ကမ္ဘာ့အတော်ဆုံးသူများနှင့် စကားပြောခြင်း

ကမ္ဘာ့အတော်ဆုံးသူများနှင့် စကားပြောခြင်း
Published 18 June 2015
သဲသီရိကျော်

“စာအုပ်ကောင်းများကို ဖတ်ရှုခြင်းသည် ကုန်လွန်ခဲ့သည့် ရာစုနှစ်များမှ အတော်ဆုံးသူများနှင့် စကားပြောခြင်းနှင့် တူပေသည်”
ရဲညဲဒေးကား (ပြင်သစ်တွေးခေါ်ပညာရှင်)
၂၀၀၈ ခုနှစ်လောက်မှာ ဂျာမနီအစိုးရက ဘာလင်မြို့ရဲ့ လမ်းတွေပေါ်မှာ ဘာလင်စာအုပ်တောလေး တစ်ခုကို ထူးထူးခြားခြား ဖန်တီးပေးခဲ့တယ်ဆိုတဲ့ အကြောင်းကို အွန်လိုင်းမှာ သူများ Share ထားတာတွေ့လို့ ဖတ်လိုက်ရတယ်။ ပြည်သူတွေအတွက် စာတွေများများ ဖတ်ရှုခွင့်ရဖို့၊ အချင်းချင်း ကိုယ်ဖတ်ပြီးတဲ့ စာအုပ်ကောင်းတွေကို ပြန်လည်ဝေမျှပြီး ဖတ်ရှုနိုင်ဖို့ ထူးထူးခြားခြားလေး ဖန်တီးပြုလုပ်ပေးခဲ့တာတော့ တကယ်ကို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ဆိုရမှာပါ။ အဲဒီလို စာအုပ်လဲလှယ်ဖတ်ရှုတဲ့ အစီအစဉ်ကို လုပ်ဆောင်ဖြစ်တာက သူတို့နိုင်ငံမှာ စာဖတ်တဲ့သူတွေများပြီး စာအုပ်ထွက်ရှိမှုနှုန်းကလည်း တစ်နှစ်ကို စာအုပ်အမျိုးအစားပေါင်း ကိုးသောင်းကျော်နီးပါး ထွက်ရှိတယ်လို့ ဆိုပါတယ်။ ထွက်ရှိတဲ့စာအုပ်တွေရဲ့ဈေးနှုန်းကလည်း ကြီးမြင့်တာကြောင့် အခုလို စာအုပ်လဲလှယ် ဖတ်ရှု့နိုင်မယ့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ၊ ထိပ်ဆုံးကို ရောက်ရှိနေတဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် စာဖတ်တဲ့သူတွေ အများအပြား ရှိနေတာကို တွေ့ရပါလိမ့်မယ်။ Reader is Leader ဆိုတဲ့ စကားအတိုင်းပါပဲ။ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်ကြီးတွေ၊ လူအများကို ဦးစီးဦးဆောင် လုပ်နေကြရတဲ့ သူတွေအများစုက စာဖတ်ကြတဲ့သူတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ စာမဖတ်ဘဲ နေရာတစ်နေရာကို ရောက်နေတဲ့သူတွေကလည်း တကယ့်ခေါင်းဆောင်ကောင်း ဖြစ်မလာနိုင်ပါဘူး။ အခြေအနေ အကြောင်းတစ်ခုခုကြောင့်သာ ရာထူးဂုဏ်တစ်ခုနဲ့ နေရာတစ်ခုမှာ ရောက်ရှိနေခဲ့ရပေမယ့် စာဖတ်သူတစ်ယောက်ရဲ့ အသိဉာဏ်မျိုး၊ စဉ်းစားတွေးခေါ် ဆင်ခြင်တုံတရားတွေ မရှိတဲ့အတွက် အဲဒီခေါင်းဆောင်နေရာ၊ ဦးဆောင်သူနေရာမှာ ရေရှည်ရပ်တည်ခွင့် မရပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာက တိုင်းပြည်မှာရှိတဲ့သူတွေရဲ့ အသိဉာဏ်နဲ့ စိတ်ဓာတ်တွေ၊ လုပ်ဆောင်ချက် အပြုအမူတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ တစ်နည်းအားဖြင့် ပညာတတ်တွေများတဲ့ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမြန်ပါတယ်။ ပညာတတ်တယ်ဆိုတာ အတန်းပညာတွေတတ်တာ၊ ဘွဲ့ထူးဂုဏ်ထူးတွေ အများကြီးရထားတဲ့ သူတွေကိုမှ ဆိုလိုတာ မဟုတ်ပါဘူး။ ပညာသင်ယူတယ်ဆိုတာ အမှားအမှန်ကို ခွဲခြားသိမြင်တတ်ဖို့၊ တရားမျှတခြင်းနဲ့ မမျှတခြင်းကို နားလည်သဘောပေါက်ဖို့၊ အရာရာမှာ စဉ်းစားချင့်ချိန်တတ်ဖို့ တစ်နည်းအားဖြင့် ပြောရရင် အမှန်ကိုသိဖို့၊ အမှန်တရားကို တန်ဖိုးထားတတ်ဖို့၊ အမှန်တရားအတွက် ရင်ဆိုင်ရပ်တည် ရဲဖို့အတွက် ပညာသင်ကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို ပညာတတ်ဖို့အတွက် စာဖတ်ကြရပါတယ်။ ကျောင်းသင်ခန်းစာတွေ သိရုံ၊ ကျက်နေရုံနဲ့တော့ ကျွန်မတို့အတွက် မလုံလောက်ပါဘူး။ အပြင်စာတွေကိုလည်း အချိန်ပေးပြီး ဖတ်ဖို့လိုအပ်ပါတယ်။ ဘဝအောင်မြင် တိုးတက်ရေးအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ၊ ဘယ်လိုလုပ်ဆောင် သင့်တယ်ဆိုတဲ့ နည်းလမ်းကောင်းတွေ၊ အောင်မြင်သူတွေ ဘယ်လိုကြိုးစား လေ့လာခဲ့သလဲ ဆိုတာတွေကို စာအုပ်တွေထဲကနေ ကျွန်မတို့ သင်ယူနိုင်ပါတယ်။ ဒါ့အပြင် လူသားတစ်ယောက် ဖြစ်လာပြီး လူသားဆန်တဲ့စိတ်ဓာတ်၊ လူပီသတဲ့စိတ်ဓာတ်နဲ့ ထားရှိရမယ့် ကိုယ်ချင်းစာတရားတွေ၊ လိုက်နာရမယ့် ကျင့်ဝတ်တွေကို သိဖို့အတွက်လည်း စာဖတ်ဖို့လိုပါတယ်။ 
အခုလို IT ခေတ်ကြီးမှာ စာအုပ်မဖတ်လည်း ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သိမြင်နိုင်တာပါပဲလို့ ပြောတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ စာအုပ်တွေထဲကနေ ကျွန်မတို့ဘ၀ အောင်မြင်ရေးအတွက် အထောက်အပံ့ကောင်းတွေ ရနိုင်သလို ကျွန်မတို့ဘဝမှာ အခက်အခဲတွေ၊ လောကဓံတွေနဲ့ တွေ့ကြုံလာတဲ့အခါ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်မယ့် အတွေးအခေါ်တွေ၊ စိတ်ဓာတ်ခံယူချက်တွေကိုလည်း စာအုပ်တွေက ပေးနိုင်တယ် ဆိုတာကိုလည်း ကျွန်မတို့ မမေ့သင့်ပါဘူး။
ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တွေမှာ စာကြည့်တိုက်တွေ၊ စာအုပ်ဆိုင်တွေ များစွာရှိသလို ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ကို သိန်းနဲ့ချီ၊ သန်းနဲ့ချီ ထုတ်နေရတဲ့ အချိန်မှာ ကျွန်မတို့ဆီမှာတော့ အရင်တုန်းက ရောင်းအားအကောင်းဆုံး စာအုပ်ကို သောင်းဂဏန်းနဲ့ချီ ပုံနှိပ်ထုတ်ဝေခဲ့ပေမယ့် အခုချိန်မှာတော့ တကယ့်နာမည်ကျော် ရောင်းအားကောင်းလှပါချည်ရဲ့ဆိုတဲ့ စာအုပ်တစ်အုပ်တောင် ထောင်ဂဏန်းလောက်ပဲ ထုတ်ရတယ် ဆိုကတည်းက စာဖတ်သူတွေ ဘယ်လောက်လျော့ကျ နေလဲဆိုတာ သိသာပါတယ်။
The Asia Foundation ရဲ့ ၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ မြန်မာတစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေရဲ့ ရာခိုင်နှုန်း ၉၀ ကျော်က အများပြည်သူ အသုံးပြုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အခုချိန်မှာ ကျွန်မတို့ဆီက စာအုပ်အငှား လုပ်ငန်းတွေကလည်း တဖြည်းဖြည်း ကွယ်ပျောက်လုနီးပါး ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် စာမဖတ်တဲ့သူတွေ နည်းပါးနေပြီဆိုတာကို အသေအချာ မီးမောင်းထိုးပြ နေသလိုပါပဲ။
စာလုံး၀ မဖတ်ကြတော့တာတော့ မဟုတ်ပါဘူး။ တကယ် စာဖတ်တဲ့သူတွေ လည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ လူနည်းစု ဖြစ်နေတာပါ။ တိုးတက်လာတဲ့ နည်းပညာတွေနောက်ကိုပဲ လိုက်ရင်း စာမဖတ်ဖြစ်တဲ့သူတွေ၊ စားဝတ်နေရေး ကျပ်တည်းမှုအတွက် ရုန်းကန်နေရတာတွေကြောင့် စာမဖတ်ဖြစ်တဲ့သူတွေ၊ စာမတတ်လို့ စာမဖတ်တဲ့သူတွေ၊ စာအုပ်ဝယ်ဖတ်ဖို့ ပိုက်ဆံမရှိလို့ စာမဖတ်တဲ့သူတွေ၊ တချို့သော ရပ်ကွက်တွေထဲမှာ အခမဲ့စာကြည့်တိုက်တွေ ရှိပေမယ့်လည်း စာကြည့်တိုက်ထဲဝင်ပြီး စာဖတ်ဖို့ကို အချိန်မပေးချင်လို့၊ စာကြည့်တိုက်ထဲဝင်ဖို့ကိုပဲ ရှိန်နေလို့ စာမဖတ်တဲ့သူတွေ၊ ကိုယ့်ဘာသာကိုယ် အပျင်းကြီးလို့ စာမဖတ်တဲ့သူတွေ စသဖြင့် စာမဖတ်တဲ့သူတွေ အမျိုးမျိုး ရှိနေပါတယ်။ စာမတတ် သူတွေအတွက်နဲ့  ဘဝအသက် ရှင်သန်ရပ်တည်ရေးအတွက် အရမ်းကို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ သူတွေအတွက် စာဖတ်ဖို့က မလွယ်ကူတာကို နားလည်ခံစားပေးလို့ရသလို၊ သူတို့တွေလည်း တစ်နေ့နေ့မှာ စာဖတ်နိုင်ဖို့ အခွင့်အလမ်းတွေ ရရှိနိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ နေ့စဉ်ပုံမှန်ဖြတ်သန်းနေရတဲ့ ဘဝကြီးမှာ သာမန်လူတစ်ယောက်အတွက် မိသားစုစားဝတ်နေရေး၊ လူမှုရေးစသဖြင့် အရေးကိစ္စတွေကတော့ ပုံမှန်ရှိနေတာပါပဲ။ ဒါတွေကို ဆင်ခြေပေးပြီး စာမဖတ်ကြဘူးဆိုရင် စာမဖတ်လည်း ဘာဖြစ်လဲ စာမဖတ်လည်း အသက်ရှင်လို့ ရတာပဲလို့ ပြောတဲ့သူတွေလည်း ရှိနေပါတယ်။ စာမဖတ်လည်း အသက်ရှင်နိုင်တာ မှန်ပါတယ်။ စာဖတ်တဲ့သူနဲ့ စာမဖတ်တဲ့သူရဲ့ အရည်အချင်းက အချိန်တစ်ခု ရောက်တဲ့အခါ ပိုပြီးသိသာ ကွာခြားလာတာကို တွေ့ရမှာပါ။ စာဖတ်ထားတဲ့ သူတစ်ယောက်ရဲ့ စိတ်ဓာတ်၊ အတွေးအခေါ်နဲ့ အပြုအမူတွေက စာမဖတ်တဲ့ သူတွေနဲ့ များစွာကွာခြားမှု ရှိပါတယ်။
ကိုယ်ပိုင်အချိန်ရှားပါးပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ယနေ့ခေတ်မှာ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကို ကိုယ့်အတွက် ဘာအကျိုးကျေးဇူးမှ ရေရေရာရာမပေးနိုင်တဲ့ စာတစ်အုပ်ကို အချိန်ပေးဖတ်ရှုမယ့်အစား ကိုယ့်အတွက် တကယ်အကျိုးရှိစေမယ့် စာအုပ်တစ်အုပ်ကို အချိန်ပေးဖတ်ရှု ကြမယ်ဆိုရင်ဖြင့် တစ်ဦးချင်းစီရဲ့ အရည်အသွေးတွေ မတိုးတက်လာစရာ အကြောင်းမရှိပါဘူး။ တစ်ဦးချင်းစီရဲ့ အရည်အသွေး၊ စိတ်ဓာတ်နဲ့ အသိဉာဏ်ပညာတွေ ဖွံ့ဖြိုးတိုးတက်လာမှတော့ အခုကျွန်မတို့ထက် အစစအရာရာ သာလွန်ဖွံ့ဖြိုး တိုးတက်နေတဲ့ တိုင်းပြည်တွေနဲ့  မယှဉ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်မတို့လည်း အခုထက်ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့လည်း မခဲယဉ်းပါဘူး။
ဒီတော့.. ကျွန်မတို့တွေအားလုံး ခုချိန်ကစပြီး ကုန်လွန်ခဲ့တဲ့ ရာစုနှစ်တွေက အတော်ဆုံးသူတွေနဲ့ စကားပြောကြည့်ကြပါစို့။