ပြုပြင်ပြောင်းလဲရေးများ တံလျှပ်ကဲ့သို့ အရိပ်အယောင်မျိုးသာ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြုပြင်ပြောင်းလဲရေးများ တံလျှပ်ကဲ့သို့ အရိပ်အယောင်မျိုးသာ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 18 June 2015

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေးများ တံလျှပ်ကဲ့သို့ အရိပ်အယောင်မျိုး နောက်ဆုံးအတုအယောင် ဖြစ်သွားမည်ကို စိုးရိမ်မိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဝါရှင်တန်ပို့စ် သတင်းစာက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည့် အင်တာဗျူးတွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီကျင့်သုံးရေး လုပ်ငန်းစဉ်အတွက် တိကျသေချာသည့် ခြေလှမ်းများ ပိုမိုလိုအပ်သည်ဟု ထင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။  ဒီမိုကရေစီကျင့်သုံးရေး လုပ်ငန်းစဉ် အမှန်တကယ် ဖြစ်စေရန်အတွက် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများကို အစိုးရက ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ သို့ရာတွင် တဖြည်းဖြည်း သိသာလာသည်မှာ အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို စိတ်မဝင်စားခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမည်မျှ တရားမျှတလွတ်လပ်မှု ရှိသည်ဆိုသည်မှာ တစ်ညီတည်း ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်၊ မပြင်ဆင်နိုင်ခြင်းနှင့် ဆက်စပ်လိမ့်မည်ဟု  ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက မိမိတို့အနေဖြင့် အစိုးရက မီဒီယာလွတ်လပ်ခွင့်အပေါ် စတင်ဖိနှိပ်လာသည်ကို သတိပြုမိလာကြောင်း၊ ဂျာနယ်လစ်အချို့ ဖမ်းဆီးထောင်ချခံရမှုများ ရှိခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် ရပ်တန့်ရုံသာမက နောက်သို့ပြန်ပြောင်း သွားနေသည်ဟု ထိုစဉ်က ခံစားခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ကိစ္စမှလွဲ၍ ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲရေး တစ်စုံတရာ ဖြစ်ပေါ်လိမ့်မည်ဟု မထင်ကြောင်း၊ မိမိအနေဖြင့် ပြောရလျှင် အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လုံးဝဆန့်ကျင်နေသည်ဟု ထင်ကြောင်း ပြောကြားသည်။
အစိုးရအနေဖြင့် နိုင်ငံသားစိစစ်မှုကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်မှုကို လျင်လျင်မြန်မြန်နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစု များစွာရှိပြီး ယင်းတို့အနက် အများအပြားသည် ၎င်းတို့၏ အခွင့်အရေးများ အကာအကွယ်မရရှိ၍ လက်နက်စွဲကိုင်မှုများ ရှိခဲ့ကြောင်း၊ လူနည်းစုများ၏ အခွင့်အရေး ကာကွယ်ရေးသည် သေချာဂရုစိုက် သတိထား ဖြေရှင်းသင့်သည့် အရေးဖြစ်ပြီး မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် ဖြေရှင်းသင့်သည့် အရေးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။