တည်တည်ငြိမ်ငြိမ်ဖြင့် ရွေးကောက်ပွဲလမ်းကို သွားနိုင်မှသာ နိုင်ငံအတွက် လိုအပ်သည့်အပြောင်းအလဲများ ရနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တည်တည်ငြိမ်ငြိမ်ဖြင့် ရွေးကောက်ပွဲလမ်းကို သွားနိုင်မှသာ နိုင်ငံအတွက် လိုအပ်သည့်အပြောင်းအလဲများ ရနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

တည်တည်ငြိမ်ငြိမ်ဖြင့် ရွေးကောက်ပွဲလမ်းကို သွားနိုင်မှသာ နိုင်ငံအတွက် လိုအပ်သည့် အပြောင်းအလဲများ ရနိုင်မည်ဖြစ်ပြီး မတည်ငြိမ်စေရန် လုပ်ဆောင်သူအချို့ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
နေပြည်တော် လွှတ်တော်အဆောက်အအုံရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာဆောင် (I-12) တွင် ဇွန် ၁၉ ရက်က ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် (၇၀) ပြည့် မွေးနေ့ပွဲ၌ မီဒီယာများနှင့်ပတ်သက်၍ မှတ်ချက်စကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“အခုကာလကတော့ အမေတို့ နိုင်ငံအတွက် တည်ငြိမ်မှုအရမ်းအရေးကြီးတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲလမ်းကို သွားနိုင်မှ တကယ်အပြောင်းအလဲ။ ဒီနိုင်ငံအတွက် လိုအပ်တဲ့ တကယ့်အပြောင်းအလဲတွေကို ရနိုင်မှာ။ မတည်ငြိမ်စေမယ့် တချို့တွေက မတည်ငြိမ်စေလို့ လုပ်နေတယ်လို့ အမေတို့ သုံးသပ်မိတယ်။ ဒါပေမဲ့ အမေတို့ မှားရင်လည်း မှားမယ်ပေါ့နော်။ ဒါအထင်အမြင်လွဲတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုမတည်ငြိမ်ဖို့ လမ်းကို မတွန်းပို့ပါနဲ့။ ဘယ်သူ့ကိုမှ မတွန်းပို့ပါနဲ့။ ဒါဟာ မီဒီယာ အများကြီးလုပ်နိုင်တာရှိတယ်။ ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင်။ လူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားရမလဲဆိုတာကို သဘောပေါက်အောင် အဲဒါကိုတော့ ကူညီစေချင်တယ်”ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ထို့ပြင် အခြေခံမဲစာရင်း ကြေညာထားမှုအား ပြည်သူများ ကြည့်ရှုမှုနည်းပါးနေခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က မဲစာရင်းများတွင် မှားယွင်းမှုများ ပါဝင်နေခြင်းကို အဖွဲ့ချုပ်အနေဖြင့် ကြေညာထားပြီးဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အဖွဲ့ချုပ်အနေဖြင့် သေသေချာချာလေ့လာပြီး ရွေးကောက်ပွဲကော်မရှင်နှင့် သွားရောက်တွေ့ဆုံရာ၌လည်း ကော်မရှင်အနေဖြင့် ပူးပေါင်းလိုသည့် ဆန္ဒရှိသည်ဟု ပြောကြားသည်။
 
“ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒါပေမဲ့ အများပြည်သူက ကိုယ့်ဘာကိုလဲ ကိုယ်လုပ်ရမယ်။ ကိုယ့်ပါရဲ့လားဆိုတာလည်း သွားကြည့်ရမယ်။ ကြည့်ဖို့လည်း ကြိုးစားရမယ်။ အမေတို့အဖွဲ့ချုပ်ကတော့ လိုက်ကြည့်ပေးတာ။ ဒါပေမဲ့  အဖွဲ့ချုပ်တစ်ခုတည်း နဲ့ မပြီးဘူး။ နောက်ပြီးတော့ ဘယ်လိုပုံစံနဲ့ ကြည့်ရမလဲ။ အကယ်၍ ကိုယ့်အမည်မပါဘူးဆိုရင် ပါအောင် ဘယ်လိုလုပ်ရမလဲ စသည်ဖြင့် အဲဒီလိုညွှန်ကြားချက်တွေလည်း အမေတို့ ထုတ်မယ်။ ထုတ်တဲ့အခါကြရင် အဲဒီဟာအရ ကိုယ်လက်လှမ်းမီရာ၊ လက်လှမ်းမီရာတော့ အားလုံးဝိုင်းပြီးတော့ ကူညီစေချင်တယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲတွင် ပေးသည့် မဲတစ်ပြားသည် ကိုယ့်နိုင်ငံ၏ အနာဂတ်မည်သည့်ပုံစံ ဖြစ်လာမည်ကို ပေးသည့်မဲတစ်ပြားဖြစ်ကြောင်း၊ မဲတစ်ပြား၏ အရေးပါမှုသည် ရွေးကောက်ပွဲနေ့တွင် မဲပေးသည့်အခါ လူတိုင်းလူတိုင်းတန်းတူဖြစ်ပြီး သမ္မတနှင့်ကိုယ်တိုင်ပင် မဲတစ်ပြားသာ ပေးခွင့်ရသည့်အတွက် တန်းတူအခွင့်အရေးဖြစ်ကြောင်း၊ အဆိုပါ အခွင့်အရေးမျိုးသည် ရွေးကောက်ပွဲကျင်းပသည့်အခါ၌မှသာရ ခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် ပုဂ္ဂိုလ်များ၏ အထူးအခွင့်အရေးပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
“ဒီလို အခွင့်အရေးမျိုးဟာ နောင်နိုင်ငံသမိုင်းမှာ ပြန်လာချင်မှလာမှာ။ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံသမိုင်းအတွက်  အင်မတန်အရေးကြီးတယ်ဆိုတာ လူတိုင်းသဘောပေါက်စေချင်တယ်။ ဒါကြောင့်မို့လို့ ပေါ့ပေါ့မထားစေချင်ဘူး။ ရွေးကောက်ပွဲပဲဆိုပြီး ပေါ့ပေါ့မထားပါနဲ့။ ဒါငါတို့ နိုင်ငံရဲ့အနာဂတ်ပဲ။ ငါတို့ရဲ့ အနာဂတ်ပဲ။ ငါတို့ သားသမီးတွေဟာ ဘယ်လိုလူ့အသိုင်းအဝိုင်းမှာ နေသွားရမယ်ဆိုတာ ဒီရွေးကောက်ပွဲရဲ့ မဲတစ်ပြားစီ၊ မဲတစ်ပြားစီ ဆုံးဖြတ်မှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။