ယနေ့ခေတ်တွင် အာဏာရှင်တစ်ယောက်မျှမရှိကြောင်းနှင့် လွှတ်တော်ကို မည်သူမျှဖိအားပေး၍မရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

ယနေ့ခေတ်တွင် အာဏာရှင်တစ်ယောက်မျှမရှိကြောင်းနှင့် လွှတ်တော်ကို မည်သူမျှဖိအားပေး၍မရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား
Published 24 April 2015

ယနေ့ခေတ်တွင် အာဏာရှင်တစ်ယောက်မျှမရှိကြောင်းနှင့် လွှတ်တော်ကို မည်သူမျှ ဖိအား (Pressure) ပေး၍မရကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် ဧပြီ ၂၄ ရက်ကပြုလုပ်သည့် လွှတ်တော်နာယကနှင့် လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်ရှင်အလုပ်သမားတွေ့ဆုံပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါတွေ့ဆုံပွဲတက်ရောက်လာသည့် အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေများနှင့်ပတ်သက်၍ ပြင်ဆင်ရန်အချက်များကို အကြံပြုတင်ပြတောင်းဆိုခဲ့သည်။"နောက်ဘက်က သမဂ္ဂပဲပြောပြော၊ အလုပ်သမားကိုယ်စားလှယ်တွေပဲပြောပြော ပြောကြတဲ့ကိစ္စတွေလည်း စဉ်းစားရမယ်။ ဒီအထဲမှာ ဥပဒေအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ပါသွားတယ်။ ဒီဥပဒေကိုပြင်ပေးပါ။ ပြန်စဉ်းစားပါ။ လွှတ်တော် ဒီဥပဒေပြင်ပေးပါပြောတိုင်း မပြင်ပေးနိုင်ဘူး။ လွှတ်တော်နာယကလည်း ပြင်ပေးမယ်လို့လည်း မပြောနိုင်ဘူး။ ဒါကြောင့်မို့လို့ တင်ပြတဲ့အခါမှာ ကိုယ့်ရဲ့သမီးတွေ၊ ကိုယ့်ရဲ့သားတွေလောက်ရှိတဲ့သူများကို အကြံပြုတင်ပြပါတယ်။ ဒါမျိုး ပြင်သင့်၊ မပြင်သင့် စဉ်းစားချင့်ချိန်ပြီးဆောင်ရွက်ပေးပါဆိုတဲ့ တင်ပြမှုမျိုးဆိုရင် သင့် မသင့် ပြန်စဉ်းစားဖို့။ ဒီခေတ်မှာ အာဏာရှင်တစ်ယောက်မှမရှိဘူး။ လွှတ်တော်ကိုလည်း ဘယ်သူမှ Pressure လာပေးလို့မရဘူး" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ဆက်လက်ပြီး ၎င်းက "ဒီအတိုင်းပဲ နိုင်ငံ့အကြီးအကဲကလည်း ဒါလုပ်ပါလို့ လွှတ်တော်ကိုပြောလို့မရဘူး။ လွှတ်တော်ဥက္ကဋ္ဌကလည်း ဒါလုပ်ပါလို့ပြောလို့မရဘူး။ လွှတ်တော်ထဲမှာရှိကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောတူခွင့်ပြုချက်နဲ့မှ ပြောလို့ရမယ်။ ဒါဘာလဲ ဒီမိုကရေစီ။ ကဲဒါကြောင့် သူတို့တင်ပြတာတွေကောင်းတယ်။ တင်ပြပုံတင်ပြနည်းလိုတယ်။ ဒါကိုအကြံပြုတယ်။ ဒီဥပဒေတွေတင်ပြရန် သင့် မသင့် သုံးသပ်ပါ။ ဆောင်ရွက်ပါဆိုလို့ရှိရင် နားထောင်လို့လည်းကောင်းတယ်။ လျော်ကန်သင့်မြတ်မှုလည်းရှိတယ်" ဟု ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက "အခုကျွန်တော်တို့ ခေတ်၊ စနစ်က ဒီမိုကရေစီ။ ဒီမိုကရေစီဆိုတာ အဓိပ္ပာယ်လွယ်လွယ်နဲ့ပြောမယ်ဆိုရင် ပြည်သူ့အုပ်ချုပ်ရေး။ ပြည်သူ့အုပ်ချုပ်ရေးဟာ ဒီမိုကရေစီပဲ။ ဒါဖြင့် ပြည်သူတွေအုပ်ချုပ်တဲ့နေရာမှာ ဘယ်သူတွေအုပ်ချုပ်မှာလဲ။ ပြည်သူ့လိုလားချက်ကိုဖော်ဆောင်ထားတဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်" ဟုဆိုသည်။

Most Read

Most Recent