာ ကြည်နူးစရာပါ။ 
 
ပတ်ဝန်းကျင်မြင်ကွင်းတို့က ရှု့မငြီးအောင် လှပနေပေမယ့် ထောက်ရှာပင်ရွာထဲက မြင်ကွင်းကတော့ မလှပ။ ရွာထိပ်ကနေ ရွာဆီကို ဦးတည်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေဟာ တစ်ရက်ထက်တစ်ရက် မြင့်တက်နေတာကြောင့် ကမ်းပါးသည် တစ်လိမ့်ချင်း ပြိုဆင်းနေပါတယ်။ စိုက်ပျိုးမြေတွေကို ဝါးမျိုသွားပြီးနောက် နေအိမ်တွေဆီကို မြစ်ကမ်းပါးရောက်ရှိပါပြီ။ ဒါကြောင့်လည်း ရွာသူရွာသားတို့ တောင်အရပ်ဆီက သဘာဝပန်းချီကားကို မကြည့်အားပါ။ နေအိမ်တွေ မြစ်ထဲပါမသွားအောင် အိမ်တွေကို ဖျက်နေကြရပါတယ်။ 
 

 
လူကြီးတွေက အရိပ်ထဲကနေ ညွှန်ကြား၊  လူငယ်တွေက အိမ်တွေပေါ်တက်ပြီး အမိုးတွေ ဖြုတ် တိုင်တွေနုတ်ပေး။ ဖျက်ပြီးသမျှ နေအိမ်အစိတ်အပိုင်းတွေကို လူငယ်အခြားအဖွဲ့တွေက ရေလွတ်ရာကို ထမ်းသွားနေကြပါတယ်။  ရွာရှိ ယောကျ်ားသားအားလုံး အိမ်တွေကို ရွှေ့ပြောင်းမှုလုပ်နေကြသလို မိန်းမသားတွေလည်း လုပ်အားပေးတွေ စားဖို့ ထမင်းချက်သူချက် ရေနွေးကျိုသူကျိုပါ။ ဒုက္ခရောက်ရင် စုပေါင်းကူညီဖြေရှင်းကြတဲ့ ရွာဓလေ့က တန်ဖိုးထားစရာကောင်းပါတယ်။ ဘယ်သူကို ငွေဘယ်လောက်ပေးပြီး ခေါ်စရာမလို။ ကမ်းပါးပြိုလို့ ဒီနေ့ ဘယ်သူအိမ်ဖျက်မယ်ဆိုရင် မိုးလင်းတာနဲ့ဖျက်ရမယ့် အိမ်ဆီ စုဝေးရောက်ရှိလာပြီး လုပ်ကြကိုင်ကြပါတယ်။ အိမ်ရှင်ကလည်း လာကူညီသူတွေကို အစားအသောက်တွေနဲ့ ပြန်ဧည့်ခံပါတယ်။
 
အရင်က ထောက်ရှာပင်ရွာဟာ ရွာမြေ ဧက ၂၀၀ ကျော်ရှိပါတယ်။ အိမ်ခြေပေါင်း ၁၅၀ကျော်ပြီး အတော်သင့်ကြီးတဲ့ရွာပါ။  မြစ်ကမ်းနားနီးတဲ့အတွက် စိုက်ပျိုးရေး အင်မတန်ကောင်းတဲ့နယ်တွေပါ။ မြစ်ရေက စိုက်ခင်းတွေထိအောင် လျှံလို့သဘာဝမြေသြဇာ နုန်းမြေတွေ ရပြီးသားပါ။ စိုက်ပျိုးရေးကောင်းတာကြောင့်  စီးပွားရေးလည်း ကောင်းပါတယ်။ ထောက်ရှာပင်နယ်က ဆေးရွက်ကြီး အဓိကစိုက်ပြီး မြေပဲလည်း စိုက်ပျိုးကြပါတယ်။ အခုတော့ ထောက်ရှာပင်ရွာ စိုက်ပျိုးရေးမလုပ်နိုင်တော့ပါဘူး။ လုပ်စရာမြေတွေလည်း ရေတိုက်စားလို့ ကုန်ပါပြီ။ တောင်သူလုပ်ငန်းကလွဲရင် တခြား အလုပ်မရှိတာကြောင့် မြေတင်ဆုံးရှုံးလိုက်ရတာမဟုတ်ဘဲ အလုပ်အကိုင်ပါ ဆုံးရှုံးသွားကြတာပါ။ ဒါကြောင့်လည်း ရွာစီးပွားရေး အတော်ကျသွားပါတယ်။ 
 
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး မြစ်ရေစီးကြောင်းက ရွာဆီ ဦးတည်စီးဆင်းလာလို့ ကမ်းပါးတွေက ရေတက်ရေကျချိန်တွေမှာ ပြိုလာပါတယ်။ ဒီနှစ်တော့ အိမ်တွေပါ ဖျက်ရွှေ့နေရပါပြီ။ အိမ်တွေကိုဖျက်ပြီး ရွှေ့ပြောင်းမှုပြုလုပ်နေပေမယ့် အိမ်တွေပြန်ဆောက်ဖို့ မြေနေရာမရှိသေးပါဘူး။ နေအိမ်အများစုကို ရေနဲ့ဝေးတဲ့ဆီတွေမှာ စုပုံရွှေ့ထားရပါတယ်။ လူတွေကတော့ ယာယီတဲလေးတွေ ထိုးပြီးဖြစ်သလို နေထိုင်ကြရပါတယ်။ ကမ်းပြိုမှုကြောင့် ကြုံတွေ့ရတဲ့အခက်အခဲတွေကို “အရင်ကတော့ လုပ်စားမြေရှိတော့ စီးပွားရေးကောင်းတယ်။ ရေဝင်မြေဆိုတော့ မြေဆီမြေနှစ်ကောင်းတဲ့အတွက် သီးပင်စားပင် အကုန်ဖြစ်တယ်။ ယာမြေမှာ တစ်ဧက မြေပဲတင်းအစိတ်ထွက်ချိန် ရေဝင်မြေက တင်း ၃၀ ဆိုတာ အနိမ့်ဆုံးပဲ။ ခုတော့ ကမ်းပြိုတဲ့ထဲ မြေတွေပါကုန်လို့ စားဖို့တောင် အနိုင်နိုင်ဖြစ်ကုန်ပြီ။ ကလေးတွေ ပညာရေးဆိုလည်း ဆုံးခန်းတိုင်ထားနိုင်ဖို့ လက်ရှိ စီးပွားရေးအရ မလွယ်တော့ဘူး”ဟု ထောက်ရှာပင်ရွာသား ဦးကံဦးက ပြောပြသည်။ 
 
မြစ်ရေတိုက်စားမှုက ဘယ်အရာကိုမှ ခွဲခြားချန်မထားခဲ့ပါဘူး။ လူနေအိမ်တွေ ရွှေ့ပြောင်းနေရသလို ရွာဦးဘုန်းကြီးကျောင်းလည်း အမိုးအကာတွေ အကုန်ခွာထားပြီး ရိုးတိုင်လောက်ပဲနုတ်ဖို့ ကျန်ပါတော့တယ်။ အုတ်နဲ့ အခိုင်အမာဆောက်ထားတဲ့ ရဟန်းခံ သိမ်ကျောင်းဟာလည်း ဖြိုဖျက်လို့နေရပါပြီ။ သိမ်ကျောင်းအတွင်း ကိန်းဝပ်တဲ့ ဗုဒ္ဓဘုရားရှင်ကိုလည်း ရေလွတ်ရာ အခြားတစ်နေရာဆီ ရွှေ့ပြောင်းထားရပါတယ်။ ဘုန်းကြီးကျောင်းရော သိမ်ကျောင်းရော မဖျက်လို့မရတော့လောက်အောင် ဧရာဝတီမြစ်ရေက ကမ်းတွေကို တိုက်စားနေပြီး ဘုန်းကြီးကျောင်းထိပ်မြစ်ကမ်းပါးမှာ ရေတိုက်စားသံတွေကို အတိုင်းသားကြားနေရပါတယ်။ သံဃာတော်တွေလည်း ကျောင်းဝင်းထဲက သစ်ပင်အောက်တွေမှာ ယာယီတဲတွေနဲ့ သီတင်းသုံးနေကြရပါတယ်။ 
 

 
ဧရာဝတီမြစ်ရေဟာ တက်စပဲရှိပါသေးတယ်။ နောက် ရက်တွေမှာ ဆက်တက်နေဦးမှာပါ။ ဒါကြောင့် ကမ်းပါးတွေလည်း ပြိုနေဦးမှာပါ။ ထောက်ရှာပင်ရွာသားတွေလည်း ကျန်နေသေးတဲ့ နေအိမ်တွေဖျက်ပြီး ရွှေ့ပြောင်းကြဦးမှာပါ။ နေအိမ်တွေရွှေ့နေရလို့ ရွာသစ်တည်နိုင်အောင် အနီးနားကျေးရွာတွေဆီက စိုက်ပျိုး မြေဝယ်နေပေမယ့် ခုထိဝယ်လို့ မရသေးပါဘူး။ မြေရှင်တွေတောင်းတဲ့ဈေးနဲ့ ထောက်ရှာပင်ကျေးရွာသားတွေပေးနိုင်တဲ့ ဈေးနဲ့ ညှိနှိုင်းနေကြဆဲပါ။ မြေဈေးတွေကတော့ အရင်ထက် နှစ်ဆလောက် တက်သွားတယ်လို့ ထောက်ရှာပင် ကျေးရွာသားတွေက ပြောပြပါတယ်။ မြေဝယ်ဖို့ ကမ်းလှမ်းခံရတဲ့ မြေရှင်တွေကလည်း သူတို့အနေနဲ့ ထောက်ရှာပင်ကျေးရွာ ရွာသစ်တည်နိုင်ရေးအတွက် မြေရောင်းပေးမယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ စိုက်ပျိုးမြေဆိုတာ နှစ်စဉ်ဝင်ငွေရှိပြီး သားစဉ်မြေးဆက်လုပ်နိုင်တဲ့အရာမို့ မြေရောင်းရမယ်ဆိုရင် ထိုက်တန်တဲ့ ဈေးရဖု့ိလိုတယ်လို့ ဆိုပါတယ်။ ဒါမှလည်း တခြားလုပ်ငန်းသစ် ပြန်ပြီးထူထောင်နိုင်မှာ ဖြစ်တယ်လို့လည်း ပြောပြကြပါတယ်။ လက်ရှိတော့ နှစ်ဖက်မြေရောင်းဝယ်လုပ်ကြဖို့ ညှိနှိုင်းကြဆဲပါ။ ဒီနှစ်မြေဝယ်လို့ မရရင်ဆိုတဲ့ အခြေအနေကို ထောက်ရှာပင်ရွာသားတွေ ကြိုတင်ပြီး ပြင်ဆင်ထားကြပါတယ်။ ကျန်နေသေးတဲ့ ၁၅ ဧကလောက်မြေမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကိုရွှေ့မယ်ဆိုပြီး ပြင်ဆင်ထားကြပါတယ်။ ကမ်းပြိုမှုသက်သာအောင် ရေကာအနေနဲ့ သစ်ပင်တွေ ခုတ်လှဲပြီး ကမ်းပါးခြေမှာချထားဖို့လည်းပြင်နေကြပါတယ်။
 
သစ်ပင်တွေက ကိုယ်မခုတ်ရင်လည်း ကမ်းပြိုတဲ့အထဲပါသွားကြမှာပါ။ သဘာဝဘေးကြောင့် ကိုယ်စိုက်ပျိုးခဲ့တဲ့ သီးပင်စားပင်တွေ ကိုယ်တိုင်ပဲ ပြန်ခုတ်ရမှာပါ။ မြေဝယ်ရလို့ ရွှေ့ပြောင်းနိုင်တယ်ဆိုရင်တောင် နောက်ထပ် ကမ်းပြိုမှုတွေမဖြစ်အောင် တာဝန်ရှိသူတွေအနေနဲ့ မြစ်ကြောင်းထိန်းသိမ်းမှုတွေလုပ်ဖို့ လိုတယ်လို့ဆိုပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့  မြစ်ကြောင်းထိန်းသိမ်းမှုတွေ မလုပ်ဘူး၊ မြစ်ရေစီးကြောင်းကို ပြောင်းသွားအောင် မလုပ်ဆောင်သေးဘူးဆိုရင် သူတို့ ထောက်ရှာပင်ရွာအပြင် အခြားရွာတွေပါ ကမ်းပြိုမှုဒဏ်ကို ခံကြရတော့မှာပါ။ ကမ်းပြို လိုက်ရွာရွှေ့လိုက်နဲ့ သံသရာလည်နေဦးမှာပါ။  အရင်က ဧရာဝတီမြစ်ကမ်းဘေးရွာတွေ မှာ ကမ်းပြိုမှုတွေ သိပ်မကြားရပါဘူး။ မြစ်ရေဟာ တက်ချိန်မှာ အချိန်မှန်တက်လာပြီး ကျချိန်မှာ အချိန်မှန်ကျဆင်းသွားပါတယ်။ မြစ်ရေစီးကြောင်းလည်း မြစ်လယ်ကောင်မှာ စီးဆင်းနေပါတယ်။ သို့ပေမဲ့ သစ်တောတွေကို အလွန်အကျွံခုတ်လာပြီးတဲ့နောက် ဧရာဝတီမြစ်ဆီကို မြေဆီလွှာတွေပို့ချတာ များလာပါတယ်။ အကျိုးဆက်က မြစ်လယ် မှာ သောင်တွေထွန်းပြီး ရေစီးကြောင်းက ရွာတွေဘက်ကို ပြောင်းစီးဆင်းလာပါတယ်။ ကမ်းပါးတွေလည်း ပြိုလာပါတယ်။ ရွာတွေလည်း ရွှေ့လာရပါတယ်။ သစ်တောတွေပြုန်းတီးလို့  ရာသီဥတုတွေလည်း ပြောင်းလာပြီး မိုးလေလည်း မမှန်တော့ပါဘူး။
 

 
မြစ်ရေကလည်း အချိန်မှန်တက်မလာတော့သလို အချိန်မှန်လည်း ကျမသွားတော့ပါဘူး။ တချို့နှစ်တွေမှာ ရေကျပြီဆိုပြီး သီးနှံတွေ စိုက်ကြပျိုးကြပါတယ်။ အဲဒီလို စိုက်ပျိုးပြီးမှ ရုတ်တရက် မြစ်ရေတက်လာပြီး စိုက်ခင်းတွေ ရေဖုံးသွားလို့ ငွေကြေးဆုံးရှုံးရတာတွေလည်း ကြုံ လာပါတယ်။ ဧရာဝတီကို မှီတင်းနေထိုင်တဲ့ လူသားတွေ  ဘဝပြန်လည်စိုပြည်လာဖို့အတွက် ဧရာဝတီမြစ်ကြီးကျန်းမာစွာ တည်တံ့ဖို့လိုလာပါတယ်။ သို့ပေမဲ့ သစ်တောတွေ တစ်နှစ်ထက်တစ်နှစ် ပြုန်းတီးနေဆဲဖြစ်တာကြောင့် ဧရာဝတီဟာ နာမကျန်းဖြစ်နေဦးမှာကတော့ သေချာပါတယ်။ ဒါကြောင့် မြစ်ကမ်းဘေးကျေးရွာတွေက ပြည်သူတွေလည်း နေရေးခက်ကြဦးမှာပါ ...