ဘောလုံးကိုတင်သွင်းလာသူ ဆာဂျော့စကော့ (ခေါ်) ရွှေရိုးကို မြန်မာနိုင်ငံတွင် ရှာဖွေခြင်း

ဘောလုံးကိုတင်သွင်းလာသူ ဆာဂျော့စကော့ (ခေါ်) ရွှေရိုးကို မြန်မာနိုင်ငံတွင် ရှာဖွေခြင်း
Published 16 June 2015
ကိုနေ(မန်း)

ဘောလုံးမှ ဘောလုံးရယ်လို့ တစ်နိုင်ငံလုံး ခရေဇီဖြစ်နေချိန်မှာ မြန်မာတွေကို ဘောလုံးနဲ့ စတင်မိတ်ဆက်ပေးခဲ့သူ၊ မြန်မာနိုင်ငံသို့ ဘောလုံး(ကစားနည်း)ကို တင်သွင်းလာသူ ဗြိတိသျှအင်ပါယာ ကိုလိုနီယန္တရားရဲ့ ဗျူရိုကရက်မှ စာရေးဆရာဖြစ်သွားသူ မြန်မာအမည် ရွှေရိုးအမည်ခံ ဆာဂျော့စကော့ကို မြန်မာနိုင်ငံမှာ ခြေရာခံကြည့်ကြရအောင်ပါ။ 
 
စကော့(၂၅-၁၂-၁၈၅၁ မှ ၄--၁၉၃၅)ဟာ စကော့ဂျာနယ်လစ်၊ ကျောင်းဆရာ၊ ကိုလိုနီနယ်ချဲ့အုပ်ချုပ်ရေးသမားဖြစ်ပြီး မြန်မာနိုင်ငံကို ဘောလုံးကစားနည်း တင်သွင်းလာသူ မြန်မာတွေကို ဘောလုံးရူးစေသူ တရားခံပါ။ လန်ဒန်စတန်းဒပ်အတွက် မလေးသတင်းယူရာမှ ရန်ကုန်ကနေ သတင်းပို့ရပြီး မန္တလေးတို့ ဘာတို့သွားကာ London daily news နဲ့ St. James gazette တို့အတွက် သတင်းရေးပြီး ၁၈၈၂ ခုနှစ်အထိမြန်မာပြည်မှာ ရှိနေတယ်။ ထိုကာလအတွင်း စိန့်ဂျွန်းကောလိပ်မှာ ကျောင်းဆရာ၊ (ကျောင်းအုပ်လည်း ခဏဖြစ်သေး) လုပ်တယ်။ ၁၈၈၄ ခုနှစ်မှာ အချိန်ပြည့် သတင်းထောက်လုပ်ပြီး Evening Standard အတွက် ပြင်သစ်တွေ တုံကင်း (မြောက်ဗီယက်နမ်)မှာ နယ်ချဲ့တာတွေရေးတယ်။  အဲမှာ ကိုယ်တွေ့မှတ်တမ်း၊ စာရွက်စာတမ်း၊ လက်ရေးတွေ စုဆောင်းမိပြီး ကိန်းဘရစ် တက်က္ကသိုလ် စာကြည့်တိုက်မှာ ထင်ရှားလာတယ်။ အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းလိုက်တော့ ကိုလိုနီအရပ်ဘက်အုပ်ချုပ်မှုယန္တရားရဲ့ အမြုတေဖြစ်လာမယ့် ဘားမားကော်မရှင်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ၁၈၈၆ ခုနှစ်မှာမြန်မာပြည်ကို ပြန်လာပြီး အစောပိုင်းမန္တလေး၊ မိတ္ထီလာ၊ လှိုင်းတက်တို့ မှာ တာဝန်ကျကာ လက်ထောက်ကော်မရှင်နာဖြစ်ပြီး ၁၉၀၁ ခုနှစ် နိုဝင်ဘာမှာ ဆာဘွဲ့ရတယ်။အထူးသဖြင့် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ရှမ်းပြည်နယ်မှာ သွပ်သွင်းခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ တောင်ကြီးမှာ တာဝန်ကျတယ်။ ရန်ကုန်မြို့လယ်က အခုဗိုလ်ချုပ်ဈေးဖြစ်နေတဲ့ ယခင် “စကော့ဈေး”ဆိုတာဟာ ဆာဂျော့စကော့ကို ဂုဏ်ပြုမှည့်ခေါ်ခဲ့တာလို့ အချို့က မှားယွင်းရေးသာခဲ့ကြပေမယ့် မဟုတ်ပါဘူး။ ထိုစဉ်က ရန်ကုန်မြူနီစီပယ်မင်းကြီး ဂေဗင်စကော့( ၁၉၂၂ ခုနှစ်မှ ၁၉၃၀ ခုနှစ်အထိ ကော်မရှင်နာ)ကို အစွဲပြုမှည့် ခေါ်ခဲ့တာပါ။ သို့ပေမဲ့ စကော့ရဲ့ လမ်းမတော် ထ(၁)ကျောင်းကြီးကတော့ ရန်ကုန်သမိုင်းဝင် အမွေအနှစ်စာရင်းဝင်နေခဲ့ပါပြီ။
 

 
ယခင် စိန့်ဂျွန်းကျောင်း ယခု အ. ထ.က(၁)လမ်းမတော် ကျောင်းကို တွေ့ရစဉ်
 
ဗြိတိသျှဗျူရိုကရက် ဂျော့စကော့ကို ၁၈၅၁ ခုနှစ်က စကော့တလန်မှာမွေးပြီး ဝိတိုရိယခေတ် နယ်မြေသစ် ရှာဖွေနယ်ချဲ့သွားလာသူ လူစွန့်စား၊ စစ်သတင်းထောက်၊ ဓာတ်ပုံဆရာ၊ ဘောလုံးအားကစားသမားဖြစ်လာတယ်။ ကျွဲကောသီးစတိုင် ဦးထုပ်ကြီးဆောင်းတဲ့ စကော့ဟာ မွေးရာပါ နယ်ချဲ့သမားပဲ။ သူက ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးစနစ်ကို အထက်မြန်မာပြည်မှာ သွတ်သွင်းရာမှာ ဇာတ်လိုက်ပါ။ ဒီလူကောင်သေးသေး ခရစ်ယာန်စာဟော ဆရာရဲ့သားဟာ ရပ်ချ်ခေါ် “ဗြိတိသျှ-အိန္ဒိယ” တိုက်ငယ်ရဲ့ လက်နက်ကိုင်ထားတဲ့ နယ်ချဲ့ကိုယ်စားလှယ်သရုပ်ထက် ဘာမှမပိုခဲ့ဘူး။ 
 
စကော့ရဲ့ အလုပ်တာဝန် တစ်စိတ်တစ်ပိုင်းကတော့ တရုတ်နဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တောင်တန်းဒေသနယ်ခြားတစ်လွှား ဥပဒေမဲ့ရှေ့တန်း နယ်မြေတွေကို ဖြန့်ကြက် တိုင်းထွာမြေပုံထုတ်ဖို့ပါ။ ဗြိတိသျှ-အိန္ဒိယ အင်ပါယာရဲ့ အရှေ့ဖျားဆုံး ကုန်းမြေနယ်နိ မိတ်မျဉ်းကို “စကော့လိုင်း”လို့တောင် ခေါ်ခဲ့ကြတာ။ ဒါပေမဲ့ သူက အင်ပါရာ ဂိုးတိုင်တွေကို  တခြားနည်းနဲ့လည်း အကျယ်ချဲ့ခဲ့သူပါ။ ဘောလုံးနဲ့လည်း နယ်ချဲ့ခဲ့သူပါ။ ဒီနေ့ မြန်မာနိုင်ငံမှာ နံပါတ်တစ် အမျိုးသားအားကစားဖြစ်နေတဲ့ “ဘောလုံး” ကို သူက ပထမဆုံး စတင်တင်သွင်း မိတ်ဆက်ပေးခဲ့တာပါ။ စကော့က မှတ်ချက်ပြု ရေးသားခဲ့ရာမှာ မြူးထူးသောင်းကျန်းလှတဲ့ ဗမာတွေက ဘောလုံးကို ချစ်သတဲ့။ ဘာကြောင့်ဆို ဘောလုံးက ဖိုက်တင်ကစားနည်းမို့တဲ့။ သူ့ ဒိုင်ယာရီတွေကို ဖတ်ရင်တော့ စကော့ဟာ ဝိတိုရိယခေတ် လူစွန့်စားနယ်ချဲ့သမား လူရမ်းကားပဲ။ ဒါပေမဲ့ ဒါက တစ်ဝက်သာမှန်မယ်။ သူက ရှာဖွေစွန့်စား ဓာတ်ပုံသမား၊ ပါရမီရှင်နဲ့ လုပ်အားနှုန်းကောင်းတဲ့ စာရေးဆရာပါ။ သူ့အကောင်းဆုံးလက်ရာ  “ဗမာ”  The Burman (1882)  ဟာ ဒီနေ့အထိ ပုံနှိပ်ရောင်းချနေရဆဲ မြန်မာအကြောင်းဆို အရာရာပြိုင်ဘက်မရှိ ပြောရေးဆိုခွင့် အာဏာပိုင်သဖွယ်ပဲ။ နားထွင်းလေ့ကနေ ဆင်ဖြူတော်တွေအကြောင်းအထိ ပါဝင်တယ်။ ၁၈၇၀ ခုနှစ်များမှာ စကော့ရောက်လာတဲ့အခါ ရန်ကုန်ဟာ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ဆန်စပါးတင်ပို့ ဆိပ်ကမ်းကြီးပါ။ ဗြိတိသျှလက်အောက်မှ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ဆန်အိုးကြီးဖြစ်အောင်လုပ်ပြီးနောက် ထိုစဉ်က မြန်မာဟာ ကမ္ဘာ့ဆန်စပါးတင်ပို့မှု နံပါတ်ဝမ်း အိတ်စ်ပိုတာပါ။ မြစ်ဝကျွန်းပေါ်တစ်လွှား  မီးခိုခေါင်းတိုင် တလူလူက ကြိတ်ပြီး ဆန်တွေဟာ လှေတွေနဲ့ ရန်ကုန်ကိုရောက်လာပြီး ဥရောပသွား မီးသင်္ဘောကြီးတွေနဲ့ စူးအက်တူးမြောင်းကို ဖြတ်ကျော်တင်ပို့ခဲ့ကြတယ်။ 
 

 
ရုပ်ချောတဲ့စကော့ရဲ့ အရပ်က ငါးပေထက် အများကြီး ထပ်မပိုပါဘူး။ ဒါပေမဲ့ လမ်းပေါ်က ဖိုက်တာလူမိုက်ဘော်ဒီနဲ့ အညို ရောင်မျက်လုံးတွေနဲ့ဆိုတော့ ဝိတိုရိယ အင်ပါယာအတွက် မွေးလာသူလိုပဲ။ “သူက ကောင်းကောင်းစားတယ်။ ကျန်းမာရေးကောင်းတယ်။ အားကစားလိုက်စားသူပီပီ လေ့ကျင့်ခန်းမှန်မှန်လုပ်တယ်”လို့  သူ့ တတိယ ဇနီးနဲ့ ဘိုင်အိုဂရပ်ဖီရေးသူ ဂျရယ်ဒင်း မစ်တန်ကရေးတယ်။ စကော့ဟာ အားကစား နဲ့ပတ်သက်လို့ စက်ဘီး၊ နပန်း၊ သေနတ်ပစ်၊ ခရစ်ကက်၊ လှေလှော်၊ ရေကူးနဲ့ အဓိကက ဘောလုံးကို အနှစ်သက်ဆုံးပါ။ 
 
စကော့ဟာ သူ့အဖေ စာဟောဆရာလုပ်ရာ ဒေယာဆီမှာ ကြီးပြင်းခဲ့တယ်။ ဖခင်သေတော့ စကော့က ကိုးနှစ်သားပဲ ရှိသေးတာ။ မိခင်က သူ့အစ်ကို ဖောဆစ်နဲ့ သူ့ကို စတွတ်ဂတ်မှာပညာသင်စေဖို့ ဆုံးဖြတ်ခဲ့တယ်။ သူတို့တွေ ဂျာမန်မှာကျောင်းပြန်တက်ကြတယ်။ ဒါပေမဲ့ သြစတြီးယားနဲ့ ပရပ်ရှားစစ်ကြောင့် အင်္ဂလန်ကို ပြန်ပြေးလာရတယ်။ ၁၈၆၆ မှာတော့ စကော့ဟာ သူပြောတတ်တဲ့ နိုင်ငံခြားစကား ၁၇ ခုအနက် တစ်ခုကို မွှတ်နေပြီ။  
 
အမေ့ကောင်းမှုကြောင့် ဖောဆစ်က ကိန်းဘရစ်ဝင်ခွင့်ရပြီး စကော့က အောက်စဖို့ဒ် ရောက်တယ်။ အမေကမွဲတော့ ကျောက်မီးသွေးလုပ်ငန်းလုပ်တဲ့ ဆွေမျိုးတွေက ကူကြပါသေးတယ်။ နောက်ဆုံးတော့ အမေနဲ့ အစ်ကို့ကို ထောက်ပံ့ဖို့အတွက် စကော့ကကျောင်းထွက်ပြီး အလုပ်ရှာရတယ်။ 
 
စကော့ရဲ့ ပထမဆုံးအရှေ့အာရှအတွေ့အကြုံကတော့ လန်ဒန်စတန်းဒပ်သတင်းစာအတွက် စစ်သတင်းထောက်အဖြစ်နဲ့ပါ။ ၁၈၇၅ ခုနှစ်မှာ ဗြိတိသျှစုံစမ်းရေးအဖွဲ့နဲ့အတူ မလေးပြည်နယ် ပီရတ်ကို ရောက်တယ်။မလေးစော်ဘွားရဲ့ လူယုံတော်က မျက်နှာဖြူတစ်ဦးကို သတ်လို့ပါ။ စကော့ဟာ စတန်းဒပ်နဲ့အတူ ဂျာနယ်လစ်ကလောင်စွမ်းကို ကောင်းကောင်းပြခဲ့တယ်။ 
 
ရန်ကုန်ကို စကော့ရောက်လာတာကတော့ မစ်ရှင်ကျောင်းမှာ ကျောင်းဆရာအဖြစ်နဲ့ပါ။ စိန့်ဂျွန်းကောလိပ်မှာ ဆရာလုပ်ရင်းနဲ့ ဂျာနယ်လစ်အဖြစ် အပိုဝင်ငွေလည်းရှာရင်းပါ။ သူကမြန်မာ့ယဉ်ကျေးမှုကို ကိုယ်တိုင် ဝင်စားလေ့လာတယ်။ ပါရမီထူးသူ စကော့က မကြာမီမှာ မြန်မာစကားကို မွှတ်နေအောင် ပြောတတ်သွားပြီ။ အခြားမျက်နှာဖြူတွေနဲ့ မတူဘဲ သူက ဆီပြန် အငန် အစပ်ကဲတဲ့ မြန်မာ ထမင်းဟင်းတွေကို ခုံမင်တယ်။ ဇွန်းခက်ရင်း မပါဘဲ ဗမာတွေစားသလို လက်နဲ့နယ်ဖတ်ပြီး ပယ်ပယ်နယ်နယ် လွေးတယ်။ မကြာခဏဆိုသလို လုံချည်တွေဘာတွေ ဝတ်လိုက်သေးတော့ ဘိုရူးတွေရှက်စရာပါ။ အားကစားမျိုးစုံကျွမ်းသူ စကော့ဟာ ရန်ကုန်ကန်တော်ကြီးမှာ လှေပြိုင်ပွဲတစ်ခု ၁၈၈၁ ခုနှစ်က ဆော်သြခဲ့သေးပြီး လူ ၁၀၀၀၀ ကျော်လာရာ လွန်ခဲ့တဲ့ ငါးနှစ်က ရန်ကုန်သားနဲ့ မော်လမြိုင်သားတို့ မြင်းပွဲအပြီးမှာ အစည်ဆုံးပဲတဲ့။ 
 
လှေနဲ့မြင်းထက် စကော့လုပ်ရပ်မှာ အအောင်မြင်ဆုံးကတော့ ဗမာတွေကို ဘောလုံးဇာတ်သွင်းလိုက်ခြင်းပါ။ ဒီနေ့ ကမ္ဘာ့ဘောလုံးမှာဆရာကျပြီး ဖီဖာမှာ အမြဲတမ်းတစ်ခုံစာပေးရတဲ့ ဘောလုံးဘိုးအေ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် “အက်ဖ်အေ” ဆိုတာကြီးတောင်မှ ၁၈၆၃ ခုနှစ်ကမှ စတင်ဖွဲ့စည်းခဲ့ရရှာတာပါ။ အက်ဖ်အေထောင်ပြီး မကြာခင်မှာ ဗမာတွေက ဘောလုံးကန်နေပြီ။ 
 

 
ရှမ်းပြည်နယ်တစ်နေရာမှ ဂျော့စကော့
 
ဗြိတိသျှသံလမ်းအင်ဂျင်နီယာတွေက အာဂျင်တီးနားကို ဘောလုံးသယ်သွားတယ်။စကော့ချည်မျှင်နဲ့ အထည်လုပ်သားတွေက ဆွီဒင်တွေကို ဘောလုံးကန်နည်း သင်ပေးတယ်။ ရုရှားတွေက အင်္ဂလိပ် ဝါဂွမ်းစက်ရုံ မန်နေဂျာတွေထံက ဘောလုံးပညာသင်ယူတယ်။ ၁၈၇၈ ခုနှစ်ရဲ့ အခုလိုကျောင်းဖွင့်စ ဇွန်မိုးရေထဲမှာပေါ့။ စိန့်ဂျွန်းကောလိပ်နောက်က ကကြိုးကကြောင်ကွင်းထဲကို စကော့နဲ့ အူကြောင်အထူးအဆန်းဖြစ်နေသူ တပည့်ကျောင်းသားတွေနဲ့အတူ လှမ်းဝင်လာခဲ့ပြီ။ ညနေစောင်း ကျောင်းဆင်းချိန်  မိုးပြာရောင်ကောင်းကင်ထဲကို ဘောလုံးတစ်လုံး ကန်တင်လိုက်ခြင်းဖြင့် ဗမာ့ဘောလုံးသမိုင်းသစ်တစ်ခုကို စတင်မွေးဖွားလိုက်ပါပြီ။ 
 
ပထမဆုံး တရားဝင်ဘောလုံးပွဲကတော့ ၁၈၇၉ ခုနှစ်က စိန့်ဂျွန်းကောလိပ်ကွင်းမှာ ကစားခဲ့ပြီး စိန့်ဂျွန်းအသင်းမှာ စကော့က ကက်ပတိန်ပါ။ ပြိုင်ဘက်အသင်းကတော့ တောင်ပိုင်းဆိပ်ကမ်းမြို့ မော်လမြိုင်က အသင်းပါ။ အဲဒီဘောပွဲသတင်းကို စင်ကာပူ ဖရီးပရက်စ် သတင်းစာမှာ ဖော်ပြခဲ့တယ်။  ဒီလိုနဲ့ဘောလုံးပွဲတွေဟာ ရန်ကုန်သာမက ကိုလိုနီလက်အောက်ခံအောက် မြန်မာနိုင်ငံတစ်လွှား လူကြိုက်များလာတယ်။ ခြင်းလုံးကျွမ်းတဲ့ ဗမာတွေဟာ စကော့တင်သွင်းလာတဲ့  ဘောလုံးကိုအေးဆေးပါ။ စိန့်ဂျွန်းကောလိပ်ကတော့ အခုထိရှိသေးပေမယ့် အုတ်နီရောင်နီကြင်ကြင်နဲ့ လမ်းမတော် (အထက-၁) နာမည်နဲ့ပါ။ စကော့ခေတ်က မူလကျွန်းကျောင်းကြီးကတော့ ၁၉၂၀ ပြည့်နှစ်မှာ အသစ်ပြန်လည် တည်ဆောက်ထားပါပြီ။ 
 
ဗြိတိသျှတို့အဖို့တော့ ဘောလုံးဆိုတာ “သန့်ရှင်းမျှတစွာ ကစားခြင်း” နဲ့ စည်းမျဉ်းလိုက်နာရေး၊ အာဏာပိုင်တွေကို လေးစားကြောက်ရွံ့ရေး အိုင်ဒီယာတွေကို ဖြန့်ဝေရေး နည်းလမ်းတစ်ခုပါ။ ထိုခေတ်ဗမာတွေအဖို့ တော့ ကိုလိုနီအရှင်သခင် မျက်နှာဖြူတွေကို သူတို့တုတ်နဲ့ သူတို့ကိုပြန်ရိုက်ရေးနည်းလမ်း သို့မဟုတ် သူတို့ယူလာတဲ့ ဘောလုံးကစားနဲ့ ကွင်းပြင်မှာကြောက်ရသူတွေကို ကွင်းထဲမှာ အာခံတုံ့ပြန် အနိုင်ယူအကဲစမ်းရေး နည်းလမ်းသစ်တစ်ခုပါ။ ရန်ကုန်မှာ ကျွန်ဗမာတွေနဲ့ သခင်မျက်နှာဖြူတွေရဲ့ အကြိတ်အနယ် ဘောလုံးပွဲတွေ များလာပြီ။ ဒီလိုနဲ့ ဗမာအသင်းတွေကို “ပုဆိုးဝတ်များ” အသင်းလို့ ခေါ်လာကြပြီး မျက်နှာဖြူတွေကို “ဘောင်းဘီဝတ်များ” အသင်းတွေလို့ ခေါ်ကြတယ်။ ဂျင်မခါနာကလပ်အသင်း နာမည်ကြီးတယ်။ အစောပိုင်းပွဲတွေမှာ အင်္ဂလိပ်တွေကသာပြီး ဗမာတွေက ကြိုးစားကြတယ်။ ထိုစဉ် ဗြိတိသျှ မြန်မာပြည်မှာ အတော်ဆုံး ဂိုးသမားလို့ဆိုရမယ့် ဂျက်ဖရီမောရစ်ဆင်က ပွဲမတိုင်ခင် ဝမ်းလျှောနေပါလေရော။ သူ့နေရာ ဝင်ဖမ်းရတဲ့သူက ကဂျီကကြောင် အခုတစ်မျိုးတော်ကြာတမျိုး အက်ဖ်အေရဲ့စည်းမျဉ်းတွေကို ဝါးတားတားနဲ့။ 
သူတို့ ဂိုးသမားလက်သစ်က ဗမာတွေကန်တဲ့  ဂိုးဘားတန်းကျော်လာတဲ့ အလုံးတွေချည်းသာ ဖမ်းဖို့ကြိုးစားနေပါလားလို့ ဗြိတိသျှတွေ သိသွားချိန်မှာ ဗမာတွေက နှစ်ဂိုးသွင်းပြီးသွားပြီခင်ဗျ။ ကွင်းရဲ့အခြားတစ်ဖက်မှာတော့ ပေါ့ပါးဖျတ်လတ် သွက်လက်ချက်ချာလှတဲ့ ဗမာဂိုးသမား ဟယ်ရီဖိုးမင်းက လာသမျှအလုံးတွေကို ကာကွယ်လို့ မျက်နှာဖြူ ဂိုးတစ်ဂိုးသာ ခွင့်ပြုထားပေတယ်။    ပွဲပြီးရလဒ်က “ပုဆိုးဝတ် ၂ ဂိုး- ဘောင်းဘီဝတ် ၁ ဂိုး” ပါတဲ့။
 
ကျမ်းကိုး

Ref; Andrew Marshall’s  The Trouser People- George Scott(Shwe Yoe)'s The Burman