ရွှေဘိုခရိုင်တွင် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု အလွန်နည်းနေခြင်းကြောင့် မဲစာရင်းအမှန်အတိုင်းဖြစ်ရန် အခက်အခဲရှိနေ

ရွှေဘိုခရိုင်တွင် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု အလွန်နည်းနေခြင်းကြောင့် မဲစာရင်းအမှန်အတိုင်းဖြစ်ရန် အခက်အခဲရှိနေ
Published 20 June 2015
ရဲရင့်အောင်

၂၀၁၅ ရွေးကောက်ပွဲအတွက် လက်ရှိထုတ်ပြန်ထားသော ရွှေဘိုခရိုင်မဲဆန္ဒရှင် စာရင်းများတွင် ဆော့ဖ်ဝဲပြဿနာနှင့် ပေါ့ဆမှုကြောင့် ဖြစ်ရသည်ဆိုသော အမှားအယွင်းများစွာကိုတွေ့နေရပြီး ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု မရှိသလောက် နိမ့်ပါးနေကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူနှင့် နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်ပြောကြားသည်။ မဲစာရင်းထုတ်ပြန်ထားသည့် ၁၀ ရက်ခန့်ကာလအတွင်း အလွန်နည်းပါးသည့်အရေအတွက်ကသာ မဲစာရင်းကြည့်ရှုမှုရှိခဲ့ကြောင်းနှင့် အဆိုပါအခြေအနေအတွက် ရပ်ကျေးအဆင့်ကော်မရှင်များကို လမ်းညွှန်မှုများ ထုတ်ပြန်ထားသည်ဟု ကော်မရှင်တာဝန်ရှိသူ ဦးအောင်မင်းဦးက ဆိုသည်။
 
“လူတွေကနိုင်ငံရေးနဲ့ ပတ်သက်ပြီး လုံးဝကို စိတ်မဝင်စားကြတာ ခက်တယ်။အဲဒီအတွက် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်မှုတွေလုပ်ဖို့ ကျွန်တော်တို့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ ရပ်ကျေးကော်မရှင်တွေမှာလည်း လိုက်နာရမယ့်အပိုင်းကို အားနည်းနေတာတွေ ရှိတာပေါ့”ဟု ၎င်းကပြောကြားသည်။
 
လူထုစိတ်ဝင်စားမှုမရှိသော ရွေးကောက်ပွဲသည် လူထုကို ကိုယ်စားပြုနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများက ပြောကြားပြီး မှားယွင်းနေသောမဲစာရင်းများကို ပြင်ဆင်ရန် တစ်အိမ်တက်ဆင်း မေးမြန်းကောက်ခံမှုကို ပါတီအနေဖြင့် ပြုလုပ်သွားမည်ဟုဆိုသည်။
 
“ကျွန်တော့်မိသားစုထဲကတောင် မဲစာရင်းထဲမှာ ပျောက်နေလို့ပုံစံ ၃ နဲ့ သွားပြင်ရတယ်။ လောလောဆယ် အခြေအနေအရတော့ ဆော့ဖ်ဝဲကြောင့်ဆိုတဲ့ အချက်အလက်အမှားပြဿနာတွေကို အများဆုံးတွေ့ရတယ်။ မဲစာရင်းကြည့်တဲ့သူမရှိမှတော့ အမှားတွေ ဘယ်လောက်ရှိမယ်ဆိုတာကို ပြောဖို့ခက်တယ်။ ဇွန် ၂၀ နောက်ပိုင်းမှာတော့ ပါတီအနေနဲ့ မဲစာရင်းနဲ့ပတ်သက်လို့ တစ်အိမ်တက်ဆင်းမေးမြန်းသွားမယ်”ဟု ရွှေဘိုခရိုင် ဒီချုပ်ဥက္ကဋ္ဌ ဦးအောင်မျိုးက ဆိုသည်။
 
မဲစာရင်းတွင် အိမ်ထောင်စုလိုက် ပျောက်ဆုံးမှုများ၊ တစ်ဦးချင်းပျောက်ဆုံးမှုများ အပါအဝင်မတိုင်ခင်က ခန့်မှန်းထားခဲ့သော အမှားအယွင်းများစွာကိုလည်း တွေ့နေရပြီး သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်များမှအစ အထက် အဆင့်ဆင့်သော ကော်မရှင်များ က အဆိုပါအမှားအယွင်းများအပေါ် တာဝန်ယူ၊ တာဝန်ခံမှုရှိသင့်ကြောင်းလည်း နိုင်ငံရေးလှုပ်ရှားသူများက သုံးသပ်သည်။
 
“ဘာအကြောင်းပြချက်မှမရှိဘဲ ကျွန်တော့်အမေက မဲစာရင်းမှာမပါဘူး။ သူတို့က စာစီတာကျန်သွားလို့ပါ။ ရပါတယ်။ ပြန်ပြင်ပေးမယ်ပြောတယ်။ တစ်ယောက်ချင်းစီက အဲဒီလိုလိုက်ထောက်ပြနေရတာတော့ မဟုတ်သေးဘူး။ တာဝန်ယူမှုမရှိဘဲနဲ့ အခုဟာ ကလေးကစားသလိုဖြစ်နေတယ်”ဟု သရက်ခြံရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
 
ရွှေဘိုခရိုင်တွင်းရှိ အခြားသောမြို့နယ်များတွင်လည်း မဲစာရင်းအမှားများစွာရှိနေကြောင်း ဒေသခံများကပြောကြားပြီး ရွှေဘိုမြို့ပေါ်ရှိ အလွှာစုံသော လူတန်းစား တစ်ရာခန့်ကို မဲစာရင်းနှင့်ပတ်သက်၍ ကျပန်းမေးမြန်းကြည့်ရာ ရာခိုင်နှုန်း ၉၀ ခန့်မှာ မဲစာရင်းထုတ်ပြန်ထားသည်ကိုပင် မသိရှိပေ။
 
ရွေးကောက်ပွဲတစ်ခု၏ အနှစ်သာရနှင့် အရေးကြီးပုံကို လူထုအနေဖြင့် သဘောပေါက်နားလည်စေရန် နိုင်ငံရေးပါတီများ၊ မီဒီယာများ ပူးပေါင်းပါဝင်ကြရန်လိုကြောင်း၊ လက်ရှိ မဲစာရင်းအမှားအယွင်းများနှင့် ပတ်သက်သောအချက်အလက်များကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်ကော်မရှင်တာဝန်ရှိသူက ပြောကြားသည်။