တပ်မတော် (ရေ) စစ်ရေယာဉ်များ၏ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို မတ် ၃၁ ရက်မှ စတင်ပြုလုပ်ရန် ပြောင်းလဲသတ်မှတ်

တပ်မတော် (ရေ) စစ်ရေယာဉ်များ၏ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကို မတ် ၃၁ ရက်မှ စတင်ပြုလုပ်ရန် ပြောင်းလဲသတ်မှတ်
Published 29 March 2015
အောင်ဇော်ထွန်း

တပ်မတော်(ရေ) စစ်ရေယာဉ်များသည် ရခိုင်ပြည်နယ် မာန်အောင်ကျွန်းအနောက်ဘက် ရေပြင်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ရာ မူလက မတ် ၂၇ ရက်(တပ်မတော်နေ့)မှ ဧပြီ ၆ ရက်အတွင်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ယခု မတ် ၃၁ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြောင်းလဲပြုလုပ်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။တပ်မတော်(ရေ)မှ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများ ပြုလုပ်မည်ဖြစ်ရာ ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့ ထုတ်ပြန်ကြေညာထားပြီး လေ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ မိနစ် ၃ဝ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ်၊ Point BB မြောက် လတ္တီတွဒ် ၁၉ ဒီဂရီ မိနစ် ၃ဝ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ မိနစ် ၃ဝ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point DD မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ မိနစ် ၃ဝ၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားကြောင်း သိရသည်။သို့ဖြစ်ရာ လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် အဆိုပါ ဧရိယာမှ ငါးမိုင်ပတ်လည်တွင် သင်္ဘောကြီး၊ ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုကြရန် အသိပေးကြေညာထားကြောင်း သိရသည်။တပ်မတော်(ရေ)သည် ၂ဝ၁၄ ခုနှစ် မတ်လကလည်း ကိုကိုးကျွန်းဒေသရှိ မြန်မာ့ရေပြင်၌ စစ်ရေယာဉ်များ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ကိုကိုးကျွန်းဒေသ မြန်မာ့ပိုင်နက်ရေပြင်တွင် ပြုလုပ်ခဲ့သော လေ့ကျင့်ခန်းအစီအစဉ်တွင် ကြိုတင်ပြင်ဆင်ခြင်းမှ စတင်၍ ရန်သူ့ရေယာဉ်များထံ ခိုတက်ချဉ်းကပ်ခြင်း၊ ရန်သူ့ရေယာဉ်များနှင့် ရေပြင်တိုက်စစ်ဆင်နွှဲခြင်း၊ ရေယာဉ်များ ပြန်လည်စုဖွဲ့ခြင်း၊ ပြင်ဆင်ခြင်းတို့ကို အပိုင်းလိုက် လေ့ကျင့်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်မှုနှင့် ယောင်ပြတိုက်ခိုက်မှုများ၊ အီလက်ထရွန်နစ် စစ်ဆင်မှုများ၊ လေကြောင်းရန် ကာကွယ်ရေးစစ်ဆင်မှုများ၊ ရေငုပ်သင်္ဘောရန် ကာကွယ်ရေးစစ်ဆင်မှုများ၊ ဒုံးပျံ၊ မြန်နှုန်းမြင့် ပစ်မှတ်ရေယာဉ်များရန် ကာကွယ်ရေးစစ်ဆင်မှုများကိုလည်း အဆင့်ဆင့် လေ့ကျင့်ခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်ဖြင့် လက်တွေ့ပစ်ခတ်ခြင်း အပါအဝင် လက်တွေ့ပစ်ခတ်မှု အများအပြားဖြင့် လေ့ကျင့်ခဲ့ပြီး အဆိုပါလေ့ကျင့်ခန်းတွင် ထောက်ပံ့ရေး စစ်ရေယာဉ်များ အပါအဝင် စစ်ရေယာဉ်မျိုးစုံ အစင်း ၂ဝ ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent