နတ်မောက်မြို့တွင် ခုနစ်ရက်ဆက် ကျင်းပမည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ယနေ့ စတင်ဖွင့်လှစ်မည်

နတ်မောက်မြို့တွင် ခုနစ်ရက်ဆက် ကျင်းပမည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ယနေ့ စတင်ဖွင့်လှစ်မည်
Published 6 February 2015
အောင်သူငြိမ်း

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်း နတ်မောက်မြို့တွင် တရားပွဲ၊ ကဗျာရွတ်ပွဲ၊ စာတမ်းဖတ်ပွဲ၊ တိုင်းရင်းသားရိုးရာ ကပွဲများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ဖျော်ဖြေပွဲများဖြင့် ခုနစ်ရက်ဆက် ၂၄ နာရီပြည့် ကျင်းပမည့် ၎င်း၏မွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်(ယနေ့) နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။နတ်မောက်မြို့ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံရှေ့ ကွင်းပြင်အတွင်း ကျင်းပသွားမည့် ယင်းပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း၏သား ဦးအောင်ဆန်းဦး၊ သမီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဗိုလ်ချုပ်၏ ဆွေမျိုးသားချင်းများ၊ ဗိုလ်ချုပ်နှင့် လုပ်ဖော်ကိုင်ဖက်တို့၏ မိသားစုဝင်များ၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်အရပ်ရပ်မှ အကြီးအကဲများ၊ တိုင်းရင်းသား အင်အားစုများနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဖိတ်ကြားထားကြောင်းနှင့် အဆိုပါပွဲအတွက် ကြိုတင်ပြင်ဆင်မှုများကို လပေါင်းများစွာ ကြိုတင်ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် အဆင်သင့်အနေအထား ပြီးစီးထားကြောင်း သိရသည်။“ဗိုလ်ချုပ်ရာပြည့်ဆိုတာ တစ်သက်မှာ တစ်ခါပဲ ကြုံခွင့်ရတာကြောင့် ဒီပွဲကြီးကို ပြည်သူတွေကလည်း အားခဲကြပါတယ်။ တစ်ချိန်တုန်းကတော့ နတ်မောက်မြို့ဆိုတာ အမေ့ပျောက်ခံ မြို့လေးဖြစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေတောင် မှေးမှိန်အောင် လုပ်ခဲ့ကြတော့ ခုလို ရာပြည့်ပွဲအတွက် ပြည်သူတွေရဲ့ ပူးပေါင်းမှုနဲ့ အခမ်းအနား အခင်းအကျင်းကြီးကို မြင်ရတော့ ပိုပြီး ဝမ်းနည်းမိတယ်။ ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တုကြီးကို နတ်မောက်မြို့ဆီ သယ်လာတဲ့နေ့ကဆို လမ်းတစ်လျှောက်က ဒေသခံတွေရော၊ မြို့ခံပြည်သူတွေပါ ငိုကြတာ အများကြီးပါပဲ” ဟု နတ်မောက်မြို့မှ စာရေးဆရာ ဦးမျိုး(မကွေး)က ပြောကြားသည်။အဆိုပါ ဗိုလ်ချုပ်ရုပ်တုကို နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် အပေါ်ထပ်တွင်ထားရှိရန် စီစဉ်ထားကြောင်း၊ ထိုနေအိမ်ပြတိုက် အနောက်မြောက်ထောင့်တွင် ထားရှိမည့် ဗိုလ်ချုပ်ရာပြည့် မော်ကွန်းကျောက်စာတိုင်ကိုလည်း စိုက်ထူပြီးစီးခဲ့ပြီး ဗိုလ်ချုပ်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ရာပြည့်ပွဲတော် အပြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ဖောင်ဒေးရှင်း ထူထောင်ရန် စီစဉ်ထားကြောင်း ပွဲကျင်းပရေး ကော်မတီဝင်များထံမှ သိရသည်။ဗိုလ်ချုပ်ရာပြည့်ပွဲ ဂုဏ်ပြုသည့် အနေဖြင့် မြိတ်မြို့မှ လမ်းလျှောက်လာသည့် ကိုအောင်သူနှင့် တောင်တွင်းကြီးမြို့နယ် ဆတ်သွားမှ လမ်းလျှောက်လာသည့် ဦးပြည်မိုးတို့သည် ဖေဖော်ဝါရီ ၆ ရက်က မကွေးမြို့သို့ ရောက်ရှိလာပြီး နတ်မောက်မြို့သို့ ဆက်လက်လမ်းလျှောက်လျက်ရှိကြောင်း၊ ယင်းပွဲသို့ မကွေးမြို့ခံ ပြည်သူ ၁၀၀ ကျော်ကလည်း ဖေဖော်ဝါရီ ၁၁ ရက်တွင် မကွေးမှ နတ်မောက်သို့ လမ်းလျှောက်ချီတက် ဂုဏ်ပြုရန် စီစဉ်ထားကြောင်း၊ ရာပြည့်ပွဲတော် ကျင်းပမည့် ခုနစ်ရက်ဆက်တိုက် နံနက်တိုင်း ပွဲတော်ကွင်းအတွင်းပဲ ပြုတ်နှင့် နံပြား စတုဒိတာ ကျွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်နှစ်အဖြစ် သတ်မှတ်ကာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်အကြို ဂုဏ်ပြုအခမ်းအနားများကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကျင်းပလျက်ရှိပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာအထိ လစဉ်ကျင်းပသွားမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရှေ့နေဦးဖာနှင့် ဒေါ်စုတို့က မကွေးတိုင်း နတ်မောက်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။    

Most Read

Most Recent