မေတ္တာဖြင့်သာ

မေတ္တာဖြင့်သာ
Published 20 June 2015
ဘစံကောက်

သတ္တဝါမှန်သမျှ ခန္ဓာကိုရလာကြရင် တစ်နေ့ သေကြရမှာချည်းပါပဲ။ သတ္တဝါတွေ သေကြရတဲ့အကြောင်းတရားက လေးပါးရှိပါတယ်။ အဲဒါတွေကတော့ (၁) သက်တမ်းကုန်၍ သေရခြင်း၊ (၂) ကံအစွမ်းကုန်၍ သေရခြင်း၊ (၃) သက်တမ်းနဲ့ ကံအစွမ်းကုန်၍သေရခြင်းနဲ့ (၄) ဥပစ္ဆေဒကကံဟုဆိုအပ်သော ကံကဖြတ်၍ သေရခြင်းဆိုပြီး သေရခြင်း လေးမျိုးရှိပါတယ်။
သက်တမ်းကုန်၍သေရခြင်းဆိုတာကတော့ သတ္တဝါမှန်သမျှ ရလာတဲ့ဘဝနဲ့ သတ်မှတ်ထားတဲ့ သက်တမ်းကုန်တဲ့အထိနေပြီးမှ သေရခြင်းမျိုးပါ။ ဆိုပါတော့ လူ့ဘဝသက်တမ်း (၁၀၀) လို့ သတ်မှတ်ရင် အသက် ၁၀၀ ပြည့်တဲ့အခါ သေရတဲ့သဘောပါပဲ။ ဒါက သက်တမ်းကုန်၍ သေရခြင်းပါ။
 
ကံကုန်၍သေရခြင်းကတော့ သတ္တဝါမှန်သမျှ ရှေးရှေးဘဝကံရဲ့ အကြောင်းတရား ထောက်ပံ့မှုကို ခံကြရပါတယ်။ ဒီတော့ ထိုထိုသော သတ္တဝါရဲ့ အသက်ရှင်သန်ဖြစ်တည်နေမှုကို ကံကလိုက်ပြီး ထောက်မကူညီပေးနေတဲ့ သဘောရှိပါတယ်။ ကံအစွမ်းသတ္တိရှိသလောက်သာ အသက်ရှင်ကြရပါတယ်။ ဆိုပါစို့ လူ့သက်တမ်း (၁၀၀) သတ်မှတ်ထားပေမယ့် သူ့ရဲ့အသက်ကံက (၅၀) လောက်ပဲ နေရဖို့ဖန်လာရင် ကံအစွမ်းသတ္တိကုန်တဲ့ (၅၀) အရွယ်မှာ သေကြရတဲ့သဘောပါပဲ။
 
သက်တမ်းရော ကံအစွမ်းပါကုန်လို့  သေကြရခြင်းဆိုတာကတော့ သတ္တဝါရဲ့သက်တမ်းကလည်း ကုန်နေပြီ။ အဲဒီသတ္တဝါကို ထောက်မကူညီပေးနေတဲ့ ကံအစွမ်းသတ္တိကလည်း ကုန်ပြီဆိုတဲ့အခါ မီးစာကုန် ဆီခန်းဖြစ်ပြီး သေကြရပါတယ်။ ပမာအားဖြင့် လူ့သက်တမ်း (၇၅) နှစ်မှာ လူ့ဘဝကိုရလာတဲ့ လူတစ်ယောက်ဟာ (၇၅) နှစ်သာနေဖို့ ကံပါလာရင် အဲဒီသက်တမ်းရောက်တဲ့အခါ သေရတဲ့သဘောပါပဲ။
 
နောက်ဆုံးလို့ဆိုရမယ့် သေရခြင်းတစ်မျိုးကတော့ ဥပစ္ဆေဒကကံကြောင့် သေရတဲ့ သေရခြင်းမျိုးပါ။ သူ့သဘောက တချို့သော သတ္တဝါတွေဟာ သက်တမ်းကလည်း မကုန်သေးဘူး။ ကံအစွမ်းကလည်း ရှိနေတုန်းပဲ။ ဒါပေမဲ့ ရှေးရှေးဘ၀ ယခုဘဝမှာပြုမိတဲ့ အကုသိုလ်ကံက အကျိုးပေးခွင့်ရပြီး တစ်နည်းနည်းနဲ့ အန္တရာယ်တွေ့ကြုံလို့ သေကြရတဲ့အဖြစ်ပါ။ သေချိန်မတန်ဘဲ သေကြရတယ်လို့ပဲဆိုပါတော့။
 
ဒီနေရာမှာ သေချိန်မတန်ဘဲ သေကြရတဲ့သတ္တဝါတွေရဲ့အဖြစ်ကိုပြောရရင် ဘယ်သူမဆို အတိတ်က ကိုယ်ပြုခဲ့ဖူးတဲ့ အကုသိုလ်အမှုဆိုတာ အနည်းနဲ့အများ ရှိကြသူတွေချည်းပါပဲ။ ဒါပေမဲ့ သတိရှိသူ၊ ဉာဏ်ရှိသူက လက်ရှိပစ္စက္ခဘဝမှာ အစစအရာရာ သတိနဲ့ဦးဆောင်ပြီး ညာဏ်နဲ့ဆင်ခြင်လို့ နေကြ၊ ထိုင်ကြတဲ့အခါ အဲဒီအကုသိုလ်ကံလေးတွေဟာ ရှိတာမှန်သော်ငြားလည်း အကျိုးပေးခွင့်မသာလို့ အန္တရာယ်က ကင်းလွတ်ကြရပါတယ်။ တစ်ခါက စာရေးသူဖတ်ခဲ့ရဖူးတဲ့ ကိုယ်တွေ့ဆောင်းပါးလေးတစ်ပုဒ်မှာ ဆောင်းပါးရှင်ဟာ သူ့ရဲ့သားငယ်နဲ့အတူ ရေလမ်းခရီးကို သင်္ဘောစီးပြီး ခရီးသွားပါသတဲ့။ သင်္ဘောက နှစ်ထပ်ဖြစ်တာမို့ အောက်ထပ်မှာ ကုန်ရောလူပါ ပြည့်ညပ်နေပါတယ်။ အဲဒီအထဲမှာ သူသတိထားမိတာကတော့ ဓာတ်ဆီပီပါတွေပါပဲ။ ဒီတော့ သားငယ်ကို ခေါ်ပြီး သင်္ဘောအပေါ်ထပ် လူရှင်းမယ့် သင်္ဘောဦးပိုင်းကိုရွေးပြီး နေရာယူလိုက်ပါတယ်။ နောက်ပြီး အနီးအနားမှာတွေ့ရတဲ့ ပလတ်စတစ်ပုံးခွံတစ်ခုကိုလည်း သူ့အနားမှာ ယူထားလိုက်ပါသေးတယ်။ သူ့စိတ်ထဲ သွားရမှာက ရေကြောင်း မတော်သင်္ဘော မှောက်ခဲ့ရင် ဒါမှမဟုတ် ဆီပီပါတွေများ တစ်စုံတစ်ရာအမှားအယွင်းရှိလို့ မီးလောင်ခဲ့ရင် အသက်ဘေးက လွတ်အောင်ကြိုတင်ပြီး စဉ်းစားထားတဲ့သဘောပါ။
 
ခရီးက အတော်ဝေးဟန်တူပါတယ်။ စပြီးထွက်လာတော့ သင်္ဘောတစ်စင်းလုံး စကားပြောသံ၊ ဆူသံ၊ ပူသံတွေနဲ့ ပွက်လောရိုက်နေခဲ့ပေမယ့် သင်္ဘောမောင်းချိန် ကြာလာတာနဲ့အမျှ စကားပြောသံတွေလည်း တဖြည်းဖြည်း ဆိတ်လာပါတယ်။ နောက်မိုးချုပ်လို့ အမှောင်ဘက်ကိုရောက်လာတဲ့အခါ သင်္ဘောစီး ခရီးသည်တွေဟာ ကိုယ်ရတဲ့နေ ရာလေးမှာ သက်သာသလိုလှဲပြီး အိပ်တဲ့သူက အိပ်။ ပါလာတဲ့ အထုပ်အပိုးတွေကို မှီပြီး ငိုက်တဲ့သူက ငိုက်နဲ့ သင်္ဘောစက်သံမှတစ်ပါး ငြိမ်သက်နေကြတာ တွေ့ရပါတယ်။ ဆောင်းပါးရှင်ကတော့ တစ်ချက်မှမငိုက်ဘဲ သတိနဲ့အမြဲတမ်း သင်္ဘောတစ်စင်းလုံးကို အကဲခတ်နေပါတယ်။ ဒါနဲ့ မြို့တစ်မြို့ကို ဆိုက်ခါနီးတဲ့အခါ သင်္ဘောက ဥသြဆွဲပါတယ်။ ဒီတော့ တချို့လည်း မျက်စိဖွင့်ကြည့်တဲ့သူကြည့်၊ ဆင်းမယ့် ခရီးသည်ကလည်း အထုပ်အပိုးပြင်နဲ့ ပြန်ပြီး လှုပ်လာပါတယ်။ ဒီလိုနဲ့ သင်္ဘောက ဆိပ်ခံနဲ့ တဖြည်းဖြည်းနီးလာတဲ့အခါ ဆောင်းပါးရှင်က သူ့ပေါင်ပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်နေတဲ့ သားငယ်ကို နှိုးလိုက်ပါတယ်။ သင်္ဘောက ဆိပ်ခံကို ကပ်ပါတော့မယ်။ 
ဒီတော့ ခရီးသည်တွေ အတက်အဆင်းလုပ်မယ့် သစ်သားပြား ကုန်းပေါင်ကို ဆွဲထုတ်ကြပါတယ်။ သင်္ဘောအောက်ထပ်က မှောင်နေတာမို့ မြင်ကွင်းက ရှင်းရှင်းလင်းလင်းမရှိတာကြောင့် ကျန်တဲ့ သင်္ဘောသားတစ်ယောက်က ရေနံဆီမီးခွက်ကို မီးထွန်းပြီး အလင်းရောင်ပြပေးဖို့ထွက်အလာ အခန့်မသင့်ဖြစ်ပြီး မီးခွက်နဲ့အတူ ဓာတ်ဆီပီပါတွေပေါ်ကို လဲကျသွားပါတော့တယ်။
 
တစ်နေ့လုံး အပူရှိန်နဲ့အတူ ပလပ်ဖုံးထားပေမယ့် အငွေ့တွေ တရှိန်ရှိန်တက်နေတဲ့ ဓာတ်ဆီပုံးတွေပေါ်ကို ရေနံဆီမီးခွက်က မှောက်လဲကျရော ဝုန်းခနဲ မီးထတောက်ပါတော့တယ်။ စီခနဲ အသံကြားလိုက်ရပြီး ဝုန်းခနဲ ထတောက်တဲ့မီးရောင်က သင်္ဘောအပေါ်ထပ်ကို ထလည်းဟပ်ရော ဆောင်းပါးရှင်ဟာ သူ့ဘေးမှာအသင့်ချထားတဲ့ ပလတ်စတစ်ပုံးကို သင်္ဘောနဲ့ ခပ်လှမ်းလှမ်းရှိရာကို ပစ်ချ၊ သားငယ်ကိုဆတ်ခနဲပွေ့ချီပြီး သင်္ဘောပေါ်ကနေ ရေထဲကို လှစ်ခနဲခုန်ချလိုက်ပါတယ်။ ရေထဲကိုရောက်တာနဲ့ သားငယ်ကို ကျောပိုးပြီး ပလတ်စတစ်ပုံးခွံရှိရာကို အားစိုက်ပြီးကူးနေတဲ့အချိန် နောက်မှာတော့ သင်္ဘောတစ်စင်းလုံး ငရဲပွက်နေပါပြီ။ ပလတ်စတစ်ပုံးကို လက်လှမ်းမီတဲ့အချိန်မှာ သင်္ဘောရှိရာကို နောက်ပြန်လှည့်ကြည့်လိုက်တော့ တဝုန်းဝုန်းပေါက်ကွဲနေတဲ့ ဓာတ်ဆီပုံးတွေနဲ့ အတူ သင်္ဘောတစ်စင်းလုံး မီးတောက်မီးလျှံတွေနဲ့ အရှိန်ပြင်းပြင်းလောင်ကျွမ်းလို့နေပါပြီ။
 
မြစ်ပြင်ကြီးတစ်ခုလုံးလည်း မီးရောင်တွေကြောင့် ထိန်ထိန်လင်းနေသလို သွေးရူးသွေးတန်း ပြေးလွှားအော်ဟစ်နေကြတဲ့ အသံတွေကြောင့် ငရဲဘုံကို အသက်ရှင်လျက်မြင်နေရသလိုပါပဲ။ အနီးအပါးမှာရှိကြတဲ့လူတွေ က လှေသမ္ဗန်တွေယူပြီး ကူညီဖို့ရောက်လာကြပေမယ့်လည်း မီးတောက်အရှိန်ပြင်းလွန်းတာကြောင့် အနားမကပ်နိုင်ကြတော့ပါဘူး။ မီးလောင်ပြင်ကို ဖြတ်ပြီးကူးလာနိုင်တဲ့လူတွေလောက်သာ ဆွဲယူပြီး ကယ်နေကြရပါတယ်။ အမြဲတမ်းသတိရှိပြီး ဖြစ်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်လွတ်ရုန်းထွက်လာနိုင်တဲ့ ဆောင်းပါးရှင်နဲ့ သူ့ရဲ့သားငယ်တို့သာ နောက်ဆုံးမှာတော့ အန္တရာယ်ကင်းစွာနဲ့ အသက်ဘေးက လွတ်ပြီး ကမ်းကို ရောက်လာနိုင်ပါတော့တယ်။
 
ကိုယ် မမြင်နိုင်တဲ့အတိတ်ကံက အကျိုးပေးတဲ့အခါ ဒီလိုပဲ အန္တရာယ်ဆိုတာကျ ရောက်တတ်ပါတယ်။ အတိတ်ဘဝတစ်ချိန်ချိန်မှာ သူတစ်ပါးရဲ့အသက်ကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ရင် ဒီဘဝမှာလည်း အလားတူ မကောင်းကျိုးကိုပေးဖို့ အတိတ်ကတည်းက ကိုယ့်ကိုချောင်းနေတတ်ပါတယ်။ ဒါ ကြောင့် လက်ရှိရနေတဲ့ ဘဝမှာ သူတစ်ပါးကို ညှဉ်းပန်းနှိပ်စက်တဲ့ အမှုကိုမပြုဘူး။ သူတစ်ပါးရဲ့အသက်ကို ကိုယ်နဲ့နှိုင်းစာပြီး မသတ်ဖြတ်သူဆိုရင် နောင်ဘဝတွေမှာ ဥပစ္ဆေဒကကံနဲ့လည်း ကင်းနိုင်မှာဖြစ်ပါတယ်။
 
လူရဲ့စိတ်ကို မကောင်းအောင်ခြယ်လှယ်တဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ တရားတွေဟာ သတိမထားဘဲ တရားလက်လွတ်နဲ့ ပြုမူရင် နောင်အခါ ပူပန်ဆင်းရဲရတတ်ပါတယ်။ ဒါကြောင့် လောဘရဲ့စေရာ၊ ဒေါသရဲ့ စေရာ၊ မောဟရဲ့စေရာ နောက်ကို မလိုက်မိအောင် ကိုယ်နဲ့စိတ်ကို သတိနဲ့ချွန်းအုပ်လို့ အကုသိုလ်တရားတွေကိုလည်း မပြုမိအောင် ဆင်ခြင်ပါ။ သတ္တဝါအားလုံးအပေါ်မှာလည်း ကိုယ်ချင်းစာတရားနဲ့ မေတ္တာထားပြီး ဆက်ဆံကြပါလို့ စေတနာနဲ့ သတိပေးလိုက်ရတာပါပဲ။