သမိုင်းသစ်နှင့် ကိုယ်စီတာဝန်

သမိုင်းသစ်နှင့် ကိုယ်စီတာဝန်
Published 16 June 2015
ကိုသိန်း (ကျောက်ကြီး)

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကြီး နီးကပ်လာချိန်မှာ လက်ရှိအာဏာရ အဖွဲ့အစည်းတွေ၊ အတိုက်အခံပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးနဲ့ နယ်ပယ်အသီးသီး လူမှုအဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ သုံးသပ်ဝေဖန်ချက်တွေ၊ ခန့်မှန်းပြောကြားချက်တွေဟာ နေ့စဉ်နဲ့အမျှ သတင်းဌာန အသီးသီးမှာ မြင်တွေ့ဖတ်ရှု ကြားသိနေရပါတယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အသံတွေ ပါသလို အဖွဲ့အစည်းကိုသာ ကိုယ်စားပြုတဲ့ အသံတွေလည်း ပါဝင်နေပါတယ်။ ထို့အတူ သမိုင်းသစ်ကို ရေးထိုးလိုသူတွေနဲ့ သမိုင်းဟောင်း လမ်းဟောင်းကြီးအတိုင်း ခရီးဆက်လိုသူတွေ၊ ကျားသေကို ပြန်လည်အသက်သွင်းလိုသူတွေ ရုပ်လုံးပေါ်လာပြီး ဖြစ်ပါတယ်။ယနေ့အချိန်အခါမှာ လက်ရှိအာဏာပိုင် အဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်း အသီးသီးနဲ့ နှီးနွှယ်ပြီး အစစအရာရာ ပူပင်ကြောင့်ကြမှု ကင်းနေသူတွေကလွဲလို့ ပြည်သူအများစုကတော့ သမိုင်းသစ်ကိုရေးထိုး ဖန်တီးလိုနေကြပါတယ်။ စာရေးသူနဲ့အတူ အခက်အခဲ အကျပ်အတည်းပေါင်းစုံ ကြုံတွေ့နေကြရတဲ့ လယ်သမားတွေ၊ ယာသမားတွေ၊ အလုပ်သမားတွေ၊ ကုမ္ပဏီအဖွဲ့အစည်း အသီးသီးရဲ့ ဝန်ထမ်းတွေ၊ ဖမ်းဆီးခံ ကျောင်းသားမိဘတွေ၊ စစ်ပြေးဒုက္ခသည်တွေ၊ အိမ်ယာမြေ သိမ်းဆည်းခံထားရတဲ့သူတွေ၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖြုတ်၊ ထုတ်ခြင်း ခံထားရတဲ့ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေ၊ အငြိမ်းစားအရပ်ဘက် စစ်ဘက်ဝန်ထမ်းတွေ၊ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်သွင်းအကျဉ်းချခြင်း ခံထားရတဲ့သူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ အလုပ်လက်မဲ့တွေ၊ အိမ်မဲ့ယာမဲ့တွေ၊ တိုင်းတစ်ပါးမှာ သွားရောက်လုပ်ကိုင် နေကြရသူတွေ၊ နယ်စပ်ဒေသ အသီးသီးမှာ နိုင်ငံရေး ပယောဂတွေကြောင့် ချို့တဲ့စွာ နေထိုင်နေကြရသူတွေ၊ အထူးသဖြင့် အခြေခံလူတန်းစားတွေနဲ့ နိုင်ငံရေးစနစ်သစ် တစ်ရပ်ကို အမြန်ဆုံး ပုံဖော်လိုတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွတဲ့ နိုင်ငံရေးအသိစိတ်ဓာတ် မြင့်မားတဲ့ လူငယ်ကျောင်းသားတွေ ပါဝင်နေကြပါတယ်။သမိုင်းသစ်ကို ရေးထိုးလိုခြင်းဟာလည်း အပြောင်းအလဲ တစ်ရပ်ကို ပုံဖော်လိုကြခြင်းပဲ ဖြစ်ပါတယ်။ အပြောင်းအလဲဆိုတဲ့ နေရာမှာ မူဝါဒ အပြောင်းအလဲနဲ့ လူပုဂ္ဂိုလ် အပြောင်းအလဲတွေကို ပြည်သူတွေက မြင်ချင်နေကြတာပါ။ တိုင်းရင်းသားပြည်သူတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးအပေါ် ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ရမယ့်အစား သူတို့တပ်ချင်တဲ့ ဥပဒေပုဒ်မတွေနဲ့ ခြိမ်းခြောက်ကာ အရေးယူထောင်ချမှု ပြုလုပ်နေတဲ့ လုပ်ရပ်တွေ၊ အကျင့်ပျက်ခြစားမှု လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အောက်ခြေမှာ ငွေများတရားနိုင် ထင်ရာစိုင်းနေတဲ့ လုပ်ရပ်တွေ၊ ယနေ့အချိန်အထိ ပြည်သူကို မျက်နှာမမူဘဲ အာဏာပိုင်တွေနဲ့ အလွမ်းသင့်ပြီး ပေးနိုင်၊ ကမ်းနိုင်သူတွေ၊ သတင်းမီဒီယာတွေကို တဖြည်းဖြည်း ချုပ်ကိုင်လာပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို မပြောင်းလဲလိုမှုတွေဟာ ပြုပြင်ပြောင်းလဲမှုကို ဖန်တီးလိုပြီး သမိုင်းသစ်ကို ရေးထိုးလိုသူတွေအတွက် တွန်းအားတွေပဲ ဖြစ်ပါတယ်။လူတိုင်းလူတိုင်း မိမိတို့ ကြိုးစားအားထုတ်သလောက် မိမိတို့ရဲ့ လူမှုဘဝတွေကို တိုးတက်ပြောင်းလဲ လိုကြခြင်းဟာ လူတိုင်းရဲ့ဆန္ဒပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မိမိတို့ နိုင်ငံအတွင်းမှာ မိမိတို့ ပြည်သူပြည်သားတွေ ဘယ်လိုပင် ဘယ်လောက်ပဲ ကြိုးစားအားထုတ် (သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကလွဲပြီး) ပြည်သူအများစုရဲ့ လူမှုဘဝတွေဟာ တိုးတက်ပြောင်းလဲခြင်း မရှိဘဲ ဖောင်စီးရင်း ရေငတ်ကာ တစ်နေ့တခြား ဆိုးရွားတဲ့ လူမှုဒုက္ခ ရလဒ်တွေကိုသာ ခံစားနေကြရခြင်းများဟာ အရှိတရားများပဲ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူတွေရဲ့ လူမှုဘဝတွေနဲ့ နိုင်ငံရေးဟာ ဒွန်တွဲပြီး ဆက်စပ်နေတာပါ။ နိုင်ငံရေးတွေကောင်းမှ လူမှုဘဝတွေကောင်းမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံရေးအစဉ်အလာတွေ မကောင်းခဲ့လို့ ဒီနေ့ ပြည်သူတွေရဲ့ လက်ရှိ သွားရေး၊ လာရေး၊ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးတွေဟာ အစစအရာရာ ခက်ခဲကျပ်တည်း ကျဉ်းမြောင်းပြီး လူတိုင်းလူတိုင်း မွန်းကျပ်တဲ့ လူမှုဒုက္ခ အပူမီးတွေနဲ့အတူ နေ့စဉ်ဖြတ်သန်းနေကြရခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးဟာ အခြေခံလူတန်းစားတွေ၊ ပြည်သူတွေရဲ့ လက်ရှိဘဝတွေကို ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေကို ပြောင်းလဲဖြစ်နိုင်တယ် ဆိုတာကို အခြေခံလူတန်းစား ပြည်သူတွေ ထဲထဲဝင်ဝင်သိကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အတိုက်အခံပါတီတွေ၊ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးက အပြောနဲ့မဟုတ် လက်တွေ့ကျကျ အသိပညာတွေပေးဖို့၊ လမ်းညွှန်မှုတွေပေးဖို့ အရေးကြီးတဲ့အချိန် ရောက်ရှိနေပြီ ဖြစ်ပါတယ်။အခြေခံလူတန်းစား ပြည်သူတွေရဲ့ လက်ရှိခံစားနေရတဲ့ ဘဝတွေကို အတိုက်အခံ ပါတီတွေ အနေနဲ့ မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ ပြည်သူတွေ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်သည့်တိုင် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကန့်ကွက်ထုတ်ဖော်ပြောဆိုမှုတွေ၊ ပြည်သူတွေရဲ့ အဓိက အခြေခံ လိုအပ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ လွှတ်တော်ကို အဆိုတင်သွင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလဟာ လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီ ဖြစ်သလို ဒီအချိန် ဒီအခါဟာ ပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ဖို့ လိုနေချိန်လည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လက်ရှိခံစားနေကြရတဲ့ ဘဝတွေကို မျှဝေခံစားပေးပြီး စိတ်ဓာတ်စစ်ဆင်ရေးတွေ အင်တိုက်အားတိုက် ဖြည့်ဆည်းပံ့ပိုးနိုင်မှသာ မိမိတို့လိုချင်တဲ့ အသည်းကြားက မဲတစ်ပြားဆိုတာ ဖြစ်လာနိုင်မှာပါ။ ပြည်သူတွေရဲ့ အခက်အခဲတွေ၊ ပြည်သူတွေရဲ့ မွန်းကျပ်နေတဲ့ လူမှုဘဝတွေကို လျစ်လျူရှုနေတဲ့ သူတွေအတွက် ပြည်သူတွေရဲ့ အသည်းကြားက မဲတစ်ပြားကို မျှော်လင့်လို့ မရနိုင်ပါဘူး။ ဒီအချိန်မှာ ပြည်သူအများစု ဘာတွေလိုအပ်နေလဲ။ ပြည်သူအများစုရဲ့ ဆန္ဒအမှန်က ဘာလဲဆိုတာ ပြည်သူတွေကြားမှာ ရှိနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ နက်နက်နဲနဲသိဖို့ လိုအပ်နေသလို ပြည်သူအများစုရဲ့ ဆန္ဒတွေကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးကာ လမ်းညွှန်ချက်များပေးပြီး ပြည်သူအများစုအတွက် နိုင်ငံရေးစာမျက်နှာ အသစ်တစ်ခုကို ဖွင့်လှစ်နိုင်ရေး သမိုင်းသစ်ကို ဖော်ဆောင်နိုင်ရေးအတွက် အင်တိုက်အားတိုက် ကြိုးပမ်းရမယ့်အချိန် ရောက်ရှိနေပြီ ဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ ပြည်သူများအနေနဲ့ နေ့စဉ်ဖြတ်သန်း ကြုံတွေ့နေရတဲ့ လူမှုဒုက္ခ အသီးသီးကနေ လွတ်မြောက်အောင် တစ်ခုတည်းသော နည်းလမ်းဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ပြီး သမိုင်းသစ်ကို ရေးထိုးနိုင်ဖို့ အဓိကအချက်ပဲ ဖြစ်တယ်ဆိုတာ ပြည်သူတစ်ဦးချင်းစီရဲ့ နှလုံးသားထဲမှာ ထာဝစဉ် ကိန်းအောင်းနေဖို့ လိုနေပြီ ဖြစ်ပါတယ်။ဒါကြောင့်မို့လည်း မိမိတို့နိုင်ငံ အပြောင်းအလဲ တစ်ရပ်ဟာ မိမိတို့ ပြည်သူပြည်သားတွေ တစ်ဦးချင်းစီရဲ့ စည်းကမ်း၊ စိတ်ဓာတ်တွေနဲ့ တာဝန်ကျေမှုတွေအပေါ်မှာ မူတည်နေပြီ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း ‘အရင်အစိုးရတွေတုန်းက ကျုပ်အတိအလင်း ပြောတယ်။ လာဘ်စားတဲ့သူတွေ ရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလူတွေက ယနေ့အခါမယ် တိုင်းပြည်ကို မိမိတို့ပါတီ ပြန်အာဏာရအောင် ခြေထိုးကြတဲ့ ကိစ္စမှာ ယောင်ယောင်မှားမှားဖြစ်တဲ့ လူတွေဟာ စေတနာပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ ကိစ္စမှာ နံပါတ်တစ်တွေ ဖြစ်တယ်။ အဲဒီရန်သူ နံပါတ်တစ်တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုရင် ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ ကြိုးတပ်ကြတာပဲ’ လို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က မြို့တော်ခန်းမမှာ မိန့်မှာကြားခဲ့တဲ့ အဆိုအမိန့်ကို အလေးအနက်ထားပြီး မိမိတို့ ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ် လူမှုဘဝတွေအတွက် သမိုင်းသစ် ရေးထိုးနိုင်ရေး ကိုယ်စီတာဝန်ကျေပွန်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း သတိပေးတိုက်တွန်း ဆော်သြရေးသားလိုက်ရပါတယ်။