ဆရာဦးစိန်ဝင်း အကဲဖြတ်ခဲ့သော သမ္မတဦးသိန်းစိန်

ဆရာဦးစိန်ဝင်း အကဲဖြတ်ခဲ့သော သမ္မတဦးသိန်းစိန်
Published 17 June 2015
နေထွန်းနိုင်

 
(ဆရာလူထုစိန်ဝင်း ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ ဆောင်းပါး)
(၁)
၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀။ သောကြာနေ့ပါ။ သောကြာနေ့တိုင်း ဆရာဦးစိန်ဝင်း အိမ်ရောက်တယ်။ ဆရာနဲ့ စကားပြောတယ်။ ပြီးမှ ဂျာနယ်တိုက်ကို ဆက်သွားပါတယ်။ အဲဒီနေ့ကတော့ အရင်နေ့တွေနဲ့မတူ ဆရာ့အိမ်ကို ခပ်စောစောရောက်တယ်။ သတင်းလိုက်စရာ ရှိသေးတာမို့ စကားများများ မပြောဖြစ်ခဲ့ပါဘူး။
ဆရာ့အိမ်က ပြန်ထွက်လာပြီး ဆူးလေကားမှတ်တိုင်နားရောက်ချိန်မှာMessage တစ်ခုဝင်လာတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့လိုက်ပြီ။ သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပို့ပြီး သူ့လက်ထက်မှာ မလုပ်တော့ဘူးလို့ ယာယီဆိုင်းငံ့လိုက်တာပါ။ သတင်းအတည်ပြုချက်ရတာနဲ့ ဆရာဦးစိန်ဝင်းဆီ ဖုန်းဆက်လိုက်တယ်။ သတင်းစကား လက်ဆင့်ကမ်းလိုက်တာပါ။
ဆရာက “ဟုတ်လား” ဆိုတဲ့ အံ့အားသင့် စကားတစ်ခွန်း ပြောပါတယ်။ သေချာတယ်လို့ ထပ်ပြောလိုက်တော့ “နှစ်ပေါင်း ၅၀ ကျော်မှာ အစိုးရက ပြည်သူလူထုစကားကို ပထမဆုံး နားထောင်လိုက်တာပဲ”လို့ ပြောပါတယ်။
ဆရာပြောတာ မှန်ပါတယ်။  အာဏာရှင်အစိုးရအဆက်ဆက်က ပြည်သူလူထုရဲ့ ဆန္ဒကို ဂရုမစိုက်ဘဲ ထင်ရာစိုင်းခဲ့ကြတာ  နှစ်ပေါင်း ၅၀ ကျော်မက ရှိခဲ့ပါတယ်။ 
ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့တာဝန်ယူပြီး ခြောက်လအတွင်း ပြည်သူတွေရဲ့ ဆန္ဒကို ပထမဆုံး လိုက်လျောလိုက်ပါတယ်။ ဒါဟာ အခု အစိုးရကို မယုံကြည်တဲ့ လူထုအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသလို ဒီမိုကရေစီလမ်းကြောင်းကို တကယ်လျှောက်လှမ်းပြီလားလို့ မျှော်လင့်စရာ ဖြစ်ခဲ့ပါတယ်။
အမှန်တော့ မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းခဲ့တာဟာ သမ္မတ ဦးသိန်းစိန်အတွက် အပေါင်းလက္ခဏာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်း ဆုတ်ယုတ်မှုတွေနဲ့ အနုတ်လက္ခဏာ ဘယ်လောက်ဖြစ်ခဲ့သလဲဆိုတာ ပြည်သူတွေ ကောင်းကောင်းသိပါတယ်။
(၂)
ဆရာဦးစိန်ဝင်းက ၂၀၁၂ ခုနှစ် ဇွန် ၁၇ ရက်မှာ ကွယ်လွန်ခဲ့တာကြောင့် အခုချိန်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာ သူ မသိနိုင်တော့ပါဘူး။ ဒါပေမဲ့ သူ ပြောခဲ့တဲ့ အယူအဆတွေ၊ သူရေးခဲ့တဲ့ ဆောင်းပါးတွေကြောင့် အခုချိန်မှာ သူသာရှိနေသေးရင် ဘာတွေပြောမလဲဆိုတာ မှန်းဆမိပါတယ်။
ဆရာ ဦးစိန်ဝင်းဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာဦးဝင်းတင်လိုပဲ အခုအစိုးရကို မယုံဘူးလို့ ပြောခဲ့သူပါ။ ဆရာဦးဝင်းတင်၊ ဘကြီးမိုး(မောင်မိုးသူ)နဲ့ အခြားသူတွေ က အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆရာဦးစိန်ဝင်းအိမ်မှာ ဆုံနေကျမို့ သူတို့ရဲ့ သဘောထားရပ်တည်ချက် သိပ်မကွဲကြဘူး။
အခု အစိုးရကို မထောက်ခံတဲ့အကြောင်း သူရေးခဲ့တဲ့ ဆောင်းပါးတွေမှာလည်း ဆရာဦးစိန်ဝင်းက အတိအကျ ထုတ်ပြောဖူးတာ ရှိပါတယ်။
“အခြေခံဥပဒေလည်း မထောက်ခံဘူး။ ရွေးကောက်ပွဲလည်း မထောက်ခံဘူး။ ဦးသိန်းစိန်အစိုးရလည်း မထောက်ခံဘူး။  စောင့်ကြည့်နေဆဲပဲ”လို့ ပြောပါတယ်။
သတင်းသမားတစ်ဦးအဖို့ အကြောင်းအရာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ရပ်ကို ထောက်ခံခြင်း၊ မထောက်ခံခြင်းဆိုတာ ပြည်သူ့မျက်နှာတစ်ခုတည်းကြည့်ပြီး စံနှုန်းတွေ နဲ့ တိုင်းတာရတာလို့ ဆရာ ပြောဖူးပါတယ်။ 
သူဟာ တော်လှန်ရေးကောင်စီအစိုးရကို မထောက်ခံသလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကိုလည်း မထောက်ခံပါဘူး။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာတဲ့ အစိုးရကို မထောက်ခံဘူး။ အမျိုးသားညီလာခံကိုလည်း မထောက်ခံခဲ့ပါဘူး။
ယုံကြည်ချက်၊ ကိုယ်ကျင့်သိက္ခာနဲ့ ဟီရိသြတ္တပ္ပတရားကို လက်ကိုင်ထားခဲ့သူဖြစ်တာကြောင့် အမျိုးသားညီလာခံနောက်ပိုင်း ဖြစ်လာတာတွေကို မထောက်ခံတာလည်း မဆန်းပါဘူး။
သမ္မတဦးသိန်းစိန်အစိုးရ တက်လာချိန်မှာ ဆရာဦးစိန်ဝင်းက သူတို့ကို အကဲဖြတ်ဖို့ စံနှုန်းသုံးခု ထားပါတယ်။ မူကို ကိုင်စွဲပြီး ပြောလေ့ရှိတဲ့ သတင်းစာဆရာမို့ ကိစ္စတိုင်းကို မူနဲ့ပဲ ဆုံးဖြတ်တဲ့သဘောပါ။
အကဲဖြတ်ဖို့ ဆရာတိုင်းတာခဲ့တဲ့ စံနှုန်းသုံးခုက (၁)နိုင်ငံရေးအကျဉ်းသားတွေ လွှတ်၊ မလွှတ်ဆိုတဲ့ စံ၊ (၂) ပြည်တွင်းစစ် အမြန်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် လုပ်၊ မလုပ်ဆို တဲ့စံ၊ (၃) မြစ်ဆုံစီမံကိန်းကို ဆက်လုပ်၊ မလုပ် ဆိုတဲ့ စံတွေ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာရောက်ချိန်မှာ သူ အစောပိုင်းကပြောခဲ့တဲ့ စံနှုန်းသုံးခုထဲမှာ နောက်ထပ်တစ်ခုကို ထပ်ဖြည့်ခဲ့ပါတယ်။  ထပ်ဖြည့်လိုက်တဲ့ စံက “ပြည်သူလူထုအပေါ် ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေအားလုံး လျော့ကျသွားအောင်လုပ်ပြီး ဆင်းရဲနွမ်းပါးခြင်းက  ကင်းဝေးအောင် လုပ်၊ မလုပ်” ဆိုတာ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ မြစ်ဆုံစီမံကိန်းကို ယာယီဆိုင်းငံ့လိုက်ပါတယ်။ ဒီလို ဆိုင်းငံ့တဲ့အတွက် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း ဆောင်းပါးထဲ ထည့်ရေးခဲ့ဖူးပါတယ်။ ဒီအတွက် တချို့သောသူတွေရဲ့ လှောင်ပြောင်ခြင်းကို ခံရပါတယ်။ လူတချို့ကလည်း မျက်မှန်စိမ်းကိုချွတ်ပြီး အစိုးရကို အကောင်းမြင်ဖို့ ပြောပါတယ်။ ဒါပေမဲ့ သူကတော့ သူထားရှိခဲ့တဲ့ စံနှုန်းကို မပြောင်းခဲ့ပါဘူး။
ဒီလို စံသတ်မှတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ဆရာ ဦးစိန်ဝင်းက “သတင်းသမားဟာ သူ့ အဇ္ဈတ္တကလွဲပြီး ဘယ်သူ့အမိန့်ကိုမှ မနာခံဘူး။ ဘယ်သူ့ညွှန်ကြားချက်ကိုမှလည်း စောင့်ဆိုင်းနေစရာ မလိုဘူး။ သူ့ အတွင်းစိတ်ကလေးက ဖန်တီးပေးတဲ့မူကို ကိုင်စွဲပြီး လုပ်စရာရှိတာကို လုပ်ရတယ်။  ဘယ်အချိန် ဘာလုပ်သင့်တယ်ဆိုတဲ့အချက်ကို သူ့ပြည်သူလူထုက ပြဌာန်းသတ်မှတ်ပေးလိမ့်မယ်။ သတင်းသမားဟာ သူ့အဇ္ဈတ္တနဲ့ သူ့ပြည်သူလူထုကလွဲပြီး ဘယ်သူ့ကိုမှ နာခံစရာမလိုဘူး။ ဘယ်သူ့မျက်နှာကိုမှလည်း ထောက်စရာမလိုဘူး။ ရေးစရာရှိရင် ရဲရဲရေးပြီး ပြောဖို့လိုအပ်ရင် ပြတ်ပြတ်သားသားပြောရမယ်”လို့ ဆိုခဲ့ဖူးပါတယ်။
(၃)
အခု သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်း နောက်ဆုံးကာလ ရောက်လာပါပြီ။ ဒီအချိန်မှာ သမ္မတဦးသိန်းစိန် အစိုးရကို အကဲဖြတ်ထောက်ခံဖို့ ဆရာဦးစိန်ဝင်း သတ်မှတ်ခဲ့တဲ့ စံနှုန်းတွေ ပြည့်မီခဲ့ပြီလား။
နံပါတ်(၁)စံနှုန်းက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်၊ မလွတ် ဖြစ်ပါတယ်။  တချို့လွတ်လာပါတယ်။ ဒါပေမဲ့ ထပ်ဖမ်းခံရတာတွေကိုကြည့်ရင် စံနှုန်းပြည့်မီတယ် မဆိုနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးမင်းကိုနိုင်တို့ ပြန်လွတ်ခဲ့တုန်းကလည်း နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေဆဲမို့ စံနှုန်း မပြည့်သေးဘူးလို့ ဆရာက သတ်မှတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (AAPP-B) က  မေလမှာ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရဆို အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅၈ ဦးရှိပါတယ်။
အဲဒီသူတွေထဲမှာ နိုင်ငံသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်အတိုင်း ဆန္ဒထုတ်ဖော်ခဲ့သူတွေကို ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ အသီးသီးတပ်ပြီး ထောင်ချခံခဲ့ရသူတွေ ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ချခံရသူတွေလည်း ပါပါတယ်။ ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇ တွေနဲ့ တရားစွဲဆိုပြီး ထောင်ချခံခဲ့ရတဲ့ တောင်သူလယ်သမားတွေလည်း ပါပါတယ်။
ဒါတင် မကပါဘူး။ အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ သပိတ်မှောက် တောင်းဆိုခဲ့တဲ့အတွက် သာယာဝတီထောင်မှာ အကျဉ်းချခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအပြင် အမှုရင်ဆိုင်နေရဆဲ ဦးရေဟာ ၄၈၀ ကျော် ရှိပါတယ်။ 
ဒီတော့ ဆရာဦးစိန်ဝင်း သတ်မှတ်ခဲ့တဲ့ စံသုံးခုထဲမှာ တစ်ခုက မပြည့်သေးပါဘူး။
ဒုတိယ စံသတ်မှတ်ချက်က ပြည်တွင်းစစ် အမြန်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် လုပ်၊ မလုပ်ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။
 ဒါလည်း မဖြစ်သေးပါဘူး။ သမ္မတ ဦးသိန်းစိန်အစိုးရ မျှော်မှန်းထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်ကို အခုထိ လက်မှတ်မထိုးနိုင်သေးဘူး။ အဲဒီစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရင်တောင် တိုက်ပွဲတွေ လုံးဝရပ်စဲသွားပြီး  ငြိမ်းချမ်းရေး တကယ်ရမလားဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ပါဘူး။ 
တတိယအချက် စံသတ်မှတ်ချက်ဖြစ်တဲ့ ပြည်သူလူထုအပေါ်ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေအားလုံး လျော့ကျသွားအောင်လုပ်ပြီး ဆင်းရဲနွမ်းပါးခြင်းက ကင်းဝေးအောင် လုပ်၊ မလုပ်ဆိုတာ ပိုဆိုးပါတယ်။
ကိန်းဂဏန်းအရပဲ ပြောထားတဲ့ ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်းအောက် ရောက်ရေးဆိုတာ အခုထိ ဖြစ်မလာပါဘူး။ လယ်သမားတွေ လယ်လုပ်ပိုင်ခွင့် ပိုပြီး ပျောက်ဆုံးလာတယ်။ အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ အခုထိ မသတ်မှတ်နိုင်သေးဘူး။ အခြေခံအလုပ်သမားတွေ အားလုံးက ငွေကြေးဖောင်းပွနှုန်း ၈ ဒသမ ၁၁ ရာ ခိုင်နှုန်းအောက်မှာ ပြားပြားဝပ်နေကြရတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုက ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ပေါ်ခဲ့တဲ့နှစ်က ညွှန်းကိန်းထက် ပိုလာခဲ့ပါတယ်။ ဒီကြားထဲမှာ “ကြွေးတင်ရင် ပြည်သူပဲ ဆပ်ရမယ်”ဆိုတဲ့ အစဉ်အလာကြောင့် အစိုးရချေးငွေတွေ၊ အစိုးရအသုံးစရိတ် မြင့်မားလာခြင်းတွေက ပြည်သူအပေါ် ဖိစီးထားပါတယ်။
ဒီတော့ တတိယစံနှုန်းလည်း ပြည့်မီမှု မရှိသေးဘူးလို့ပဲ ဆိုရမှာပါ။
(၄)
သမ္မတ ဦးသိန်းစိန်ကို ဆရာဦးစိန်ဝင်းက စံနှုန်းသုံးခုထားပြီး စောင့်ကြည့်ခဲ့တယ်။   အစိုးရသက်တမ်း နောက်ဆုံးကာလ ရောက်လာချိန်အထိ ဆရာထားခဲ့တဲ့ စံနှုန်းသုံးခုလုံး ပြည့်မီခြင်း မရှိခဲ့ပါဘူး။
ဒီစံနှုန်းသုံးခုဟာ သမ္မတ ဦးသိန်းစိန်အစိုးရကို ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတာအတွက် အဖြေဖြစ်ပါတယ်။
တကယ်လို့ အခုချိန်မှာ ဆရာရှိနေမယ်ဆိုရင်လည်း သူပြောတဲ့ စံနှုန်းသုံးခုအတိုင်း မပြောင်းလဲဘဲ ရပ်နေမှာပါ။ စံနှုန်းတွေမပြည့်ရင် မထောက်ခံဘူးလို့ပဲ သူ ပြောမှာပါ။
နောက်တစ်ချက်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ အဂတိလိုက်စားမှု ပပျောက်ရေးဖြစ်ပါတယ်။ ဒီအတွက် ကြိုတင်သတိပေးခဲ့တဲ့ ပြောကြားချက်တွေကိုလည်း ဆရာဦးစိန်ဝင်း ရေးခဲ့ဖူးပါတယ်။
အကျင့်ပျက်ခြစားမှုတွေကို အရင်ရှင်းထားဖို့ ကောင်းတယ်ဆိုတာကို ပြောခဲ့တာပါ။ 
“ဘယ်လို အာဏာရှင်အုပ်ချုပ်ရေးပိုင်းမှာမဆို “ခေါင်းတော်ညိတ်၊ စိတ်တော်သိ” ဖြစ်တဲ့သူတွေကိုသာ ရွေးပြီး ရာထူးရာခံ ပေးထားသလို၊ စီးပွားရေးအပိုင်းမှာလည်း “သပိတ်ဝင် အိတ်ဝင်” ဖြစ်အောင် လုပ်ပေးထားသူတွေကိုသာ လုပ်ပိုင်ခွင့်ပေးမြဲ ဖြစ်တယ်။
သာမန်လူတွေ စီးပွားရေး လုပ်ချင်ရင် သပိတ်ဝင် အိတ်ဝင် စီးပွားရေးသမားတွေဆီကတစ်ဆင့် လက်ဝေခံယူရတယ်။  ဒါမှမဟုတ်လည်း လုပ်ပိုင်ခွင့်ပေးနိုင်သူတွေဆီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝင်ရတယ်။  ဘယ်နည်းပဲ သုံးသုံး “ငွေကို လမ်းခင်း” လုပ်ရတာတွေချည်း ဖြစ်လေတော့ နေရာတိုင်းမှာ အကျင့်ပျက်ခြစားမှုတွေ တားမနိုင်၊ ဆီးမရ ပေါ်ပေါက်လာခဲ့တယ်။ ဒီ အကျင့်ပျက် ခြစားမှုတွေကို အမြစ်ပြတ်အောင် မရှင်းနိုင်ရင် ကူညီထောက်ပံ့မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဒလဟော စီးဝင်လာခဲ့ရင်တောင် အိတ်ပေါက်နဲ့ ဖားကောက်သလိုသာ ဖြစ်နေလိမ့်မယ်”လို့ ဆရာက သတိပေးခဲ့တာပါ။
ဒါပေမဲ့ ဆရာ့သတိပေးမှုတွေက အရာမထင်ခဲ့ပါဘူး။ အဂတိလိုက်စားမှုနဲ့အကျင့်ပျက်ခြစားမှုတွေ ဆက်ရှိခဲ့ပါတယ်။
အခုအစိုးရလက်ထက်မှာ  တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်စာ ၁၃၆၅ စောင် ရောက်ပါတယ်။ ဒီတိုင်စာတွေထဲမှာ ၂၀၁၅ ခုနှစ် မေအထိ ဖြေရှင်းပေးနိုင်ခဲ့တာ ၁၃ စောင်ပဲ ရှိတယ်လို့ သိရပါတယ်။ ဒါဟာ တိုင်စာစုစုပေါင်းရဲ့ ၀ ဒသမ ၉၅ ရာခိုင်နှုန်းကိုပဲ ဖြေရှင်းပေးခဲ့တာပါ။ တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး။ 
ဆရာဦးစိန်ဝင်းကတော့ တိုင်းပြည်မှာရှိနေသမျှ အကျင့်ပျက်ခြစားမှုတွေကို မတိုက်ဖျက်နိုင်ဘူးဆိုရင် ဘယ်လောက်ပဲ ကူညီထောက်ပံ့မှုတွေရရ “ပြည်တော်သာစီမံကိန်း” လို ရေစုန်မျောသွားမှာပဲလို့ ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံဟာလည်း နိုင်ငံခြားကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေ မကြာမီရောက်ရှိလာဖွယ်ရှိလေတော့ အာဖရိကလို မဖြစ်ရအောင် အကျင့်ပျက်ခြစားမှုတွေကို ကြိုတင်ရှင်းလင်း ဖယ်ရှားထားဖို့လိုပါတယ်။  ဒီလိုလုပ်မထားနိုင်ရင် ဖဆပလခေတ်က  လူတစ်ကိုယ်၊ တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ လစဉ်ဝင်ငွေ ၅၀၀ ကျပ်ဆိုတဲ့ “ပြည်တော်သာ စီမံကိန်းကြီး” ရေစုန်မျောသွားသလို ဖြစ်သွားနိုင်တယ်”လို့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဆရာပြောခဲ့ပါတယ်။
(၅)
ဒီနေ့ ဇွန် ၁၇ ရက်မှာ ဆရာဦးစိန်ဝင်း ကွယ်လွန်တာ သုံးနှစ်ပြည့်ပါပြီ။ ဆရာမရှိတော့ပေမဲ့ ဆရာထားရှိခဲ့တဲ့ စံနှုန်းတွေက ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
အခုချိန်မှာ ဆရာဘာပြောနေမလဲဆိုတဲ့ အဖြေက ဆရာထားခဲ့တဲ့ စံနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရုံပါပဲ။ 
ကျွန်တော်ကတော့ အခုချိန်မှာ ဆရာဦးစိန်ဝင်း ဘာသာပြန်ခဲ့တဲ့ ပီကင်းဒိုင်ယာရီ (Peking Diary by Derk Bodde) စာအုပ်ထဲ က စာသားတွေကို သတိရပါတယ်။ ၁၉၄၉ ခုနှစ် တရုတ်နိုင်ငံ၊ ခေတ်ပြောင်းတော်လှန်ရေးကာလအခြေအနေ ရေးသားမှုထဲကဖြစ်ပါတယ်။ “အပြောနှင့်အလုပ် မညီညွတ်သည့်အဖြစ်မှာ နိုင်ငံရေးအရ ယိုယွင်းချွတ်ခြုံကျလာသည့် အခါမျိုးတွင် ပို၍ ထင်ထင်ရှားရှား ပေါ်ပေါက်လာလေ့ရှိသည်။ အစိုးရအဖွဲ့တစ် ဖွဲ့အနေနှင့် ထိထိရောက်ရောက် အုပ်ချုပ်ကွပ်ကဲခြင်း မပြုနိုင်၊ မပြုလိုသည့်အခါမျိုးတွင် ဘာတစ်ခုမှ အကောင်အထည် ပေါ်မလာနိုင်၊  ပေါ်မလာသည့်အကြောင်းကိုလည်း လူတကာသိသည်။ သင်္ကြန်အမြောက်လို ကြွေးကြော်သံတွေ၊ စကားလုံးတွေကို အားကိုးအားထား ပြုလေ့ရှိသည်။ ဘာတစ်ခုမှ ဖြစ်မလာနိုင်ဆိုသော အချက်ကို သူသူငါငါပင် သိငြားလည်း  သိက္ခာဆည်ရန်အတွက် သက်သက်နှင့်ပင် ကြွေးကြော်သံတွေ ရွတ်ဖတ်သရဇ္ဈယ်လေ့ ရှိပါသည်” ဆိုတဲ့ စာသား ဖြစ်ပါတယ်။
အခုချိန်မှာ ဆရာသာ ရှိနေရင် ဒီထက်မက ပြင်းထန်တဲ့ စကားတွေနဲ့ ပြည်သူဘက်က မားမားမတ်မတ်ရပ်ပြီး ပြောနေဦးမှာဖြစ်ပါတယ်။