အခြေခံဥပဒေပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေကြမ်းကို ကိုယ်စားလှယ် ၇၅ ဦး ဆွေးနွေးရန် စာရင်းပေးထားပြီး ဇွန် ၂၃ ရက်တွင် စတင်ဆွေးနွေးမည်

အခြေခံဥပဒေပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေကြမ်းကို ကိုယ်စားလှယ် ၇၅ ဦး ဆွေးနွေးရန် စာရင်းပေးထားပြီး ဇွန် ၂၃ ရက်တွင် စတင်ဆွေးနွေးမည်
Published 18 June 2015
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

အခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး ဆွေးနွေးရန် အမည်စာရင်း ပေးသွင်းထားပြီး ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို ဇွန် ၂၃ ရက်၌ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင် ဇွန် ၁၈ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
“ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က) အတွက်နှင့် ပတ်သက်၍ ဆွေးနွေးရန် ကိုယ်စားလှယ် ၇၅ ဦး အမည်စာရင်းပေးသွင်း ထားပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၃၃ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ၂၆ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်သုံးဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက နှစ်ဦး၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီမှ နှစ်ဦး၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ နှစ်ဦး၊ ချင်းတိုးတက်ရေးပါတီမှနှစ်ဦး၊ ရခိုင်အမျိုးသား ပါတီကတစ်ဦး၊ တအောင်းပလောင် အမျိုးသားပါတီကတစ်ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ တစ်ဦး၊ တစ်သီးပုဂ္ဂလ တစ်ဦးတို့ ပါဝင်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်များကို ဇွန် ၂၃၊ ဇွန် ၂၄၊ ဇွန် ၂၅ ရက်တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၃၃ ဦးအစား ကိုယ်စားလှယ် ၁၁ ဦးရဲ့ အမည်စာရင်းကို ပြန်လည်ရွေးချယ်ပေးရန်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကိုယ်စားလှယ် ၂၆ ဦး စလုံးဆွေးနွေးလိုက ဆွေးနွေးနိုင်ပါကြောင်းနဲ့ အရေအတွက် လျှော့လိုပါကလည်း လျှော့ချနိုင်ကြောင်း ပန်ကြားလိုပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်ဦးရေနဲ့ ကျန်ပါတီများရဲ့ ကိုယ်စားလှယ် ဦးရေကိုတော့  အမည်စာရင်း ပေးသွင်းထားတဲ့အတိုင်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ထိုသို့ဆွေးနွေးရာတွင် ကိုယ်စားလှယ် တစ်ဦးကို ဆွေးနွေးချိန် ၁၀ မိနစ် သတ်မှတ်ဆောင်ရွက် သွားမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း ဆွေးနွေးနိုင်ပါရန် လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
“ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းတွင် ပုဒ်မနှစ်ခု၊ အခန်း  (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းတွင် ပုဒ်မတစ်ခုနှင့် အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းတွင် ပုဒ်မတစ်ခုတို့ ပါဝင်ကြောင်း စိစစ်တွေ့ရှိ ရပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြထားသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၍ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်ထောင်စု လွှတ်တော်သို့ ဇွန် ၁၀ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ၌ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)တွင် “မိမိကိုယ်တိုင် သော်လည်ကောင်း၊ မိမိ၏မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဟု အစားထိုး ပြင်ဆင်ထားကြောင်း သိရသည်။