မြန်မာပြည်သူတွေကို ခြောက်လှန့်နေတဲ့ ကျောက်မီးသွေးတစ္ဆေ

မြန်မာပြည်သူတွေကို ခြောက်လှန့်နေတဲ့ ကျောက်မီးသွေးတစ္ဆေ
Published 19 June 2015
မင်းချစ်နိုင်

မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်စွမ်းပေးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ အကြောင်းပြချက်တွေနဲ့ မြန်မာအစိုးရဟာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တည်ဆောက်ဖို့ အသည်းအသန် ကြိုးပမ်းနေတယ်။ သတင်းတွေအရဆိုရင် အစိုးရက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း၊ ထန်းတပင်နဲ့ ကျောက်တန်း၊ ဧရာဝတီတိုင်းဒေသကြီး ငရုပ်ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်နဲ့ ဘုတ်ပြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ၊ မွန်ပြည်နယ်ရေး၊ ရှမ်းပြည်နယ် ကျိုင်းတုံ အစရှိတဲ့ ဒေသတွေမှာ တည်ဆောက်ဖို့ ရှိနေခဲ့တာပါတဲ့။ အဲဒီစက်ရုံ တော်တော်များများဟာ တည်ဆောက်ဖို့အတွက် အစိုးရနဲ့ သဘောတူထားပြီးသားတွေပါ။ တချို့ဆို လုပ်ငန်းတောင် စတင်နေတဲ့သဘော ရှိပါတယ်။ပြည်သူတွေကလည်း သူတို့ရဲ့ အနာဂတ်၊ သားသမီးတွေရဲ့ အနာဂတ်၊ သူတို့ဒေသရဲ့ အနာဂတ်တွေ ကျောက်မီးသွေးအဆိပ် မသင့်စေဖို့ သူတို့ ဉာဏ်မီသလောက်၊ အင်အားရှိသလောက်နဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။ ပထမတုန်းကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွေ တည်ဆောက်မယ့် ဒေသအသီးသီးက ဒေသခံပြည်သူတွေဟာ သူတို့ဒေသမှာရှိတဲ့ ဖို့တစ်ဖို့တည်း ကြည့်တတ်တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့စည်းရုံးပြောဆိုထားမှုကြောင့် ငါတို့ဒေသမှာ မီးရတော့မယ်။ လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ ရတော့မယ်။ ငါတို့ဒေသ ဖွံ့ဖြိုးတိုးတက်တော့မယ်ဆိုပြီး ပျော်ရွှင်နေခဲ့ကြတာပါ။ သူတို့ဟာ ကျောက်မီးသွေးရဲ့ ဆိုးကျိုးကို မသိခဲ့ကြဘူး။ သိအောင်လည်း ဘယ်သူမှ မပြောခဲ့ကြဘူး။ အစိုးရ အဖွဲ့အစည်းတွေကလည်း စီမံကိန်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေကိုပဲ ရှာဖွေပြောဆိုခဲ့ ကြပါတယ်။ ခုနောက်ပိုင်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ပြောပြရှင်းပြကြလို့ ကျောက်မီးသွေးရဲ့ ဆိုးကျိုးကို သိခွင့်ရခဲ့ကြပြီး ဒေသခံတွေက ကန့်ကွက်ကြရတာပါ။တကယ်တော့ မြန်မာပြည်သူတွေဟာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အကြောင်းမဲ့ ကန့်ကွက်ခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်ထက် အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ပြည်ပနိုင်ငံကြီးတွေမှာတောင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကြောင့် ဘယ်လောက်ထိခိုက်နေလဲဆိုတာ ကြည့်ပါ။ တရုတ်နိုင်ငံမှာ ကျောက်မီးသွေး အသုံးပြုမှုကြောင့် ၂၀၁၁ ခုနှစ်က နာတာရှည် ပန်းနာရင်ကျပ် ခံစားနေရတဲ့ ကလေးဦးရေ ၃၂၀၀၀၀၀ ယောက်နဲ့ လူကြီးဦးရေ ၆၁၀၀၀ ရှိပြီး သက်တမ်းမစေ့ဘဲ သေဆုံးသူဦးရေ ၂၆၀၀၀၀ ယောက်နဲ့ အလေးချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးဦးရေ ၃၆၀၀၀ ယောက် ရှိတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ အနောက်မြောက်ဘက် Lampang ခရိုင်မှာရှိတဲ့ Mae Moh ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆိုရင် ၁၉၇၈ ခုနှစ်မှာ စတင်လည်ပတ်ပြီး ၁၉၉၂ ခုနှစ်မှာ မီးခိုးပြာတွေကြောင့် ကျေးရွာ ၂၀ က လူပေါင်း ၁၀၀၀ ကျော် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေ ခံစားခဲ့ရတယ်။ ၁၉၉၆ ခုနှစ်မှာ ဒေသခံခြောက်ဦး သွေးအဆိပ်သင့် သေဆုံးပြီး လူပေါင်း ၈၀၀၀ ကို စစ်ဆေးရာ လူ ၃၅၀၀ မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားနေရတာကို တွေ့ခဲ့ရတယ်။ ဒါကြောင့်လဲ ၁၉၉၈ ခုနှစ်မှာ ဒေသခံတွေက ထိုင်းအစိုးရကို တရားစွဲဆိုခဲ့ကြတယ်။နောက်ပြီး ထိုင်းပင်လယ်ကွေ့ ရယောင်းခရိုင်က မတ်တဖွတ်စက်မှုဇုန်၊ အဲဒီစက်မှုဇုန်ကို ၁၉၈၀ ခုနှစ်မှာ စတင်တည်ဆောက်ပြီး လည်ပတ်ခဲ့ရာ ၁၉၉၇ ခုနှစ်မှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကျော် ဓာတ်ငွေ့တွေရှူမိပြီး အဆိပ်သင့်တဲ့အတွက် ဆေးရုံတင်ခဲ့ရတယ်။ ၂၀၀၄ ခုနှစ်မှာ လူ ၁၀၀၀ မှာ ၆၉၆ ယောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ခံစားနေခဲ့ရတယ်။ ၂၀၀၅ ခုနှစ်မှာ ကင်ဆာရောဂါ ဖြစ်ပွားမှုဟာ ၁၉၉၇ ခုနှစ်ကထက် သုံးဆမြင့်တက်လာပြီး ကလေးအသေ မွေးဖွားနှုန်း ၁၀၀၀ မှာ ၁၆၃ ဦးအထိ ရှိလာခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာ သွေးကင်ဆာဖြစ်ပွားမှု ငါးဆမြင့်တက်ပြီး အက်စစ်မိုးတွေပါ ရွာသွန်းခဲ့တယ်။ ဒါကြောင့် ဒေသခံတွေက ထိုင်းဝန်ကြီးချုပ်ရဲ့ သဘာဝပတ်ဝန်းကျင် ဘုတ်အဖွဲ့ကို တရားစွဲခဲ့တယ်။ အစိုးရ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေ၊ ပညာရှင်တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေ၊ ဒေသခံတွေ ခံစားနေရတာတွေကြောင့် ထိုင်းအစိုးရက မတ်တဖွတ်စက်မှုဇုန်ကို Pollution Control Area အဖြစ် သတ်မှတ်ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တယ်။နိုင်ငံတကာမှာ ကျောက်မီးသွေးစက်ရုံတွေကို ကန့်ကွက်နေတဲ့အတွက် တရုတ်အစိုးရဟာ ပေကျင်းမြို့တော်မှာ ကျောက်မီးသွေးသုံး အပူပေးစက်ရုံ (၄) ရုံကို ဖျက်သိမ်းခဲ့တယ်။ ပေကျင်းမြို့နယ် (၆) ခရိုင် ကျောက်မီးသွေး လုံးဝမသုံးရ နယ်မြေလို့ သတ်မှတ်ခဲ့တယ်။ ပေကျင်းမြို့အပြင် ခရိုင် (၁၀) ခရိုင်မှာ ကျောက်မီးသွေး အသုံးပြုမှုကို ၈၀ ရာခိုင်နှုန်း လျှော့ချခဲ့တယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာလည်း ပေကျင်း ရှန်ဟဲ၊ ကွမ်ကျုံးနယ်တွေမှာ ကျောက်မီးသွေးစက်ရုံအသစ် ထပ်မဆောက်ဖို့ ထုတ်ပြန်ခဲ့တယ်။ ၂၀၁၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံငယ်တွေ၊ စက္ကူစက်ရုံ၊ ဆေးဆိုးပန်းရိုက်စက်ရုံ၊ သားရေစက်ရုံနဲ့ ဓာတုဗေဒစက်ရုံ စုစုပေါင်း ၅၀၀၀၀ ဖျက်သိမ်းဖို့ ရှိတယ်လို့ သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာလည်း ကျောက်မီးသွေးသုံးစွဲမှုကို လျှော့ချလျက်ရှိရာ ၂၀၀၂ ခုနှစ် မတိုင်မီက ကျောက်မီးသွေးစက်ရုံ ၇၀၀ ကျော်ကနေ ၂၀၀၂ ခုနှစ်မှာ ၆၃၃ ရုံ၊ ၂၀၀၉ ခုနှစ်မှာ ၅၉၃ ရုံ၊ ၂၀၁၂ ခုနှစ်မှာ ၅၅၇ ရုံစသဖြင့် လျှော့ချလျက် ရှိပါတယ်။အဲဒီလို နိုင်ငံတကာက အစိုးရတွေဟာ ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေသိပြီး ကျောက်မီးသွေး အသုံးပြုမှုတွေကို နည်းလမ်းမျိုးစုံနဲ့ လျှော့ချနေချိန်ကျမှ ကျွန်တော်တို့ မြန်မာပြည်အစိုးရဟာ ဘာကြောင့် ကျောက်မီးသွေးကို အသုံးပြုပြီး လျှပ်စစ်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားနေရတာလဲ။ ပြည်သူလက်မခံရင် မလုပ်ဘူးလို့ ထပ်ခါတလဲလဲ ပြောနေရင်းက နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဘာကြောင့် ရှေ့ဆက် အကောင်အထည် ဖော်နေရတာလဲ။ လျှပ်စစ်လိုအပ်ချက်အရပေါ့လို့ ဖြေတဲ့သူက ဖြေတဲ့အခါ မြိတ်မြို့ဒေသခံ ပညာတတ် လူငယ်တစ်ဦးက ကမ္ဘာ့ဘဏ် စစ်တမ်းအရ ၂၀၃၀ ခုနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က ၁၁၂ မဂ္ဂါဝပ်ပဲ ရှိပါတယ်။ သူတို့ဒေသမှာ အခု လုပ်နေတာနဲ့ လုပ်ဖို့စီစဉ်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကနေ ထွက်လာမယ့် လျှပ်စစ်ဓာတ်အားက တစ်နိုင်ငံလုံးကိုတောင် မီးပေးနိုင်လောက်တယ်။ အဲဒီလောက်ထိ သူတို့ဒေသမှာ လျှပ်စစ်မလိုအပ်ဘူး။ ဒီလောက်ကြီးမားပြီး အဆိပ်တွေ ထုတ်လုပ်မယ့် စက်ရုံတွေကို ဆောက်လုပ်ဖို့ အစိုးရက ဘာကြောင့် ကြိုးပမ်းနေတာလဲ ဆိုတာကို နားမလည်နိုင်တော့ဘူးလို့ ပြောပါတယ်။အဲဒီလို မေးခွန်းတွေအတွက် သက်ဆိုင်ရာကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကြောင့်လို့ ဖြေပါတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ ဒေသခံပြည်သူတွေကို မထိခိုက်အောင် ဂျပန်နည်းပညာ (သန့်စင်ကျောက်မီးသွေး နည်းပညာ)ကို အသုံးပြုပြီး ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်မှာပါတဲ့။ အဲဒါ ပြောတာပါ။ သန့်စင်ကျောက်မီးသွေး နည်းပညာဆိုတာ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာတောင် ပြဿနာရှိနေတဲ့ နည်းပညာပါ။ သန့်စင်ကျောက်မီးသွေး နည်းပညာကို မြန်မာပြည်မှာ သုံးမယ်ဆိုရင် ပထမဆုံးအနေနဲ့ အသုံးပြုမယ့် ကျောက်မီးသွေးကို ပြည်ပကနေ ဝယ်ရမယ်။ လုပ်ငန်းစဉ်တိုင်းမှာ အဂတိလိုက်စားမှု ကင်းရမယ်။ နည်းပညာနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု များပြားတယ်။ တစ်ပွဲတိုး တစ်နပ်စား လုပ်လို့မရဘူး။ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘူးလို့ အကြောင်းပြကောင်းရုံသက်သက် အော်နေလို့ မရပါဘူး။ ဘယ်လို ထိခိုက်မှု သက်သာစေမှာလဲ။ ဘယ်နှနှစ်ထိ ထိခိုက်မှု သက်သာမှာလဲ။ ဒီနည်းပညာရဲ့ လုပ်ငန်းစဉ် အဆင့်တိုင်းကို အစိုးရက စနစ်တကျ စီမံခန့်ခွဲပြီး ကုမ္ပဏီတွေက တကယ်ကော လိုက်နာကြမှာလား။ နောက်ပြီး ဂျပန်နိုင်ငံ အပါအဝင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ အစိုးရတွေ၊ ကုမ္ပဏီတွေက ဘယ်လုပ်ငန်းမဆို တာဝန်ယူမှု အပြည့်ရှိတဲ့အပြင် လုပ်ငန်းတိုင်းမှာလည်း သတ်မှတ်အရေးယူတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းဆိုတာတွေ ရှိပါတယ်။ သက်ဆိုင်ရာကလည်း စည်းကမ်းဖောက်ဖျက်တဲ့သူကို တကယ်ထိထိရောက် အရေးယူကြပါတယ်။ မြန်မာပြည်မှာ အဲဒီလို စံချိန်စံညွှန်းတွေ ရှိရဲ့လား။ လက်ရှိအချိန်မှာတော့ အစိုးရ အကောင်အထည် ဖော်နေတဲ့ ကျောက်မီးသွေးစက်ရုံ စီမံကိန်းတွေဟာ ဒေသခံပြည်သူတွေကို တစ္ဆေလို ခြောက်လှန့်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရကြောင်း တာဝန်ရှိသူတွေကို သိစေချင်ပါတယ်။