လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
Published 11 February 2015
ထွန်းနေလှိုင်၊ အောင်ဇော်ထွန်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်တွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့တို့ အကြား ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းမှ စတင်၍ ဖေဖော်ဝါရီ ၁ဝ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့သည် ဖေဖော်ဝါရီ ၉ ရက်က လောက်ကိုင်မြို့ အနောက်မြောက်ဘက် ညံခွမ်းကျေးရွာ အရှေ့မြောက်ဘက်တွင် နှစ်ကြိမ်၊ လောက်ကိုင်မြို့ အနောက်တောင်ဘက် တောက်ရွှေကျေးရွာ အနီးတွင် တစ်ကြိမ်နှင့် မော်ထိုက်မြို့ အနီးတွင်လည်း အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ၎င်းဒေသတွင် သောင်းကျန်းသူများ အခြေချနေထိုင်ခြင်း မပြုစေရေး နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်နေကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်အရာရှိ တစ်ဦးက “ဒီနေ့က တာရွှေထန်ဘက်မှာ ဖြစ်တယ်လို့ ပြောတယ်။ လောက်ကိုင်နယ်ထဲမှာ တပ်တွေရှိတယ်။ ထောက်ပို့တပ်တို့ ရဲစခန်းတွေကို လာတိုက်နေတာ။ ကျွန်တော်တို့ရဲ့ တပ်တွေကို သူတို့တွေက အင်အားအများကြီးနဲ့ လာတိုက်နေတာ။ ကျွန်တော်တို့ကနေ သွားတိုက်နေတာ မရှိဘူး။ သူတို့တွေက ကျွန်တော်တို့ စခန်းတွေကို တိုက်နေတဲ့အတွက် တပ်မတော်က ပြန်ပြီးတော့ နယ်မြေစိုးမိုးရေး ပြန်လုပ်နေတာပေါ့” ဟု ပြောကြားသည်။  လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တစ်ဦးက “လောက်ကိုင်နဲ့ မိုင်သုံးဆယ်လောက် ဝေးတဲ့နေရာမှာတော့ ပစ်ခတ်မှုတွေ ရှိတယ်။ မြို့နားမှာတော့ မရှိပါဘူး” ဟု ပြောကြားသည်။
လောက်ကိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးက “တာရွှေထန် ဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ လောက်ကိုင်မြို့နဲ့ တောင်တစ်တောင်ကျော်လောက်ပဲ ဝေးတော့ ဒီကနေ သေနတ်သံတွေ ကြားနေရတယ်။ လောက်ကိုင်မြို့ထဲမှာတော့ တိတ်ဆိတ်နေတာပဲ။ ဘယ်သူမှ အပြင်ကို သိပ်မထွက်ကြဘူး” ဟု ပြောကြားသည် . . . . .

တပ်မတော်နှင့် MNDAA (ကိုးကန့်အဖွဲ့)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်စဉ်တွင် နှစ်ဖက်စလုံး၌ ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း၊ တပ်မတော်ဘက်က လေကြောင်းမှ တိုက်ခိုက်မှုများလည်း ပြုလုပ်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောကြားသည်။မိုင်းအိုက်ကျော်က “လက်ရှိလည်း ဒီနေ့မနက်ကတည်းက နေရာသုံးလေးနေရာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ၁၂ နာရီလောက်မှာ အစိုးရဘက်က ပထမဆုံး ဟက်စကီးနှစ်စီးနဲ့ လာပြီးတော့ ဗုံးကြဲသွားတယ်။ အခု ၁ နာရီ မိနစ် ၂ဝ လောက်မှာပဲ စောစောက ဟက်စကီးနဲ့လာပြီး ဗုံးကျဲတဲ့နေရာကို ဂျက်လေယာဉ်နဲ့ လာဗုံးကြဲနေတယ်လို့ သိရတယ်။ ဖြစ်ပွားရတဲ့ အကြောင်းကတော့ ကိုးကန့်ဒေသ လွတ်မြောက်နယ်မြေအတွက် လှုပ်ရှားတဲ့အခါ အဲဒီမှာ ရှိနေတဲ့ အစိုးရတပ်တွေနဲ့ ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားတာပါ” ဟု ဖေဖော်ဝါရီ ၁ဝ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။မဟာမိတ်စစ်တပ် အနေဖြင့် ကိုးကန့် တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက်သော စနစ်ဖြင့် တောင်းဆိုမှုများ ရရှိသည်အထိ တော်လှန်ရေးများ ပြုလုပ်သွားမည်ဟူသည့် MNDAA (ကိုးကန့်အဖွဲ့)၏ ဖေဖော်ဝါရီ ၉ ရက် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မိုင်းအိုက်ကျော်က “ကိုးကန့်က ကျွန်တော်တို့ရဲ့ မဟာမိတ် ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ သူတို့ပြန်ချင်တဲ့ သူတို့အိမ်သူတို့ ပြန်နိုင်အောင် ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ ပံ့ပိုးပေးတာ” ဟု ပြောကြားသည်။လောက်ကိုင်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးက “တာရွှေထန် ဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ လောက်ကိုင်မြို့နဲ့ တောင်တစ်တောင်ကျော်လောက်ပဲ ဝေးတော့ ဒီကနေ သေနတ်သံတွေ ကြားနေရတယ်။ လောက်ကိုင်မြို့ထဲမှာတော့ တိတ်ဆိတ်နေတာပဲ။ ဘယ်သူမှ အပြင်ကို သိပ်မထွက်ကြဘူး” ဟု ပြောကြားသည်။တရုတ်နယ်စပ် မော်ထိုက်မြို့နယ်ခွဲတွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာ ဝန်ထမ်းများမှာ မော်ထိုက်-ကုန်းကြမ်း-လောက်ကိုင်လမ်းအတိုင်း ပြန်လာရန် ခက်ခဲလျက်ရှိနေပြီး မော်ထိုက်မြို့နယ်ခွဲမှ တရုတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်ကာ လောက်ကိုင်မြို့သို့ ပြန်လာနေပြီဖြစ်ကြောင်း သိရသည်။“မနေ့ညက ကွမ်းလုံဘက်ကနေ လောက်ကိုင်ဘက်ကို လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေ ကြားတယ်။ ပစ်ချက်ကတော့ ၁ဝ ချက် ကျော်တယ်” ဟု ကွမ်းလုံမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။လက်ရှိအစိုးရက ဆွေးနွေးဘက်အဖြစ် သတ်မှတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် MNDAA (ကိုးကန့်အဖွဲ့) ပါဝင်ခြင်း မရှိပေ။

Most Read

Most Recent