နိုင်ငံခြားသား (နိုင်ငံသားစိစစ်ဆဲ) များကို မဲပေးခွင့်ပြုခြင်းသည် ပြည်သူ့ဆန္ဒဟု ပြောပါက မမှားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ပြောကြား

နိုင်ငံခြားသား (နိုင်ငံသားစိစစ်ဆဲ) များကို မဲပေးခွင့်ပြုခြင်းသည် ပြည်သူ့ဆန္ဒဟု ပြောပါက မမှားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ပြောကြား
Published 6 February 2015

နိုင်ငံခြားသား (နိုင်ငံသားစိစစ်ဆဲများ) ဝှိုက်ကတ် ကိုင်ဆောင်သူများကို မဲပေးခွင့် ပြုခြင်းသည် ပြည်သူ့ဆန္ဒဟု ပြောပါက မမှားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ကို ဖေဖော်ဝါရီ ၆ ရက်ထုတ် မဇ္ဈိမသတင်းစာ၌ ဖော်ပြခဲ့သည်။ဖေဖော်ဝါရီ ၆ ရက်ထုတ် မဇ္ဈိမသတင်းစာတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ ဆန္ဒမဲပေးခွင့်ပြုခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းအား မဇ္ဈိမသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ကာ အဆိုပါ အမေးအဖြေတွင် ဦးမောင်မောင်အုန်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။“ဝှိုက်ကတ် ကိစ္စမှာတော့ ကျွန်တော့်အနေနဲ့ ဘာမှ မပြောလိုပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒါက နိုင်ငံတော်က ဆုံးဖြတ်တဲ့ ကိစ္စ ဖြစ်နေတာရယ်။ ပြည်ထောင်စုလွှတ်တော် ဆိုတာကလည်း ပြည်သူတွေ၊ ရွေးကောက်ထားတဲ့သူတွေ ဖြစ်တဲ့အတွက် ဒါဟာ ပြည်သူတွေရဲ့ သဘောဆန္ဒနဲ့လို့ပဲ ပြောရင်လည်း မမှားပါဘူး။ ရခိုင်ပြည်သူတွေ ကြားမှာတော့ ပြဿနာတစ်ခုက ဖြေရှင်းလို့ မပြီးသေးခင် နောက်ပြဿနာတစ်ခု ရောက်လာတယ်လို့ ပြောရမှာပေါ့ဗျ။ ကျွန်တော့်အနေနဲ့ ရခိုင်ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ဒါကို သမာသမတ်ကျကျ ဖြေရှင်းရမှာပေါ့” ဟု ဦးမောင်မောင်အုန်းက မဇ္ဈိမသို့ ဖြေကြားသည်။တပ်မတော်တွင် ဗိုလ်ချုပ်အဆင့် ရာထူးဖြင့် နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လ၌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမောင်မောင်အုန်းသည် ၎င်း၏ ဝန်ကြီးချုပ် သက်တမ်းအတွင်း ရခိုင်တိုင်းရင်းသားများဘက်မှ အစဉ်တစိုက် ရပ်တည်ခဲ့သူ ဖြစ်သည်။ ထိုရပ်တည်မှုကြောင့်ပင် ရခိုင်တိုင်းရင်းသားများအကြား လေးစားခံရသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ခဲ့သည်။ယခု နိုင်ငံခြားသား (နိုင်ငံသားစိစစ်ဆဲ) များကို မဲပေးခွင့်ပြုခဲ့ခြင်းအား ရခိုင်တိုင်းသားအားလုံးက လက်ခံခြင်း မရှိဘဲ ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာချိန်၌ ဦးမောင်မောင်အုန်း၏ သဘောထားရပ်တည်ချက်အပေါ် မေးခွန်းထုတ်မှုများ ရှိလာသည်။၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ် ဆက်လက်ရွေးကောက်ခံရန် ကိစ္စနှင့် ပတ်သက်သော မဇ္ဈိမသတင်းဌာန၏ မေးခွန်းကို ဦးမောင်မောင်အုန်းက ပြန်လည်ဖြေကြားရာ၌ နိုင်ငံတော်ကသော် လည်းကောင်း၊ နိုင်ငံရေးအရသော် လည်းကောင်း တာဝန်ပေးမည်ဆိုပါက ထမ်းဆောင်သွားမည်ဟု ဆိုသည်။“ကျွန်တော် ဒီတာဝန်ကို ထမ်းဆောင်တယ်ဆိုတာ နိုင်ငံတော်ကပေးတဲ့ တာဝန်ကို ရိုးရိုးသားသား ထမ်းဆောင်တာပဲ ဖြစ်တယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်က စစ်သားတစ်ယောက် ဖြစ်တယ်။ စစ်သားဖြစ်တဲ့အတွက် နိုင်ငံတော်က ပေးတဲ့အမိန့်ကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကသော် လည်းကောင်း၊ နိုင်ငံရေးအရသော် လည်းကောင်း ကျွန်တော့်ကို တာဝန်ပေးတယ်ဆိုရင် ထမ်းဆောင်ရမှာပါ” ဟု ဦးမောင်မောင်အုန်းက မဇ္ဈိမသို့ ပြောကြားသည်။ဖေဖော်ဝါရီ ၆ ရက်မှာပင် ထွက်ရှိသော News Watch သတင်းဂျာနယ်တွင်လည်း ဝှိုက်ကတ်ကိစ္စ လွှတ်တော်မှ အတည်ပြုမှုကို ချေပရန် ခက်ခဲမည်ဖြစ်ကြောင်း ဦးမောင်မောင်အုန်း ပြောကြားသည့် သတင်းတစ်ရပ် ဖော်ပြခဲ့သည်။“သူ့ရဲ့ ဥပဒေနဲ့ ဥပဒေမှာပါတဲ့ အပြင်ကို လွှတ်တော်က အတည်ပြုတာဆိုတော့ ကျွန်တော်တို့က ပြန်ပြီးချေပဖို့ဆိုတဲ့ အနေအထားမှာတော့ နည်းနည်းတော့ ခက်တာပေါ့နော်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ ပြောရရင်တော့ ကျွန်တော့်ရဲ့ ရခိုင်ပြည်နယ်က ရခိုင်ပြည်သူ ပြည်သားတွေ ဒါနဲ့ ပတ်သက်လို့ စိတ်ထဲမှာတော့ ခံစားမှုရှိတယ် ဆိုတာကို သိရတဲ့အတွက် ကျွန်တော့်အနေနဲ့ အဆင်ပြေအောင်ပဲ လုပ်သွားရမယ့် သဘောတော့ ရှိတာပေါ့နော်။ ကျွန်တော်ကလည်း တစ်ဖက်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတော့ ရခိုင်တိုင်းရင်းသားများရဲ့ အမျိုးသားရေးကိစ္စနဲ့ ဆက်စပ်တာဖြစ်တော့ ကျွန်တော်ကတော့ သမာသမတ်ကျကျနဲ့ပဲ ဥပဒေဘောင်အတွင်း ရပ်ပြီး အကောင်းဆုံး ကျော်လွှားနိုင်အောင်တော့ ကျွန်တော် ဆောင်ရွက်ရမှာပေါ့” ဟု ဦးမောင်မောင်အုန်းက News Watch သို့ ပြောကြားသည်။ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုခြင်းကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ဥပဒေ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဥပဒေများ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဥပဒေများတွင် ပါရှိသော်လည်း ပင်မဥပဒေဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လုံးဝပါရှိခြင်း မရှိသည့်အတွက် ထိုသို့ခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်းပြီး ချိုးဖောက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent