ထွန်းအိန္ဒြာဗိုဦးဆောင်သည့် အနုပညာရှင်ငါးဦး၏ အမေရိကန်ဖျော်ဖြေပွဲအတွက် ဗီဇာလျှောက်ထားရာ NLD ပါတီဝင်အဖြစ်ဖြည့်စွက်၍ ဗီဇာ Reject ဖြစ်ကြောင်း Facebook တွင် ပျံ့နှံ့နေမှုမှာ မဟုတ်မှန်ဟုဆို

ထွန်းအိန္ဒြာဗိုဦးဆောင်သည့် အနုပညာရှင်ငါးဦး၏ အမေရိကန်ဖျော်ဖြေပွဲအတွက် ဗီဇာလျှောက်ထားရာ NLD ပါတီဝင်အဖြစ်ဖြည့်စွက်၍ ဗီဇာ Reject ဖြစ်ကြောင်း Facebook တွင် ပျံ့နှံ့နေမှုမှာ မဟုတ်မှန်ဟုဆို
Published 13 June 2015
လင်းလင်းခိုင်

ထွန်းအိန္ဒြာဗိုဦးဆောင်သည့် အနုပညာရှင်ငါးဦး၏ အမေရိကန်ဖျော်ဖြေပွဲအတွက် ဗီဇာလျှောက်ထားရာ NLD ပါတီဝင်အဖြစ်ဖြည့်စွက်၍ ဗီဇာ Reject ဖြစ်ကြောင်း Facebook တွင်ပျံ့နှံ့နေမှုမှာ မဟုတ်မှန်ကြောင်း သရုပ်ဆောင်ထွန်းအိန္ဒြာဗိုက ရှင်းလင်းပြောကြားသည်။ Khaing Zaw အမည်ရှိ Facebook Account တွင် ထွန်းအိန္ဒြာဗိုနှင့် နာမည်ကြီးအဆိုရှင်များ အမေရိကားမှာပြုလုပ်မည့် ရှိုးပွဲသို့လာရောက်ရန် အမေရိကန်သံရုံး၌ ဗီဇာလျှောက်ထားရာတွင် NLD ပါတီဝင်များအဖြစ် ကိုယ်ရေးအချက်အလက်များ၌ ဖြည့်စွက်လျှောက်ထားခဲ့ရာ သံရုံးတွင်ရှိသည့် ပါတီဝင်စာရင်း၌ မပါဝင်သောကြောင့် ဗီဇာမရရှိခဲ့ကြောင်း ရေးသားထားခြင်းဖြစ်သည်။ယင်းသို့ရေးသားဖော်ပြမှုမှာ Facebook တွင်ပျံ့နှံ့ခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင်ထွန်းအိန္ဒြာဗိုအား မေးမြန်းခဲ့ရာတွင် ၎င်းဦးဆောင်သည့် အနုပညာရှင်ငါးဦး၏ အမေရိကန်ဖျော်ဖြေပွဲအတွက် ဗီဇာလျှောက်ထားမှုမှာ Reject ဖြစ်ခြင်းမဟုတ်ဘဲ ရန်ပုံငွေဖျော်ဖြေပွဲများ သွားရောက်ပြုလုပ်မည်ဖြစ်သောကြောင့် ရန်ပုံငွေဖျော်ဖြေပွဲအတွက် ကိုက်ညီသည့် ဗီဇာလျှောက်ထားမှုနှင့် ပြင်ဆင်လျှောက်ထားစေခြင်းဖြစ်ကြောင်း The Daily Eleven သို့ပြောကြားသည်။         "မခိုင်တို့အနုပညာသမားတွေ နိုင်ငံခြားကို ဖျော်ဖြေပွဲသွားတဲ့အခါ ဟိုဘက်နိုင်ငံကစပွန်ဆာပေးပြီး ဖျော်ဖြေပွဲစီစဉ်တဲ့သူတွေက ပါဝင်ဖျော်ဖြေမယ့် အနုပညာရှင်တွေအတွက် ဗီဇာလျှောက်ထားပေးကြတယ်။ Approve ဖြစ်ပြီဆိုမှ မခိုင်တို့က Passport စာအုပ်ယူပြီး မြန်မာနိုင်ငံမှာရှိတဲ့သံရုံးမှာ ဗီဇာတုံးသွားထုကြတာထုံးစံပါပဲ။ အခုတစ်ခေါက်မှာလည်း အမေရိကားမှာ ပွဲစီစဉ်တဲ့ စပွန်ဆာကုမ္ပဏီက ရှေ့နေငှားပြီး ဗီဇာလျှောက်ဖို့စီစဉ်တယ်။ အဲဒီရှေ့နေက အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာရှေ့နေတစ်ယောက်ပါ။ သူကလည်း အခုမခိုင်တို့သွားလုပ်မယ့်ပွဲသည် အမေစုရဲ့ NLD ကွန်ရက်နှစ်ခုကို လှူဒါန်းမယ့်ပွဲဖြစ်တဲ့အတွက် အခမဲ့အကျိုးဆောင်ပေးတယ်။ မခိုင်တို့အနုပညာရှင်တွေအားလုံး ကလည်း ဒီဖျော်ဖြေပွဲအတွက်ကို အနုပညာကြေးတွေအားလုံး လှူဒါန်းပြီး ပါဝင်ပေးကြတယ်။ အခုဖြစ်စဉ်က ဗီဇာလျှောက်ပေးတဲ့ ရှေ့နေလျှောက်ထားဖို့ ပြင်ဆင်ထားတဲ့ပုံစံက ရန်ပုံငွေရှာဖွေဖို့အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်က လျှောက်ရတဲ့ပုံစံနဲ့ သိပ်အံမဝင်ဘူးဖြစ်နေတယ်။ အဲဒီအတွက် သံရုံးက ရန်ပုံငွေပွဲခေါင်းစဉ်နဲ့ကိုက်ညီတဲ့ ဗီဇာပြန်လျှောက်ခိုင်းတာ။ ဗီဇာ Reject ဖြစ်တာမဟုတ်ဘူး။ သို့သော် ပြန်လည်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေရှိနေတဲ့အတွက် ဖျော်ဖြေပွဲတွေကိုတော့ သုံးလလောက်ရွှေ့ပြီး အောက်တိုဘာလောက်မှာလုပ်ဖို့ စီစဉ်ထားတာ။ တကယ်လို့ အဲဒီထက် နည်းနည်းနောက်ကျမယ်ဆိုရင်တော့ ဟိုမှာရှိတဲ့ ရာသီဥတုအခြေအနေအရ ပွင့်လင်းရာသီဖြစ်တဲ့ နောက်နှစ်မှလုပ်ဖို့ပဲ စီစဉ်ဖြစ်တော့မယ်။ အခုအင်တာနက်မှာတက်နေသလို လုံးဝမဟုတ်ပါဘူး။  အင်တာနက်မှာရေးထားတဲ့ သံရုံးမှာ NLD ပါတီဝင်တွေရဲ့ စာရင်းစုဆောင်းထားတယ်ဆိုကတည်းက တော်တော်လွဲနေတာလေ။ မခိုင်ကိုယ်တိုင်လည်း ဘာပါတီဝင်မှမဟုတ်ဘူးဆိုတာ အင်တာဗျူးတိုင်းမှာ ပြောခဲ့ပါတယ်။ အမေရိကားကိုသွားဖို့ ဗီဇာမရမှာကြောက်လို့ NLD ပါတီဝင်လို့ ညာစရာဘာအကြောင်းမှမရှိပါဘူး" ဟု သရုပ်ဆောင်အကယ်ဒမီထွန်းအိန္ဒြာဗိုက ရှင်းလင်းပြောကြားသည်။သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေ၊ လင်းလင်း၊ R ဇာနည်နှင့် ဥက္ကာဦးသာတို့သည် NLD ပညာရေးကွန်ရက်နှင့် ကျန်းမာရေးကွန်ရက်ရန်ပုံငွေအတွက် အမေရိကန်နိုင်ငံရှိ မြို့ကြီးများတွင် ဖျော်ဖြေပွဲများ သွားရောက်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခင်နှစ်ကလည်း သရုပ်ဆောင်ထွန်းအိန္ဒြာဗို၊ လင်းလင်းနှင့် ချစ်သုဝေတို့သည် သြစတြေးလျနိုင်ငံတွင် ဖျော်ဖြေပွဲများ သွားရောက်ပြုလုပ်ကာ NLD ပညာရေးကွန်ရက်နှင့် ကျန်းမာရေးကွန်ရက်များသို့ ငွေကျပ်သိန်း ၆၀၀ ကျော် လှူဒါန်းခဲ့သည်။                     

Most Read

Most Recent