NBF အဖွဲ့၏ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် မည်သည့်ပုဂ္ဂိုလ်၏ ဖိအားကြောင့် ထုတ်ပြန်သည်ကို မေးခွန်းထုတ်လိုကြောင်း ဒေါက်တာအေးမောင် ပြောကြား

NBF အဖွဲ့၏ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက် မည်သည့်ပုဂ္ဂိုလ်၏ ဖိအားကြောင့် ထုတ်ပြန်သည်ကို မေးခွန်းထုတ်လိုကြောင်း ဒေါက်တာအေးမောင် ပြောကြား
Published 26 April 2015
ကျော်ဇင်ဝင်း

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့၏ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်အပေါ် မည်သည့်ပုဂ္ဂိုလ်၏ ဖိအားကြောင့် ထုတ်ပြန်သည်ကို မေးခွန်းထုတ်လိုကြောင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတွင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုအဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာအေးမောင်က ပြောကြားသည်။
NBF အဖွဲ့ စီမံခန့်ခွဲမှုကော်မတီ၏ ဧပြီ ၂၃ ရက်ထုတ်ပြန်ချက်တွင် ၂၀၁၅ ခုနှစ် ဧပြီ ၁၀ ရက် နေပြည်တော် သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်ခဲ့သော ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု၌ တက်ရောက်ခဲ့သော တိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်သည် တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၁ ပါတီဖြင့် ဖွဲ့စည်းထားသော NBF ၏ သဘောတူဆုံးဖြတ် ချက်ဖြင့် ြညေိအေန ပေးထားသော ကိုယ်စားပြုကိုယ်စားလှယ်မဟုတ် ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီအချို့၏ လွှတ်တော်ကိုယ်စားလှယ်အချို့မှ ဆန္ဒပြုရွေးချယ်ခြင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေါက်တာအေးမောင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့်အပြင် NBF အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပြီး ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခြင်းအား NBF အဖွဲ့အနေဖြင့် ရခိုင်အမျိုးသားပါတီသို့ အကြောင်းကြားသင့်ကြောင်း ၎င်းကဆိုသည်။
“NBF ကို ဘယ်သူတွေ ခေါင်းဆောင်နေသလဲ။ ဘယ်သူတွေ ကြိုက်သလို ကြေညာချက်တွေ ထုတ်ချင်သလို ထုတ်နေသလား။ ဘယ်သူကခေါင်းဆောင် လုပ်နေကြသလဲ။ အဲဒီလိုခေါင်းဆောင်လုပ်ခြင်းကို ကျွန်တော်တို့ ၂၁ ပါတီရဲ့ အများဆန္ဒနဲ့ ကိုက်ညီရဲ့လား။ ငွေကြေးစိုက်ထုတ်ထားတဲ့ ပုဂ္ဂိုလ်က ခေါင်းဆောင်လုပ်ခွင့် ရှိသလား။ ဒီမိုကရေစီနည်းကျကျ ထူထောင်ထားတဲ့ အဖွဲ့အစည်းလား။ ဒါတွေကတော့ဗျာ မေးခွန်းတွေ ဖြစ်လာနိုင်တာပေါ့။ အဲဒီတော့ ဒီအချိန်ကာလမှာ NBF ဆိုတဲ့အဖွဲ့အစည်းမှာ ဘယ်သူ့ဖိအားကြောင့် ကြေညာချက်ထုတ်တာလဲ” ဟု ဒေါက်တာအေးမောင်ကဆိုသည်။
အလားတူ ပြန်လည်မေးခွန်းထုတ်ရမည် ဆိုပါက သမ္မတဦးဆောင်၍ ပြုလုပ်ခဲ့သည့် ၄၀ ဦးကျော် တွေ့ဆုံဆွေးနွေးပွဲများတွင် NBF ကိုယ်စားပြုအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းအား သမ္မတကဖိတ်ကြား တက်ရောက်စေခဲ့ခြင်းမှာ NBF အဖွဲ့ဝင်ပါတီများအနေဖြင့် ကိုယ်စားပြုသူ ဦးစိုင်းအိုက်ပေါင်းအား ရွေးချယ်ခွင့်ရှိခဲ့ခြင်း ရှိ၊ မရှိ ကိုယ်စားပြုခြင်း ရှိ၊ မရှိ၊ ပါတီများမှ မည်   သည့်အကြောင်းအရာများ တင်ပြခွင့်ရရှိခဲ့ခြင်း ရှိ၊ မရှိ စသည့်မေးခွန်းများစွာ ရှိကြောင်း ဒေါက်တာအေးမောင်ကဆိုသည်။
ထို့အတူ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ထားခြင်း မရှိသေးသော်လည်း လွှတ်တော်တွင်း ရောက်ရှိနေသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့သည် ပါတီပြောင်းရွှေ့ လာသောကြောင့် အလိုအလျောက်လွှတ် တော်တွင်း၌ပါဝင်သည့် ပါတီတစ်ခုဖြစ်လာသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ဧပြီ ၂၂ ရက်တွင် ဒေါက်တာအေးမောင်နှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။          
အဆိုပါကြေညာချက်၌ သတင်းဌာနတစ်ခုအား ဒေါက်တာအေးမောင်က ဖြေကြားရာတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ နောက်ပိုင်း ဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်ပြီး တိုင်းရင်းသားများအား ရှင်းပြပြီးသွားပါပြီဟူ၍ ဖြေကြားခဲ့ကြောင်း တွေ့ရှိရ ကြောင်းနှင့် Agree ဖြစ်ပြီးသား စကားလုံးတွေများပဲ ပြောခဲ့တာပါဟူ၍ ဖြေကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒေါက်တာအေးမောင်နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ကြောင်း၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့ တက်ရောက်စဉ်ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြုတက်ရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဆွေးနွေးပွဲပြီး ပြန်လည်ရှင်းလင်း ပြသည်ဟု ဆိုရာတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ရှင်းပြခြင်းလုံး၀ မရှိခဲ့ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ထို့ကြောင့် Agree ဖြစ်ပြီးသား စကားလုံးများဆိုသည့် အချက်နှင့် ပတ်သက်၍ မိမိတို့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
 

Most Read

Most Recent