နောင် . . ဥဒါန်း ဘယ်မကျေစရာ (၃)

နောင် . . ဥဒါန်း ဘယ်မကျေစရာ (၃)
Published 18 June 2015
ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

၇-၆-၂၀၁၅ မှ အဆက်
နဝတမှ နအဖပြောင်းပြီး ၂/၉၂ ကြေညာချက် ထွက်လာသည်။ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မည် ဆိုပြန်သည်။ အမျိုးသားညီလာခံ စတင်မည်။ တစ်သက်တစ်ကျွန်း ကျနေသည့် အင်းတော် NLD လွှတ်တော်ကိုယ်စားလှယ် သူငယ်ချင်းစောလှိုင် (ယခုကွယ်လွန်) ပြန်လွတ်လာသည်။ ကျွန်တော်တို့လည်း မန္တလေးနန်းတွင်းထောင် ထောင်မကြီးမှ တွဲဖက်ထောင်သို့ ပြောင်းရွှေ့ရသည်။ တွဲဖက်ထောင်ကား ထောင်မကြီးထက် အများကြီး လွတ်လပ်သည်။ (က) (ခ) မခွဲ ထောင်ဝင်စာ ကြိုက်သလောက် တွေ့လို့ရသည်။ ထောင်တာဝန်ခံမှာ ထောင်မှူးကြီး ဦးချစ်ဖြစ်သည်။ ၎င်းမှာ ထောက်လှမ်းရေး အရာခံအဖြစ်မှ အကျဉ်းဦးစီးသို့ အသွင်ပြောင်းလာခြင်းဖြစ်ရာ ထောက်လှမ်းရေးစိတ် အပြည့်ရှိသည်။ ထောင်ဘူးဝမှတစ်ဆင့် ထောင်မှူးကြီး ရုံးခန်းရောက်တော့ ထောင်မှူးကြီး ဦးချစ်နှင့်တွေ့ရသည်။ ကျွန်တော်တို့ ပစ္စည်းများကို တလာစီသည် (ရှာဖွေရေးလုပ်သည်)။ ဦးချစ်က “ဟာ..ကိုသိန်းသန်းဦးကတော့ တီဗီမင်းသားပဲဗျ.. ခင်ဗျားအကြောင်း မကြာသေးခင်ကမှ ကျွန်တော်တို့ ညွှန်မှူးရှင်းသွားတယ်” ဟု ပြောသည်။
နောက်ဦးချစ်က ရုံးခန်းတွင်ရှိနေသော တိုက်တန်းစီး နှစ်ယောက်ကိုခေါ်ပြီး ကျွန်တော်တို့ လူအုပ်ကို တိုက်ခွဲတမ်းချသည်။ ထိုစဉ် အသားမဖြူမညို၊ မျက်နှာထားတင်းတင်းနှင့် အရပ်အလောတော် လူတစ်ယောက်က “ထောင်မှူးကြီး ညီအစ်ကိုနှစ်တွဲ ပါလာတယ် ပြောတယ်။ အတူတူထားရင် ထိန်းရခက်တယ်။ တစ်ယောက်စီ ခွဲလိုက်မယ်” ဟုဆိုသည်။ ထိုသူမှာ တန့်ဆည်သပိတ်မှ ရဲအသည်း ကြော်စားခဲ့သည့် သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ကျွန်တော်တို့က သူတန်းစီးလုပ်သော (၁) တိုက်သို့ ရောက်သည်။ တွဲဖက်ထောင်တွင် (၁) တိုက်နှင့် (၂) တိုက်ဟူ၍ရှိ၏။ (၁) တိုက်ဝင်းကြီးမှာ ကျယ်လှသည်။ (၁)တိုက်မှာ (၁၀) ခန်းတွဲတိုက်ဖြစ်သည်။ (၁)တိုက်ဝင်းထဲဝင်တော့ ကျွန်တော်ပြုံးမိသည်။ ၁၉၈၆ ခုနှစ်တွင် မိုးကုတ်ကျောက်သမားများကို စစ်ဆင်ရေးဖြင့်ဖမ်းပြီး တွဲဖက်ထောင် (၁) တိုက် တွင်ထားသည်။ ထိုစဉ်က ရှေ့နေအဖြစ်ဖြင့် အမှုသည်များကို (၁) တိုက်တွင် လာတွေ့ခဲ့ဖူးရာ ယခုကိုယ်တိုင် အကျဉ်းသားအဖြစ် ရောက်လာ၍ ဖြစ်ပါသည်။ တိုက်တန်းစီး ခေါ်ဆောင်ရာနောက် လိုက်လာရာ တိုက်ခန်း (၂) ခန်း (၃) ခန်း အကျော်တွင် “ခွေးမသား သိန်းသန်းဦး ပါရဲ့လားဟေ့” ဟု ပြောသံကြားရ၍ လှည့်ကြည့်လိုက်သည်။ တိုက်ခန်းသံတိုင် အကြားမှ ပြုံးပြုံးကြီး ရပ်ကြည့်နေသော ဆရာတော် ဦးရာဇဓမ္မနှင့် ဆရာတော် ဦးကောဝိဒကို တွေ့ရသည်။ ဆရာတော် ဦးရာဇဓမ္မက စွတ်ကျယ်လက်စက၊ အပြာရောင် ပုဆိုးကို သင်းပိုင်သဖွယ် လိပ်ဝတ်ဆင်ထား၏။ ဆရာတော် ဦးကောဝိဒမှာ ပုပု၀၀ အသားညိုညို မျက်နှာဝိုင်းဝိုင်းဖြစ်ပြီး ပုဆိုးအဖြူကွက်တုံး အစင်းကို သင်းပိုင်သဖွယ် ဝတ်ဆင်ထားသည်။  အပေါ်ပိုင်းတွင် ပိတ်ဖြူအပိုင်းစကို လက်ကတော့ထိုး သိုင်းပတ်ထား၏။ တိုက်ခန်းသံတိုင်တွင် “ရာဇဓမ္မ (ခ) စိန်မောင်၊ ကောဝိဒ (ခ) မောင်ကျား” ဟူ၍ စာချပ်ချိတ်ဆွဲထားသည်။ တိုက်ခန်းတိုင်းရှေ့တွင်လည်း အလားတူ ချိတ်ဆွဲထားသည်။ ကျွန်တော်တို့ အားလုံးက ပါလာသော အိပ်ရာလိပ်နှင့် ပစ္စည်းများကိုချပြီး ဆရာတော်ကြီးနှစ်ပါးကို ဦးချရှိခိုးကြသည်။ ကျွန်တော်က ဤဆရာတော်ကြီး နှစ်ပါးထံ မကြာခဏ ရောက်ဖူးသည့်အပြင် ဝရမ်းပြေး ဘဝတွင်လည်း ကျောင်းရိပ်ခိုရသဖြင့် ကောင်းစွာသိကျွမ်းပါသည်။ ကျွန်တော်တို့ ကောင်းနိုးရာရာ လှူဖွယ်လေးများ ကပ်လှူရန် ပြင်ဆင်သည့်အခါ ဆရာတော်နှစ်ပါးက ပျာပျာသလဲပင်” ဟေ့..မင်းတို့ကုသိုလ် ဖြစ်ရုံပဲလှူ..ငါတို့မှာ ဆွမ်းကွမ်းပြည့်စုံတယ်” ဟု မိန်ကြားကြပါသည်။ တန်းစီး၏ ပြောပြချက်အရ ထိုစဉ်က တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်၏ ဇနီးက ဆရာတော်နှစ်ပါးအတွက် နေ့စဉ်ဆွမ်းချိုင့်ပို့ကြောင်း သိရသည်။ ထောင်ဝင်စာမှာလည်း ဒကာ၊ ဒါယိကာမ ပို့သူများသဖြင့် ကျန်အကျဉ်းသားများကိုပင် ဝေပေးရကြောင်း သိရပါသည်။ ဆရာတော် ဦးရာဇဓမ္မသည် ဗိုလ်ချုပ်ထွန်းကြည်နှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်ပြီး မုံရွေးကြေးမုံ တစ်ရွာတည်းသားများ ဖြစ်ကြပါသည်။ ဆရာတော်ကြီး အဖမ်းမခံရခင်ကလည်း ဗိုလ်ချုပ်ထွန်းကြည် မိသားစုက အမြဲဆည်းကပ် ကိုးကွယ်သည်ကို မန္တလေးတစ်မြို့လုံး သိကြပါသည်။ ထို့ကြောင့်ပင် ဆရာတော်ဦးရာဇကို စစ်ကြောရာတွင် ထောက်လှမ်းရေးက “ဘုန်းကြီးနောက်က အုတ်တံတိုင်းကြီးကို ဖြိုပြမယ်” ဟု ကြိမ်းခဲ့ခြင်း ဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး မန္တလေး သပိတ်စခန်းများကို သိမ်းပိုက်ရာတွင် သွေးမြေကျမှု မရှိဘဲ အေးအေးချမ်းချမ်း ဖြစ်ခဲ့ခြင်းမှာ ဆရာတော်ဦးရာဇဓမ္မ၏ ဆုံးမသြဝါဒကို တိုင်းမှူးဗိုလ်ချုပ်ထွန်းကြည် လိုက်နာသောကြောင့် ဖြစ်သည်ဟု မန္တလေးသူ၊ မန္တလေးသားများက ယုံကြည်ကြပါသည်။
(၁) တိုက်တွင် ဆရာတော်ကြီးနှစ်ပါးမှာ တစ်ခန်းတည်း ကောင်းမွန်စွာ နေထိုင်ကြရပါသည်။ တိုင်းမှူးအရှိန်ဖြင့် သစ်သားကွပ်ပျစ်တစ်လုံး ပေးထားည့်အပြင် အရုဏ်ပုံစံ ထမင်းလည်း နားလည်မှုဖြင့် ခွင့်ပြုထားပါသည်။ (၁) တိုက်၏ တည်ဆောက်ပုံမှာ အခန်းအကျယ် ၈’ x ၁၀’ အခန်းရှိပြီး နောက်ဘက်တွင် ရေလောင်းအိမ်သာ၊ ရေချိုးခန်း ကန့်ထားသည်။ တိုက်ခန်း၏ အရှေ့တွင် ၅’ x ၁၀’ ခန့် ကျယ်ဝန်းသော ကွက်လပ်ရှိပြီး ကျားလှောင်အိမ်သဖွယ် သံတိုင်များ ကာရံထားသည်။ တန်းတင်လျှင် အတွင်းခန်းကို သံမင်းတုံးချ သော့ခတ်ပြီး ကျားလှောင်အိမ်အဝင်ကို ဖွင့်ထားသည်။ နောက်ဘက် ရေချိုးခန်း လေဝင်ပေါက်မှ မျှော်ကြည့်လျှင် မင်းကွန်းတောင်ရိုးနှင့် စေတီတော်များကို လွမ်းဆွတ်ဖွယ် မှိုင်းပျပျ ဖူးတွေ့နိုင်သည်။ တွဲဖက်ထောင်မှာ သီးသန့်ဖိုဖြင့် ချက်သည့်အတွက် အစားအသောက်လည်း ကောင်းသည်။ ထောင်တွင် အဓိကကျသည့် တန်းစီး၊ ဖိုခေါင်းည ရုံးအုပ်၊ ရုံးအဖွဲ့ စသည့်နေရာများကို ၈၈ သပိတ် ထောင်ကျများက နေရာအားလုံးလောက်နီးနီး စီးထားသည်။ ထောင်မှူးကြီး ဦးချစ်က လိမ္မာပါးနပ်စွာ သွေးခွဲလက်သပ် မွေးထားခြင်းဖြစ်သည်။ အများစုမှာ “ထောင်စိတ်ပေါက်” ပြီး နိုင်ငံရေး အကျဉ်းသားများကို မျက်နှာလိုအားရ ဖိနှိပ်ခြင်း၊ တစ်ခန်းနှင့်တစ်ခန်း စကားပြောသည်ကို ချောင်းနားထောင်ပြီး ရုံးသို့သတင်းပို့ခြင်း၊ အချို့တစ်ဦးစ နှစ်ဦးစမှာ လိင်တူဆက်ဆံခြင်း၊ ထောင်ကျလာသည့် ကလေးများကို အဓမ္မကျင့်ခြင်းအထိ ဖောက်ပြန်ခဲ့ကြပါသည်။ ကျွန်တော်တို့ (၁) တိုက်တန်းစီး တန့်ဆည်သပိတ် ထောင်ကျမှာ အောင်ဝင်းဖြစ်သည်။ အကျင့် မကောင်း။ ထောင်စိတ်ပေါက် နေသူဖြစ်သည်။ ထောင်ကမြှောက်ပေးထားသည့် “အကျဉ်းသားအရာရှိ” ဟူသည့် အခေါ်အဝေါ်တွင် ယစ်မူးသာယာ နေသူဖြစ်သည်။ အတန်းပညာလည်း ရှိပုံမရ “နိုင်ငံရေးသမားတွေ အုပ်ချုပ်နေရတာ နောင်ဆိုရင် တန့်ဆည်မှာ မလုပ်ဘူး၊ မန္တလေးတက် နိုင်ငံရေးလုပ်မယ်” ဟု ပြောလေ့ရှိသည်။ (လွတ်တော့ ရွာပြန်ပြီး နွားချေးကျုံးနေရသည်ဟု ကြားရပါသည်။)
(၁) တိုက်တွင် ရေချိုးချချိန်တွင် ရေကန်ရှိရာ အုန်းပင်ဆောင်သို့ တိုက်သားများ စုဝေးသွားရသဖြင့် အချင်းချင်း တွေ့ဆုံခွင့်ရသည်။ ကျန်အချိန်များတွင် တစ်ခန်းလျှင် ၁၅ မိနစ် လမ်းလျှောက်ချသည်။ လမ်းလျှောက်နိုင်ရန် တိုက်ခန်းတံခါး ဖွင့်ပေးခြင်းဖြစ်သည်။ ထိုအချိန်လေးတွင် တာဝန်ကျထမ်းဝန်ထမ်းနှင့် တန့်ဆည်တန်းစီး အလစ်တွင် အခန်းချင်း ဆက်သွယ်ရသည်။ ဆရာတော်ကြီး နှစ်ပါးကိုမူ နံနက် ၁ နာရီ မွန်းလွဲ ၁ နာရီခန့် တံခါးဖွင့်ပေးသည်။ ဒုတန်းစီးမှာ ကလေးသပိတ်မှ မိုက်ကယ်ဝင်းကျော်.. သူကတော့ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိသူဖြစ်သည်။ တိုက်သားများက သူ့ကိုချစ်ခင်ကြသည်။ ဆရာတော်ကြီးနှစ်ပါး လမ်းလျှောက်ချိန်တွင် ကျွန်တော်တို့ အခန်းကို စကားလာပြောလေ့ရှိသည်။ ဆရာတော်နှစ်ပါးမှာ ပုပု၀၀ညိုညိုနှင့် ပိန်ပိန်ရှည်ရှည် ဖြူဖြူလွဲသကဲ့သို့ စရိုက်လက္ခဏာလည်း ကွဲပြားသည်။ ဦးကောဝိဒက မျက်နှာချိုသကဲ့သို့ စကားပြောလည်း ချိုသာသည်။ အလိုက်အထိုက် ပြောလေ့ရှိသည်။ ဦးရာဇဓမ္မကတော့ အပြင်မှာကတည်းက ဘုကန့်လန့်သမား။ ၁၉၈၉ ခုနှစ် ဇူလိုင်လအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် မန္တလေးလာတော့ ဆရာတော်ကြီးများကို ဖူးတွေ့ကန်တော့သည်။ ဦးရာဇက ဒေါ်စုကို “ဒါ အမေရိကန်မဟုတ်ဘူး တိုင်းခန်းလှည့်မနေနဲ့” ဟုလည်းကောင်း၊ “ဒါယိကာမ အဖေကိုလည်း စောင့်ကြည့်ခဲ့တယ်.. အခု ဒါယိကာမကိုလည်း ငါတို့ကတော့ စောင့်ကြည့်ရမှာဘဲ” ဟုတဲ့တိုးပြောသဖြင့်  ဒါကာ ဒါယိကာမများ အားနာခဲ့ကြရသည်။ ၁၉၉၀ ရွေးကောက် ပွဲအပြီး NLD ဦးချစ်ခိုင်တို့ မန္တလေးလာရာ ဆရာတော်ကြီးကို ဖူးတွေ့သည်။ “ဒါကာကြီးတို့ ၁၉၆၀ ရွေးကောက်ပွဲမှာ မဲခိုးခဲ့တာ မဟုတ်လား။ အခု ကိုယ့်ကိုသူများက မတရားလုပ်တော့ ကြိုက်သလား” ဟု ပိသာလေးနှင့် ပစ်သလို ပြောခဲ့သူဖြစ်သည်။ ဆရာတော်က သူခင်မင်လျှင် ရင်းနှီးလျှင် “ခွေးမသား” ဟု အာလုပ်ပြုလေ့ရှိသည်။ ကျွန်တော့်ကို တွေ့သည်နှင့် “ခွေးမသား သိန်းသန်းဦး၊ ရေဝတ (သံဃ သာမဂ္ဂီဥက္ကဋ္ဌ ဆရာတော် ဦးရေဝတ၊ အိမ်တော်ရာတိုက်) နဲ့ ကဝိန္ဒ (သပိတ်တပ်ပေါင်းစု ဥက္ကဋ္ဌဆရာတော် မစိုးရိမ်ဦးကဝိန္ဒ) ကို နင်မြှောက်ပေးနေတာ” ဟု ပြောလေ့ရှိသည်။ ကျွန်တော် ဥပုသ်စောင့်လျှင် မနက်စာ ဟင်းပို့ပေးရင်း “ခွေးမသား.. ဘုရားကို လိမ်နေပြန်ပြီ” ဟု သြဘာပေးလေ့ရှိ၏။ ကျွန်တော်တို့ ဆရာဒါကာ နှစ်ဦးစလုံး ထောင်ကလွတ်ပြီး ၂၀၁၁ ခုနှစ်တွင်း မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် သာသနာအဖွဲ့ချုပ် သင်းလုံးကျွတ် အစည်းအဝေးက ကျွန်တော့်ကို အသင်းတော်၏ ဥပဒေအကြံပေးအဖြစ် သတင်းစာ၌ ကြော်ငြာသည်။ ဆရာတော်ကြီးက သတင်းစာဖတ်ပြီး ကျွန်တော့်ထံ ဖုန်းဆက်ကာ” ခွေးမသား.. ဗမာဘုန်းကြီးတွေ လိမ်ပြီးလို့ ခရစ်ယာန်ဘုန်းကြီးတွေ လိမ်မလို့လား” ဟု တဟားဟားရယ်ရင်း မိန့်သည်။
ဆရာတော်ဦးကောဝိဒကမူ လေအေးအေးဖြင့် ကျွန်တော်နှင့် ငြင်းခုံလေ့ရှိသည်။ ဆရာတော်ကြီးနှစ်ပါးကို ကျွန်တော်တို့က ကွယ်ရာတွင် “ဗိုလ်ရာဇာ” “ဗိုလ်ကော” ဟု ခေါ်ကြသည်။ ဆရာတော် ဦးကောဝိဒက ကွမ်းခြံကုန်းဘက်မှဖြစ်ပြီး သခင်ဖေဌေးနှင့် ရင်းနှီးခဲ့ကြောင်း ပြောပြသည်။
ဆရာတော်က ရုပ်ဝါဒကို ဝေဖန်လေ့ရှိပြီး ကျွန်တော်က ၃၁ ဘုံအယူအဆနှင့် ဗုဒ္ဓဘာသာမှ ကျွန်တော်နားမလည်သည့် အချက်များကို ဝေဖန်သည်။ စိတ်နှင့် ရုပ်ပဓာန ကိစ္စနှင့် ပတ်သက်၍ ဆရာတော် ရှင်းလင်းချက်မှာ အလွန်ကောင်းလှသည်။ ကျွန်တော်က “ဦးနှောက်သည် ရုပ်ဝတ္ထုဖြစ်ပြီး စိတ်သည် ရုပ်ဝတ္ထုဦးနှောက်၏ အမြင့်ဆုံး ထုတ်ကုန်ဖြစ်သည်။ ရုပ်မရှိဘဲ စိတ်မရှိနိုင် စိတ်မရှိဘဲ ရုပ်ရှိနိုင်သည်” ဟု ရှင်းပြသည်။ ဆရာတော်က “ကောင်းပြီဒကာ။ စောင်းလျားသီး စားဖူးသလား” ဟု မေးရာ “စားဘူးပါတယ် ဘုရား” အေးဒါဖြင့် စောင်းလျားသီး (၁၀) လုံးစားစမ်းကွာ။ “တင်ပါ့ဘုရား” “ပြီးရင် မန်ကျည်းသီးစိမ်းကို ဆားနှင့်တို့စားကွာ” “တင်ပါ့ “ “ပြီးရင် သံပရာသီး ငါးလုံးနဲ့ ရှောက်သီးငါးလုံး ဆက်စားကွာ” “ဟာ အရှင်ဘုရား တပည့်တော် ပါးစပ်ထဲ တံတွေး စို့လာပြီ” ဟု ကျွန်တော်ကပြောသည်။ “ဟေ ဟုတ်လားကွ။ မင်းစိတ်ကူးနဲ့ ချဉ်သီးစားတာ ဘာဖြစ်လို့ တံတွေးတည်းဟူသော ရုပ်ဖြစ်လာရသလဲ။ ဒါစိတ်ကြောင့် ရုပ်ဖြစ်တာ မဟုတ်ဘူးလား” ဟု ဆရာတော်က ဖြေသည်။ “ကာမဂုဏ်နဲ့ ပတ်သက်လို့ အိပ်မက်မက်ပြီး မင်းတို့ ဟိုဟာဒီဟာဖြစ် မဟုတ်လား။ ဒါအိပ်မက်တည်းဟူသော စိတ်လှိုင်းကြောင့် ရုပ်တရားတွေပေါ်တာ မဟုတ်ဘူးလား” ကျွန်တော့် အသိဉာဏ်တွင် ဝင်းခနဲဖြစ်သွားသည်။ သိပ်ဟုတ်တာပေါ့ဘုရား။ ဒါကြောင့် ဇီဝကမ္မဗေဒမှာ ပက်ဗလော့ စမ်းသပ်မှုဆိုတာ ရှိတယ်။ ခွေးအစာအိမ်ကိုဖောက်ပြီး အပြင်ဘက်ကို ပိုက်ထုတ်ထားတယ်။ ခေါင်းလောင်းခေါက်ပြီးတိုင်း ခွေးကိုအစာကျွေးတယ်။ ကြာလာတော့ အစာမကျွေးဘဲ ခေါင်းလောင်းတီးရင်း ခွေးအစာအိမ်ကနေ အစာခြေရည်တွေ ဆင်းလာတယ်။ အသံလှိုင်းကြောင့် အစာခြေရည် ရုပ်ဝတ္ထုတွေ ထွက်လာတာ။ ဤသို့ဖြင့် ကျွန်တော့်အတွက် အခြေခံအကျဆုံး ဒဿနိကမူကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
တနင်္ဂနွေနေ့တိုင်း ဥပုသ်စောင့်ရန် တန်းစီးကိုခွင့်တောင်းပြီး မနက်ရေချိုးအပြန် ဆရာတော်ကြီးများထံ သီလယူသည်။ ရှစ်ပါးသီလပေးပြီး ဆရာတော်ဦးရာဇက မနက်စာဟင်းစွန့်ပြီး အချိုပွဲပါပေးသည်။ “ခွေးမသား ဘီလူးဥပုသ် နဂါးဥပုသ် မလုပ်နဲ့နော်” “ရှင်းပြပါဦးဘုရား” “ဘီလူးဥပုသ်ဆိုတာ စားပိုးနင့်အောင်စား၊ နဂါးဥပုသ်ဆိုတာ စားပြီးရင် သေအောင်အိပ်တာ ပြောတာကွ” ပြီးလျှင် ဆရာတော်ကြီးက ကျွန်တော့်ကို အာနာပါန ကမ္မဋ္ဌာန်းသင်သည်။ “အာနာပါနဆိုတာ မဟာပုရိသဘူမိလို့ ခေါ်တယ်။ ယောကျ်ားမြတ်တို့ရဲ့ စံရာလို့ ဆိုတာပေါ့ကွာ။ ပွင့်တော်မူပြီးကြသော ဘုရားအဆူဆူဟာ အာနာပါနကမ္မဋ္ဌာန်းနဲ့ နိဗ္ဗာန်မျက်မှောက် ပြုကြတာကွ” ဆရာတော်ဦးရာဇက တည်ကြည်လေးနက်စွာ သင်ပြသည်။ အာသဿ ပါဿသတည်းဟူသော ထွက်လေဝင်လေကို နှာသီးဖျား၌တည်စေ၍ ထိသိသတိထူထောင်ဝင်လေ၏။ ဝင်ခြင်းပျက်ချုပ်ခြင်း၊ ထွက်လေ၏ ထွက်ခြင်း၊ ပျက်ချုပ်ခြင်းကို အထူးပြုသော သတိနဲ့ရှုမှတ်စေသည်။ ဤသို့ဖြင့် နေ့ခင်းတန်းပိတ်ချိန် ၁၂ နာရီမှ ၂ နာရီတွင် ကျွန်တော် တရားထိုင်ဖြစ်သည်။ ညနေ လမ်းလျှောက်လျှင် ဆရာတော်ကြီး ဦးရာဇက တရားစစ်သည်။ “မြဲမြဲ မြံမြံ အားထုတ်ကွ။ လက်သမားကိုင်တဲ့ ပဲကွပ်သစ်သားရိုးဟာ ကိုင်ဖန်များရင် လက်ရာထင်သလိုပဲ။ ရှုမှတ်ဖန်များရင် သိ-ပယ်-ဆိုက်-ပွား တရားလေးဆူ ပေါ်လာလိမ့်မယ်။” ဤသို့ဖြင့် ဆရာတော်ဦးရာဇဓမ္မ၏ သွန်သင်ညွှန်ပြမှုဖြင့် ၁၉၉၂  မှ လွတ်သည့် ၂၀၀၁ အထိ ကိုးနှစ်ခန့် နေ့လယ်ထောင်ပိတ်ချိန်တိုင်း တရားထိုင်ဖြစ်ခဲ့ပါသည်။
ဆရာတော် ဦးကောဝိဒက ကျွန်တော်နှင့် စိတ်နှင့်ရုပ်ဆက်သွယ်မှု (Correlation of Mind and Matter) အပြန်အလှန် ငြင်းခုံရင်း “မင်းကို ပဋ္ဌာန်းနိဒ္ဒေသသင်ပေးမှ ဖြစ်တော့မယ်ကွ” ဆိုသည်။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားများမှာ စာရေးစာဖတ်ခွင့် လုံးဝမရှိ။ ယုတ်စွအဆုံး သက်ဆိုင်ရာ ဘာသာတရားအလိုက် ဘုရားစာအုပ်ပင် ဖတ်ခွင့်မရှိ။ ဘုရားတက်လျှင်ပင် စစ်ယူနီဖောင်းဖြင့် သေနတ်ခါးကြားထိုးပြီး ပိတ်ဖြူစလွယ်သိုင်းတက်သည့် ခေတ်ပေကိုး။
ဆရာတော်နှစ်ပါးမှာ မစိုးရိမ်တိုက် သမိုင်းတွင် ပရိယတ္တိစာပေ၌ နာမည်ကြီးလှသည်။ “ဘုန်းကြီးသတ်” စာမေးပွဲဟု အဆိုရှိသော သကျသီဟ ဓမ္မစရိယဘွဲ့ကို (၂၇) နှစ် မပြည့်မီ ထူးချွန်စွာ အောင်မြင်တော်မူခဲ့ကြ ပြီးပါပြီ။ စာသင်စာချလည်း အလွန်ရှင်းလင်းလှသည့် နာမည်ကြီးသဖြင့် မန္တလေးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ သာမက နယ်မှပင် လာရောက်၍ ဆရာတော်နှစ်ပါး၏ စာဝါကို ရာနှင့်ချီ၍ လာတက်ကြသည်။ အချို့သံဃာများဆိုလျှင် အခန်းမရှိ၍ သစ်ပင်အောက်တွင် သံသေတ္တာဖြင့် ကျောင်းပြုရင်း စာဝါတက်ရသည်။ မစိုးရိမ်တိုက်သစ် တစ်တိုက်တည်းတွင်ပင် သံဃာအပါး သုံးထောင်ကျော်သည်။
ဆရာတော် ဦးကောဝိဒက လမ်းလျှောက်ပြီးသည်နှင့် ကျွန်တော့်အခန်းလာသည်။ ပြီးလျှင်စာချသည်။ ကျွန်တော်က အုတ်နီခဲကို သွေး၍ သမံတလင်းပေါ် ရေးမှတ်ရသည်။ ဆရာတော်ကြီးက “စိတ်ကိုမှီတွယ်၊ စိတ်ကိုချယ် ငါးဆယ်နဲ့ ဒွိက် စေတသိက်” ဟု နှုတ်တိုက်ချပေးလျှင် လိုက်ရေးရသည်။ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧက္ကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနဿီကာရတို့ပင်တည်း။ ပို့ချချက်များကို စိတ်ဖြင့်မှတ်ပြီး ရေးသားချက်များကို ဖျက်ပစ်ရသည်။ ကိုမိုက်ကယ်က တိုက်ဝင်းပေါက်မှ ကင်းစောင့်ပေးသည်။ ညနေလမ်းလျှောက် ထွက်ချိန်တွင် ဆရာတော် ဦးကောဝိဒထံ စာပြန်အံရသည်။ ဤနည်းဖြင့် ပဋ္ဌာန်းနိဒ္ဒေသနှင့် သင်္ဂြိုလ်စိတ်ပိုင်း စေတသိက်ပိုင်းပြီးသွားသည်။ ဆရာတော်ဦး ကောဝိဒက “ဘုန်းကြီးဆိုတာ ရောက်ရာနေရာ ကျောင်းသင်္ခန်းပဲကွ၊ ထောင်တိုက်ခန်းလည်း တို့အတွက်ကျောင်းပဲ၊ ဟော ခုမင်းကို စာချနေရတော့ ငါ့ပရိယတ်ဝတ် မပျက်တော့ဘူးပေါ့ကွ”။ ဆရာတော် ဦးကောဝိဒပြီးလျှင် ဆရာတော်ဦးရာဇဓမ္မက ကျွန်တော့်ကို တရားစစ်သည် တည့်မတ်ပဲ့ပြင်ပေးသည်။ တစ်ညတွင် ကျွန်တော်တရားထိုင်ရင်း အလွန်ငြိမ်းအေးပြီး အရောင်အလင်းများ မြင်ရသဖြင့် အလွန်ဝမ်းသာမိသည်။ ဆရာတော်ဦးရာဇက “ဟေ့ကောင် အဲဒါမဂ်တုလို့ ခေါ်တယ်ကွ။ သာယာမနေရဘူး။ သဘောကျရင် သဘောကျစိတ်ကို ဖြစ်ပျက်ရှု ဒါဝိပဿနာ ညစ်ညူးကြောင်း ဥပက္ကိလေသ တရားကွ” ဟု လမ်းပြသည်။
မစိုးရိမ်တိုက်သစ်ဆရာတော် ရာဇဓမ္မာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း
မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိမဟာနာယကချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တရာဇဓမ္မာဘိဝံသကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အင်တိုင်းရွာ၌ ခမည်းတော် ဦးဘဝင်း၊ မယ်တော် ဒေါ်နှင်းဦးတို့က ၁၂၉၅ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၃ ရက် ၁၉၃၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဖွားမြင်ခဲ့သည်။
၁၃၁၅ ခုနှစ် ဝါဆိုလတွင် မုံရွာမြို့ သန်းစတိုးပိုင်ရှင် ဦးစော+ဒေါ်မြိုင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ သာစည်ကျောင်းဆရာတော် ဦးကိတ္တိမထေရ်မြတ်ကို ဥပဇ္ဈယ်ပြုလျက် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ၁၉၈၈ အရေးအခင်းဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် သြဂုတ်လတွင် ရှစ်လေးလုံး နှစ်နှစ်ပြည့် အထိမ်းအမှတ်တွင် စစ်အစိုးရအား သံဃာတော်များမှ ပတ္တနိက္ကုဇနကံဆောင် သပိတ်မှောက်ခဲ့ရာ စစ်အစိုးရမှ မန္တလေးနန်းတွင်းထောင် အတွင်း၌ ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ယင်းနောက်တွင် မစိုးရိမ်တိုက်သစ်၌ ပင်ဆက်လက်၍ ပရိယတ္တိစာပေများကို နေ့ညမနား တပည့်သား သံဃာတော်များအား စာဝါများ ချပေးတော်မူခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။