ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ခုံရုံးသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပေးပို့

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ခုံရုံးသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ပေးပို့
Published 6 February 2015
စိုးမင်းထိုက်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီ မညီ ဆုံးဖြတ်ပေးရန် ကိုယ်စားလှယ် ၂၇ ဦး လက်မှတ်ဖြင့် ခုံရုံးသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မှတစ်ဆင့် ဖေဖော်ဝါရီ ၆ ရက်တွင် ပေးပို့ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
ဒေါက်တာအေးမောင်က “တည်ဆဲဥပဒေများဟာ ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်သမျှ အတည်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် တည်ဆဲဥပဒေများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွှမ်းမိုးနိုင်ပါဘူး”ဟု ပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီ ဆုံးဖြတ်ပေးရန် ခုံရုံးသို့တင်ပြနိုင်ရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၁ဝ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် ပေးပို့ရကြောင်း၊ လက်ရှိတွင် ကိုယ်စားလှယ် ၂၇ ဦး၏ သဘောတူကြောင်း လက်မှတ်ရရှိသည့်အတွက် အမျိုးသားလွှတ်တော်မှတစ်ဆင့် ခုံရုံးသို့ပေးပို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ၂၇ ဦး တွင် ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်၊ ဦးကျော်ကျော်၊ ဦးခင်မောင်(ခ) ဦးအောင်ကျော်ဦး၊ ဦးခင်မောင်လတ်၊ ဦးအုန်းတင်၊ ဦးကျော်ထွန်းအောင်၊ ဖလုံစဝေါ်ပါတီမှ ဦးစောသန်းထွန်း၊ ဦးစောအောင်ကျော်နိုင်၊ ဦးဖုန်းမြင့်အောင် (တစ်သီးပုဂ္ဂလ)၊ ချင်းအမျိုးသားပါတီမှ ဦးဝှေ့ယိန်း၊ ဦးပေါ်လျှံလွင်တို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းမြမောင်၊ ဦးစိုင်းစံမင်း၊ တအာင်းပလောင် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးထွန်းကျော်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးမန်းအောင်တင်မြင့်၊ ဦးစောတော်ပလဲ၊  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါက်တာဗညားအောင်မိုး၊ ဒေါက်တာကျော်သိန်း၊ ဦးမင်းမျိုးတင့်လွင်တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရခိုင်တိုင်းရင်းသားများဖြစ်သည့် ဦးမောင်အေးထွန်း၊ ဦးသာခင်၊ အင်န်ဒီအက်ဖ်ပါတီမှ ဒေါ်ခင်ဝိုင်းကြည်၊ တစညပါတီမှ ဦးဂျေယောဝူတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာမြင့်နိုင်၊ ဦးမင်းဦး၊ ဦးသိမ်းဆွေတို့ လက်မှတ်ရေးထိုးခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ယာယီသက်သေခံ လက်မှတ်နဲ့ ပတ်သက်ပြီးတော့ ဥပဒေရေးရာမှာ အလွန်ပဲ ရှုပ်ထွေးနေတယ်။ ဝှိုက်ကတ်ကို လဝကက ပြောတာဆိုရင် နိုင်ငံသားလည်း မဟုတ်ဘူး။ နိုင်ငံသား ဖြစ်နိုင်လောက်တဲ့ အရည်အချင်းလည်း မရှိဘူး။ ယာယီအားဖြင့် လက်ရှိနေထိုင်သူကို မှတ်တမ်းပြုထားတယ်လို့ ဆိုတယ်။ အဲဒီလိုဆိုထားတဲ့ အခါကျတော့ အဲဒီလိုကတ်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစဉ်းစားရမလဲဆိုတာ ဥပဒေရေးရာမှာ အင်မတန်မှ ရှုပ်ထွေးတယ်။ အဲ့လိုရှုပ်ထွေးတဲ့အခါမှာ အချင်းချင်း အငြင်းပွားနေမယ့်အစား ပြတ်ပြတ်သားသား အဆုံးအဖြတ်တစ်ခုကို ခံယူလိုက်တာက အသင့်တော်ဆုံးပဲလို့ အန်ကယ်တို့က ယူဆတယ်။ အဲ့ဒီအတွက်ကို အမျိုးသားလွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်တဲ့အခါကျတော့ ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီးတင်မယ်လို့ ဆိုလာတယ်။ ဒါကြောင့် ဥပဒေပါ အခွင့်အရေးတစ်ရပ်ကို ရရှိအောင် ဆောင်ရွက်တာပဲ။ အဲ့လိုဆောင်ရွက်နိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းအရ ၁ဝ ရာခိုင်နှုန်း ပြည့်မီဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ပြည့်မီဖို့ လိုအပ်တယ်။ အဲ့ဒီအတွက် အန်ကယ်တို့ ပါတီက တစ်ဦးချင်းသဘောအရ လက်မှတ်ထိုးကြတာပါ။ အင်န်အယ်လ်ဒီက လေးယောက်လက်မှတ် ထိုးခဲ့တယ်။ အဲ့ဒါကအင်န်အယ်လ် ဒီရဲ့မူ၊ အင်န်အယ်လ်ဒီရဲ့ ညွှန်ကြားချက်အနေနဲ့ မဟုတ်ဘူး။ တစ်ဦးချင်းဆန္ဒအရ လက်မှတ်ထိုး ခဲ့ကြတာပါ။ အန်ကယ်တို့ အနေနဲ့က ခွင့်ပြုသင့်တယ် ခွင့်မပြုသင့်ဘူး ပြောနေတာ မဟုတ်ပါဘူး။ ခုံရုံးရဲ့ အဆုံးအဖြတ်က အဓိကပါပဲ” ဟု ပြောကြားသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ဝှိုက်ကတ်များအား ဆန္ဒမဲပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်ပြုခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီကလည်း ဖေဖော်ဝါရီ ၂ ရက်က အဆုံးအဖြတ် ခံယူရာတွင် သမ္မတ၏ မှတ်ချက်အတိုင်း ဖြစ်သင့်ကြောင်း အကြံပြုခဲ့ကြောင်း၊ မဲခွဲဆုံးဖြတ်ရာတွင်လည်း ထောက်ခံသူများသည့်အတွက် သမ္မတ၏ မှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။  
 
 

Most Read

Most Recent