အိမ်ရှင်တုန်းက ရွှေ ၈၄ ခု၊ ယခု ၁၀ ခုကျော်သာရတဲ့ မြန်မာအားကစားရဲ့အရှက်ကွဲမှုကို ယူ-၂၃ ဘောလုံးအသင်းက ဖုံးကွယ်ပေးနိုင်မလား

အိမ်ရှင်တုန်းက ရွှေ ၈၄ ခု၊ ယခု ၁၀ ခုကျော်သာရတဲ့ မြန်မာအားကစားရဲ့အရှက်ကွဲမှုကို ယူ-၂၃ ဘောလုံးအသင်းက ဖုံးကွယ်ပေးနိုင်မလား
Published 15 June 2015
ကျော်ဇောလင်း၊ ဇာနည်အောင်

၂၀၁၅ စင်ကာပူ ဆီးဂိမ်စ်ပြိုင်ပွဲမတိုင်မီ မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာနသည် မြန်မာအားကစား အဖွဲ့အတွက် ရွှေတံဆိပ် အနည်းဆုံး ၅၀ ခု ရရှိရန် မျှော်မှန်းခဲ့သည်။ ယခုလက်တွေ့တွင် ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၀ ခုကျော်ရုံသာ ရရှိခဲ့သည်။ မြန်မာအားကစားအဖွဲ့ ရွှေဆုမျှော်မှန်းခဲ့သည့် အားကစားနည်း အများစုသည် ဆုတံဆိပ်များနှင့် လွဲချော်ခဲ့ရသည်။ မြန်မာအားကစား အဖွဲ့အတွက် အရှက်တကွဲ ကြုံတွေ့ရမှုကို ယနေ့(ဇွန် ၁၅) ညနေ ဗိုလ်လုပွဲကစားရမည့် မြန်မာ ယူ-၂၃ ဘောလုံးအသင်းက ကာကွယ်ပေးနိုင်မည်လား။ ဆီးဂိမ်းစ်တွင် မြန်မာအားကစားအဖွဲ့ ဂုဏ်သိက္ခာကျဆင်း နိုင်မှုအပေါ် ပြန်လည်အဖတ်ဆယ်နိုင်မည်လား။ စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။
၂၀၁၃ နဲ့ ၂၀၁၅ ဘယ်လောက်တောင် ကွာသွားလဲ
၂၀၁၃ ဆီးဂိမ်စ်ပြိုင်ပွဲကို မြန်မာနိုင်ငံက နှစ်ပေါင်း ၄၄ နှစ်ကြာမှ အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပ ပြုလုပ်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ဆီးဂိမ်း (ယခင်ကျွန်းဆွယ်အပါအဝင်) ပြိုင်ပွဲသက်တမ်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ဖူးသည့် ဆုတံဆိပ် အများဆုံးဖြစ်သော ရွှေတံဆိပ် ၈၄ ခု (၈၆ ခုရရှိခဲ့ပြီးမှ အပြေးနှင့် ကာယဗလတွင် ဆေးကျ၍ ၂ ခု ပြန်လည် ရုပ်သိမ်းခံရ)၊ ငွေတံဆိပ် ၆၃၊ ကြေးတံဆိပ် ၈၄ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုတွင် အဆင့် ၂ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက ဒီဇင်ဘာအတွင်း ကျင်းပခဲ့သောကြောင့် ယခုစင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပသည့် အချိန်ကာလနှင့် ပြန်လည်ချိန်တွက်ကြည့်မည် ဆိုပါက အချိန်အားဖြင့် တစ်နှစ်ခွဲဝန်းကျင်သာ ရှိသေးသည်။ သို့သော် မြန်မာအားကစားအဖွဲ့သည် ယင်းတစ်နှစ်ခွဲဝန်းကျင်အတွင်း အရုပ်ဆိုး အကျည်းတန်စွာ ဆုတံဆိပ်ကျဆင်းမှုသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဖြစ်ခဲ့ရသည်။ တစ်နှစ်ကျော်အတွင်း မြန်မာ့အားကစားအောင်မြင်မှု ကျဆင်းသွားခဲ့ရခြင်းအပေါ် ဒေသတွင်းပြိုင်ဘက် နိုင်ငံများကပါ ဝေဖန်စရာ ဖြစ်စေခဲ့သည်။
၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် နေပြည်တော်တွင် အားကစားကွင်း၊ အားကစားရုံများ ခမ်းခမ်းနားနား ဆောက်လုပ်ခဲ့သည်။ ဖွင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားများကိုလည်း တရုတ်နိုင်ငံ အကူအညီဖြင့် ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့သည်။ ယင်းအတွက်လည်း ငွေကုန်ကြေးကျ အလွန်များပြားခဲ့သည်။ ၂၀၁၃ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိမှုနှင့်အတူ မြန်မာတို့ အိမ်ရှင်အခွင့်အရေးကို အပြည့်အ၀ အသုံးချနိုင်ခဲ့သည်ဟုလည်း ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် အမှတ်နှင့်ဆုံးဖြတ်သည့် အားကစားနည်းများတွင် ဆုတံဆိပ်များစွာ ရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
သို့သော် ယခု ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင်မူ ရွှေတံဆိပ် ၁၀ ခုကျော်သာ ရရှိခဲ့မှုကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရသည်သာမက မြန်မာ့အားကစား အဆင့်အတန်း၏ သရုပ်မှန်ကိုလည်း ဖော်ပြရာ ရောက်နေပေသည်။ ၂၀၁၃ အိမ်ရှင်ဘဝနှင့် လက်ရှိအခြေအနေသည် အတော်ပင် အရုပ်ဆိုးစွာ ပြောင်းလဲသွားခဲ့သည်။
အိမ်ရှင်အခွင့်အရေး ဆိုပေမယ့်
ဆီးဂိမ်းစ်ပြိုင်ပွဲသည် ၁၉၅၉ ခုနှစ်မှစ၍ ကျွန်းဆွယ်ပြိုင်ပွဲအဖြစ်မှ ကျင်းပလာခဲ့သည်မှာ ၂၈ ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခွင့်ရရှိသည့် နိုင်ငံများက အမြဲလိုလို ကြီးစိုးလေ့ရှိသည်မှာ မှန်သော်လည်း မြန်မာအားကစားအဖွဲ့ကဲ့သို့ ရုပ်ပျက်ဆင်းပျက်မျိုး မရှိခဲ့သည်ကို တွေ့ရပေလိမ့်မည်။
ဥပမာအားဖြင့်ကြည့်လျှင် ၂၀၀၇ ဆီးဂိမ်းစ်ပြိုင်ပွဲ အိမ်ရှင်ဖြစ်သည့် ထိုင်းနိုင်ငံက ရွှေတံဆိပ် ၁၈၃ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၁ ရရှိခဲ့သည်။ နောက်တစ်ကြိမ် ကျင်းပသည့် ၂၀၀၉ လာအိုဆီးဂိမ်းစ် ပြိုင်ပွဲတွင်လည်း ထိုင်းအားကစားအဖွဲ့သည် ရွှေတံဆိပ်အများဆုံးဖြင့်ပင် နိုင်ငံအလိုက် အဆင့် ၁  နေရာ ထပ်မံရရှိခဲ့သည်။ ထို့အတူ ၂၀၀၃ ဆီးဂိမ်းစ်ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခဲ့စဉ်အချိန်တွင် ဗီယက်နမ် အားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၅၈ ခုဖြင့် နိုင်ငံအလိုက်အဆင့် ၁ ရရှိခဲ့သည်။ ထို့နောက် ၂၀၀၅ ဖိလစ်ပိုင် ဆီးဂိမ်းစ်တွင်လည်း ဗီယက်နမ် အားကစားအဖွဲ့သည် ထိပ်ဆုံး ၃ နိုင်ငံတွင် ပြန်လည်ပါဝင်ခဲ့သည်။ ထို့အတူ ၁၉၉၇ ဆီးဂိမ်းစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အင်ဒိုနီးရှား အားကစားအဖွဲ့သည် နိုင်ငံအလိုက် အဆင့် ၁ နေရာတွင် ရပ်တည်ခဲ့ပြီး ၁၉၉၉ ဘရူနိုင်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင်လည်း ထိပ်ဆုံးသုံးနိုင်ငံအတွင်း ပြန်လည်ပါဝင်ခဲ့သည်။
မြန်မာအားကစား အဖွဲ့မှာမူ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၃ ပြိုင်ပွဲတွင် ထိုင်းအားကစား အဖွဲ့နောက်၌ ရွှေတံဆိပ် ၈၄ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၂ နေရာတွင် ရပ်တည်ခဲ့ပြီး ယခု ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အဆင့် ၇ နေရာ၌သာ ရပ်တည်နေလျက်ရှိသည်။        
တစ်နှစ်ကျော်အတွင်း မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှု ကျဆင်းသွားခြင်းမှာ အံ့သြစရာဖြစ်သလို မြန်မာ့အားကစား အဆင့်အတန်းအပေါ် မေးခွန်းထုတ်စရာလည်း ဖြစ်စေခဲ့သည်။

မြန်မာယူ-၂၃ နောက်တန်းလူ ဟိန်းသီဟဇော်အား ပရိသတ်များ ဖက်လှဲတကင်း နှုတ်ဆက်နေစဉ်
 
မေ့လျော့ခံ ယူ ၂၃ အသင်း
ထိုသို့သော အခြေအနေတွင် မြန်မာ ယူ ၂၃ ဘောလုံးအသင်း၏ အနိုင်ပွဲများက ၂၀၁၅ ဆီးဂိမ်းစ်တွင် အရှက်ရစရာ ဖြစ်နေသည့် မြန်မာအားကစားအပေါ် ဖုံးကွယ်ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ သို့သော်လည်း ယူ ၂၃ အသင်းမှာ မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ မေ့လျော့ခံ အသင်းတစ်သင်းပင် ဖြစ်ခဲ့သည်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၀ အသင်းကို ဥရောပနိုင်ငံများစွာ စေလွှတ်၍ ခြေစမ်းခရီးစဉ်များ စီစဉ်ပေးခဲ့သည်။ ယူ-၂၀ အသင်းအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀၀၀ ဝန်းကျင် အကုန်အကျခံကာ ဂျာမန်နည်းပြ ခန့်အပ်ပေးထားသည်။ မြန်မာ့လက်ရွေးစင် အသင်းကြီး အတွက်လည်း အာဆီယံဒေသတွင်း၌ အောင်မြင်ကျော်ကြားသည့် ဆားဘီးယားနည်းပြကို တစ်နှစ်ဒေါ်လာသိန်းဂဏန်း အကုန်အကျခံ ငှားရမ်းပေးထားသည်။
သို့သော်လည်း ဒေသတွင်း အရေးပါသည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ယူ-၂၃ အသင်းမှာ ပြိုင်ဘက်ကောင်းများနှင့် ခြေစမ်းခွင့်မရခဲ့ပေ။ ကစားသမားအားလုံး တစ်စုတစ်စည်းတည်း လေ့ကျင့်သည့်အချိန် တစ်လကျော်သာရှိခဲ့ပြီး အသင်းကိုလည်း လက်ရွေးစင်ဟောင်း မြန်မာနည်းပြ ဦးကြည်လွင်ကိုသာ တာဝန်ပေး ယှဉ်ပြိုင်စေခဲ့သည်။ ဆီးဂိမ်းစ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ယူ-၂၃ အပေါ် တာဝန်ရှိသူများအနေဖြင့် ပံ့ပိုးပေးမှု အားနည်းခဲ့သည်က အမှန်ပင်ဖြစ်သည်။
မြန်မာဘောလုံး အဆင့်အတန်းဆိုတာ
နိုင်ငံတစ်နိုင်ငံ၏ ဘောလုံးအဆင့်အတန်းကို လက်ရွေးစင် အသင်းကြီးများ၏ အောင်မြင်မှုဖြင့်သာ အဓိကတိုင်းတာ ဆုံးဖြတ်လေ့ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းကြီးသည် လက်ရှိအချိန်၌ ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည်။ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နှင့် အတူကျရောက်နေသည့် ယင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းမှာ အုပ်စုအဖွင့်၌ လာအိုကို နှစ်ဂိုးစီဖြင့် သရေသာ ကစားနိုင်ခဲ့သည်။ လာအိုနှင့်ပွဲမတိုင်မီ ကမ္ဘောဒီးယားအသင်းနှင့် ခြေစမ်းရာတွင်လည်း (၁-ဝ) ဖြင့် ရှုံးနိမ့်ခဲ့သည်။
ကမ္ဘောဒီးယားကိုပင် ရှုံးနိမ့်ခဲ့ခြင်းကြောင့် မြန်မာ့လက်ရွေးစင် အသင်းသည် အာဆီယံဒေသတွင်း၌ ဘရူနိုင်း၊ တီမောအသင်းတို့မှလွဲ၍ ကျန်အသင်းများ အားလုံးကို ရှုံးနိမ့်ဖူးသည့် မှတ်တမ်းဆိုးတစ်ခု ရရှိသွားခဲ့သည်။
ယူ-၂၀ အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းမှာ အာရှပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ နိုင်ခဲ့ခြင်းကြောင့် အခွင့်အရေးတစ်ရပ် ရရှိလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာယူ-၂၀ အသင်းအနေဖြင့် အထိုက်အလျောက် တိုးတက်အောင်မြင်မှု ရခဲ့သော်လည်း နောင်လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် လွယ်ကူမည်မဟုတ်ပေ။
မြန်မာယူ-၂၃၊ မြန်မာယူ-၂၀ ကဲ့သို့ လူငယ်အသင်းများ တိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း မြန်မာအားကစားလောက တိုးတက်ပြောင်းလဲသွားပြီ။ မြန်မာ့ဘောလုံး အဆင့်အတန်း တိုးတက်ပြောင်းလဲ သွားပြီဟု ဆိုရန်မှာမူ လက်ရွေးစင်အသင်းကြီး၏ ရလဒ်များအပေါ် ပြန်လည်ချိန်ထိုးကြည့်ပါက မဖြစ်နိုင်သေးပေ။ မြန်မာ့အားကစား အာရှအဆင့် ရောက်ရှိရန်ပင် များစွာလိုအပ် နေဦးမည်ဖြစ်သည်။
စိတ်ဓာတ်ပြင်းတဲ့ ယူ-၂၃
ယခု ဆီးဂိမ်းစ်ဗိုလ်လုပွဲရောက် ယူ-၂၃ အသင်း အောင်မြင်မှုအတွက် အဓိကသော့ချက်မှာ အနိုင်လိုစိတ် ပြင်းထန်မှုပင် ဖြစ်သည်။ ပြိုင်ပွဲတိုင်းတွင် မခိုမကပ်ကြိုးစားမှုနှင့်အတူ စိတ်ဓာတ်ပြင်းထန်ခြင်းကြောင့် ပြိုင်ဘက်များကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့လက်ရွေးစင် ဟောင်းများဖြစ်သည့် နည်းပြ ဦးကြည်လွင်နှင့် အုပ်ချုပ်သူ ဦးသန်းတိုးအောင်တို့၏ အသင်းအပေါ် ကိုင်တွယ်ထိန်းကြောင်း နိုင်မှုကိုလည်း ချီးကျူးရမည်ဖြစ်သည်။
ခြေစွမ်းပိုင်းကို ကြည့်လျှင်မူ အုပ်စုအဖွင့်ပွဲ၌ အင်ဒိုနီးရှားကို ဂိုးပြတ်အနိုင်ရပြီးနောက်တွင် ယူ-၂၃ အသင်းအပေါ် ပရိသတ်များအားပေးမှု မြင့်မားလာခဲ့သည်။ အသင်းအနေဖြင့်လည်း ယုံကြည်မှုရရှိခဲ့ပြီး ပွဲစဉ်တိုင်းတွင် မဖြစ်မနေ အောင်နိုင်လိုစိတ်နှင့် ကြိုးစားခဲ့ခြင်းကြောင့် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကြိုဗိုလ်လုပွဲတွင် မြန်မာယူ-၂၃ အသင်းထက် ဗီယက်နမ်အသင်းက ပိုကောင်းခဲ့သည်မှာ လက်ခံရမည်ဖြစ်သည်။ ပြိုင်ပွဲတစ်လျှောက် အခြားပြိုင်ဘက် အသင်းများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ အနိုင်လိုစိတ် ပိုမိုပြင်းထန်ခဲ့ခြင်းပင် ဖြစ်သည်။

ရန်ကုန်မြို့တော်ခန်းမရှေ့တွင် LED မှတစ်ဆင့် မြန်မာယူ-၂၃ အသင်းကို အားပေးနေသော မြန်မာဘောလုံး ပရိသတ်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
ချီးကျူးရမည့် ပရိသတ်များ
ယူ-၂၃ အသင်း၏ အောင်မြင်မှုလမ်းကြောင်းတွင် ခွန်အားဖြစ်စေသည့် အဓိကအချက်မှာ ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုပင် ဖြစ်သည်။ အထူးသဖြင့် စင်ကာပူရောက် မြန်မာဘောလုံး ပရိသတ်များမှာ အခက်အခဲများကြားမှ မြန်မာယူ-၂၃ အသင်းကို ကွင်းအတွင်း တစ်ခဲနက်အားပေး ခဲ့ကြသည်။ မြန်မာအသင်းကို အားပေးရန် စင်ကာပူရောက် မြန်မာအလုပ်သမား အချို့မှာ လက်မှတ်ရရှိမှု အခက်အခဲ၊ နေရာအခက်အခဲ၊ ငွေကြေးအခက်အခဲတို့နှင့် ရင်ဆိုင်ခဲ့ရသည်။
မြန်မာများမှာ ဂုဏ်ယူစရာ ဘာမျှမရှိသည့် အခြေအနေတွင် ဘောလုံးအောင်မြင်မှုဖြင့် ဂုဏ်ယူလိုကြသည်။ အားကစားအဆင့်အတန်း နိမ့်ကျမှုကြောင့် ဂုဏ်ငယ်နေရမှုများအတွက် ဘောလုံးအောင်မြင်မှုဖြင့် အများအလယ်တွင် ခေါင်းမော့ချင်ကြသည်။ အောက်တန်း နောက်တန်း ကျနေသော အခြေအနေများမှ ဘောလုံးအားကစား ချစ်မြတ်နိုးစိတ်၊ နိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်တို့ဖြင့် အစွမ်းကုန်အားပေး ခဲ့ကြသည်။ ထို့ကြောင့်လည်း မြန်မာယူ-၂၃ အသင်းအတွက် မြန်မာပရိသတ်များမှာ ၁၂ ယောက်မြောက် ကစားသမားများဟုပင် ဆိုရမည်ဖြစ်သည်။ စင်ကာပူရောက် မြန်မာပရိသတ်များနှင့် မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူလူထု၏ တစ်ခဲနက်အားပေးမှုမှာ ယူ-၂၃ အသင်းအတွက် တွန်းအားတစ်ရပ်ပင် ဖြစ်စေခဲ့သည်။
ယင်းသို့သော အခြေအနေမျိုးတွင် ဘောလုံးအသင်း အောင်မြင်မှုအပေါ် အခွင့်ကောင်းယူပြီး အလွန်အကျွံ ဝါဒဖြန့်မှုများ မပြုလုပ်သင့်ပေ။ မြန်မာ့အားကစား အဆင့်အတန်းကို ဝါဒဖြန့်ချိရေးတွင် အသုံးပြု၊ ရေတိုစီမံကိန်းဖြင့် ဖြတ်လမ်းနည်းအသုံးပြု လုပ်ဆောင်နေမှုများကို ရှောင်ကြဉ်ရန် လိုအပ်မည်ဖြစ်သည်။
တာဝန်ရှိသူများ အနေဖြင့် မြန်မာ့အားကစား အဆင့်အတန်း မြှင့်တင်နိုင်ရန် ရေရှည်စီမံကိန်းနှင့် မှန်ကန်သည့် လုပ်ဆောင်မှုများကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ ဒေသတွင်း၌ မြန်မာ့အားကစား မှန်ကန်စွာ ပြန်လည်ဦးမော့ နိုင်မည်ဖြစ်သည်။
ထိုင်းကိုသာ နိုင်ခဲ့ရင်
မြန်မာအသင်းသည် စိတ်ဓာတ်ပြင်းထန်သော်လည်း ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ရမည့် ထိုင်းအသင်းနှင့် ခြေစွမ်းကွာခြား နေသည်ကို ထိုင်းအသင်း၏ ပွဲစဉ်တစ်လျောက် ခြေစွမ်းများကို ကြည့်လျှင်သိနိုင်မည်ဖြစ်သည်။   ထိုင်းအသင်းသည် အုပ်စုပွဲ ငါးပွဲ၊ ဆီမီးဖိုင်နယ်ပွဲ တစ်ပွဲ စုစုပေါင်း ခြောက်ပွဲတွင် ပေးဂိုး တစ်ဂိုးသာ ရှိပြီး ယခုပြိုင်ပွဲတွင် ခံစစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေသည်။ ထို့ပြင် ယင်းခြောက်ပွဲတွင် ရဂိုး ၂၁ ဂိုး အထိ သွင်းယူထားသောကြောင့် တိုက်စစ်စွမ်းရည်မြင့်သည့် အသင်းတစ်သင်းလည်းဖြစ်သည်။ ထိုင်းအသင်းသည် လက်ရှိပြိုင်ပွဲတွင် အကောင်းဆုံးအသင်းအဖြစ် ပြိုင်ဘက်အသင်းများနှင့်ယှဉ်လျှင် ခေါင်းတစ်လုံးမြင့်နေ သကဲ့သို့ပင် ဖြစ်သည်။ ဗီယက်နမ်ကို အနိုင်ရခဲ့သော မြန်မာအသင်း၏ ခြေစွမ်းနှင့် အင်ဒိုနီးရှားကို ဂိုးမိုးရွာပြီး ဗိုလ်လုပွဲတက်လာသော ထိုင်းအသင်းတို့၏ ခြေစွမ်းမှာ ကွာခြားမှု ရှိနေသည်ကို ဝန်ခံရမည်ဖြစ်သည်။
ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ သမိုင်းတစ်လျှောက်၌ မြန်မာနှင့်ထိုင်း ၂၁ ကြိမ်တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက ငါးကြိမ်သာ အနိုင်ရကာ ၁၂ ကြိမ် ရှုံးနိမ့်ထားခဲ့သည်။ မြန်မာနှင့်ထိုင်း နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ ပြီးခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်တွင်ဖြစ်ပြီး အုပ်စုတွင်း၌ တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
သို့ဖြစ်ရာ ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ကျော်ဖြတ်ပြီး အနိုင်ယူဗိုလ်စွဲရန် လွယ်ကူမည် မဟုတ်သည်ကို လက်ရှိခြေစွမ်းနှင့် ယခင်သမိုင်းကြောင်း ရလဒ်များအရ ကြည့်လျှင် သိနိုင်မည်ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် မြန်မာ ယူ-၂၃ အသင်းအနေဖြင့် ပြင်းပြသောစိတ်ဓာတ်၊ မခိုမကပ်သော ကြိုးစားအားထုတ်မှုတို့ဖြင့် ခက်ခဲစွာယှဉ်ပြိုင်ပြီး ထိုင်းအသင်းကို အနိုင်ရခဲ့လျှင် ယင်းအောင်ပွဲမှာ မြန်မာပြည်သူလူထု၏ အောင်ပွဲဟုပင် ဆိုရပေလိမ့်မည်။ မြန်မာဘောလုံးအသင်း အနေဖြင့် ၁၉၇၃ နောက်ပိုင်း ဆီးဂိမ်းစ်ရွှေတံဆိပ်နှင့် ဝေးကွာသွားခဲ့သည်။ ၄၂ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆီးဂိမ်းစ်ချန်ပီယံဆုကို ယူ-၂၃ အသင်းအနေဖြင့် ရယူနိုင်မည်လား ဆိုသည်ကို မြန်မာပြည်သူများအနေဖြင့် မျှော်လင့်စောင့်ဆိုင်းနေသည်မှာ အမှန်ပင်ဖြစ်သည်။
အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ၂၀၁၃ ဆီးဂိမ်းစ်တွင် ရွှေ ၈၄ ခုရခဲ့ပြီး ယခုဆီးဂိမ်းစ်တွင် ရွှေ ၁၀ ခုကျော်သာ ရခဲ့သည့် မြန်မာအားကစား၏ အရှက်ကွဲမှုကို ယူ-၂၃ ဘောလုံးအသင်းက ကာကွယ်ပေးနိုင်မလား ဆိုသည်ကိုမူ စောင့်ကြည့်ရတော့မည် ဖြစ်သည်။