တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဝှိုက်ကတ်နှင့် ပတ်သက်၍ ပြောဆိုရေးသားမှုများသည် NLD ပါတီကို ကိုယ်စားမပြုကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဝှိုက်ကတ်နှင့် ပတ်သက်၍ ပြောဆိုရေးသားမှုများသည် NLD ပါတီကို ကိုယ်စားမပြုကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 7 February 2015
ဇာလီမြင့်ဦး

NLD ပါတီ၏ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ဝင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ဝှိုက်ကတ်နှင့်ပတ်သက်၍ ပြောဆိုရေးသားမှုများသည် NLD ပါတီကို ကိုယ်စားမပြုကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားသည်။
“ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူက ဥပဒေပညာရှင်လေ။ သူ့ရဲ့ဥပဒေအမြင်ကို ပြောတာပါ။ NLD ရဲ့ ဥပဒေအမြင်ကို သူပြောတာမဟုတ်ပါဘူး။ NLD က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဥပဒေအမြင် ထုတ်ပြန်ထားခြင်းလည်း မရှိပါဘူး။ ဥပဒေပညာရှင်တွေကတော့ သူတို့ရဲ့ လွတ်လပ်တဲ့သဘောနဲ့ ဥပဒေအမြင်ကတော့ တုံ့ပြန်လေ့ရှိတယ်။ ဒီ NLD ပါတီအတွက် ရေးတာမဟုတ်ပါဘူး။ သူ့ပုဂ္ဂလိက အမြင်ကိုရေးတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက်ထုတ် The Voice Weekly တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ မောင်ကိုနီ(တရားရုံးချုပ်ရှေ့နေ)  အမည်ဖြင့် ဝှိုက်ကတ်သို့မဟုတ် ယာယီသက်သေခံလက်မှတ် ဆိုတာဘာလဲ ဆောင်းပါးကို ဖော်ပြထားသည်။
အဆိုပါဆောင်းပါးတွင် ဝှိုက်ကတ် သို့မဟုတ် ယာယီသက်သေခံကတ်ပြား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား စာရင်းကောက်ယ မှတ်ပုံတင်ရေးနှင့် စပ်လျဉ်းသည့်ဥပဒေများဖြင့် ရေးသားထားသည်။
ယာယီသက်သေခံ လက်မှတ်ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်များအဖြစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူတစ်ဦး တစ်ယောက်သည် မိမိမည်သူမည်ဝါ ဖြစ်ကြောင်း သိသာထင်ရှားစေသည့် သက်သေခံ လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားနိုင်မှသာ ထိုသူမည်သူ မည်ဝါဖြစ်ကြောင်း ဆိုင်ရာအာဏာပိုင်များ သိနိုင်မည်ဖြစ်၍ အဆိုပါရည်ရွယ်ချက်ဖြင့် ယာယီသက်သေခံကတ်ပြားကို ထုတ်ပေးရခြင်း ဖြစ်ကြောင်းနှင့် ယာယီသက်သေခံလက်မှတ် ထုတ်ပေးမထားပါက ထိုသူသည် နိုင်ငံသား တစ်မျိုးမျိုးတွင် မုချပါဝင်နေသူဖြစ်ပါလျက် ထိုသူ၏ အခွင့်အရေးများကို ကျင့်သုံးခွင့်ရတော့မည် မဟုတ်၍ နစ်နာဆုံးရှုံးမှုရှိနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူနှင့်မဲပေးခွင့်အပေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူသည်  နိုင်ငံသားတစ်ဦးအား ဆိုင်ရာနိုင်ငံသားလက်မှတ် တစ်မျိုးမျိုးကို ထုတ်မပေးနိုင်သေးမီ ကြားကာလအတွင်း ထိုသူ၏ နိုင်ငံသားဖြစ်မှုကို သိသာနိုင်စေရန် ယာယီသဘော ထုတ်ပေးထားခြင်းဖြစ်၍ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိကြောင်း အငြင်းပွားရန် အကြောင်းမရှိဟု ဆိုနိုင်ကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။
ထို့နောက် ဝှိုက်ကတ်နှင့်ပတ်သက်၍ အငြင်းပွားနိုင်သည့် ပြဿနာဟူသော ခေါင်းစဉ်ငယ်ဖြင့် မုချနိုင်ငံသား တစ်မျိုးမျိုးတွင် အကျုံးဝင်သည့် နိုင်ငံသားများအား ယာယီသက်သေခံလက်မှတ် ထုတ်ပေးထားခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်၍ မည်သည့် ပြဿနာမျှ မရှိနိုင်သကဲ့သို့ ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်မရှိဟု ငြင်းပယ်ရန်လည်း အကြောင်းမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆောင်းပါးတွင် ထည့်သွင်းရေးသားထားသည်။
ပြဿနာဖြစ်နိုင်သည့် အချက်မှာ နိုင်ငံသားတစ်မျိုးမျိုးတွင် အကျုံးမဝင်သူများအား တစ်နည်းအားဖြင့် နိုင်ငံခြားသားအား ယာယီသက်သေခံလက်မှတ် ထုတ်ပေးခဲ့လျှင် ယင်းအချက်သည် ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်ဖြစ်၍ ပြဿနာမုချ ရှိလာမည်ဖြစ်ကြောင်းနှင့် လတ်တလောတွင် အစိုးရအဖွဲ့နှင့်လွှတ်တော်က ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူ မဲပေးခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းသည် ဥပဒေနှင့်ညီသော ဆောင်ရွက်ချက်ဖြစ်၍ ဝေဖန်ပြစ်တင်ရန် အကြောင်းမမြင်ကြောင်း ဆောင်းပါးတွင် ထည့်သွင်းရေးသားထားသည်။ ဝေဖန်ရမည့်နေရာ သို့မဟုတ် အပြစ်တင်ရမည့် အချက်သည် ယာယီသက်သေခံလက်မှတ်ကို ထုတ်ပေးရန်မသင့်သူအား ထုတ်ပေးသည့် တာဝန်ရှိပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းကရေးသားထားသည်။
သို့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးတွင် “နိုင်ငံသားဖြစ်လာနိုင်တဲ့ အလားအလာက ကံသေကံမ ပြောလို့မရပါဘူး။ ဝှိုက်ကတ်ဆိုတာ ကျွန်တော်တို့လဝက အနေနဲ့ ဥပဒေနဲ့အညီ ထုတ်ပေးတဲ့ကိစ္စပါ။ စက္ကူအဖြူပေါ်မှာဖြစ်လို့ အလွယ်ဝှိုက်ကတ်လို့ ခေါ်နေကြတာ။ တကယ်က ယာယီသက်သေခံကတ်ပြား (Temporary Identity Certificate) ပါ။ ဘယ်နိုင်ငံသားရယ်လို့ တိတိကျကျသတ်မှတ်လို့ မရသေးတဲ့၊ စိစစ်ဖို့လိုတဲ့ လူတွေကို ကျွန်တော်တို့က ထုတ်ပေးတာပါ။ ဒီလူတွေက နိုင်ငံသားဖြစ်ဖို့အတွက် လျှောက်ရဦးမှာပါ။ လျှောက်ပြီးတော့မှ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ညီတော့မှ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဒီလိုဆုံးဖြတ်ရမှာပါ။ ဝှိုက်ကတ်ကိုင်တာနဲ့ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ သဘောတော့ မဟုတ်ပါဘူး” ဟု ပြောကြားထားသည်။
ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုသင့်သည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို ပြည်ထောင်စု လွှတ်တော်က မဲခွဲပြီး အတည်ပြုခဲ့သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ၊ မညီ ဆုံးဖြတ်ပေးရန် NLD လွှတ်တော်ကိုယ်စားလှယ် လေးဦးအပါအဝင် ကိုယ်စားလှယ် ၂၇ဦး လက်မှတ်ဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မှတစ်ဆင့် ဖေဖော်ဝါရီ ၆ ရက်တွင် ပေးပို့ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ် ပြည့်သောလူများအနက်  ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ထုတ်ပေးထားသူ စုစုပေါင်း  ၅၉ဝဝ၁၆ ယောက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။ အဆိုပါ ယာယီသက်သေခံ လက်မှတ်အများစုကို ရခိုင်ပြည်နယ်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးထားသည်။ 
 
 
 

Most Read

Most Recent