ဒေသတွင်းမတည်ငြိမ်မှုများကြောင့် တအာင်းပြည်တွင်းစစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော် ရှမ်းပြည်နယ်မြောက်ပိုင်း IDPs စခန်းများတွင် ခိုလှုံနေရဆဲဖြစ်

ဒေသတွင်းမတည်ငြိမ်မှုများကြောင့် တအာင်းပြည်တွင်းစစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော် ရှမ်းပြည်နယ်မြောက်ပိုင်း IDPs စခန်းများတွင် ခိုလှုံနေရဆဲဖြစ်
Published 4 February 2015
ဇာလီမြင့်ဦး

ဒေသတွင်းမတည်ငြိမ်မှုများကြောင့် တအာင်းပြည်တွင်းစစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ရှောင်ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း အဆိုပါဒုက္ခသည်များအား ကူညီစောင့်ရှောက်နေသည့် အဖွဲ့တစ်ခုဖြစ်သည့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ အတွင်းရေးမှူး မဒီဒီမိုးခမ်းကပြောကြားသည်။"ဒီရှမ်းပြည်မြောက်ပိုင်းမှာဆိုရင် ၂၀၁၁ ကနေစပြီးတော့ ကျွန်မတို့ဒေသမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တယ်။ အဓိက,က အလုပ်အကိုင်တွေမရှိဘူး။ ဒီဒေသကပြည်သူတွေ တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးလာတာ နှစ်နှစ်ကျော်နေပါပြီ။ ဒါပေမဲ့ နယ်မြေတည်ငြိမ်မှုကို မယုံကြည်နိုင်သေးတဲ့အတွက် အိမ်မပြန်နိုင်တဲ့အနေအထားမျိုးတွေရှိနေပါသေးတယ်။ ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ အခက်အခဲတွေရှိတယ်။ တစ်ခါတလေကျရင် အကူအညီတွေက လိုတာကတစ်မျိုး ရလာတာကတစ်မျိုးတွေလည်း ရှိနေတုန်းပါပဲ။ အခုလက်ရှိတွေထဲမှာ နေနေတာကတော့ ၂၀၀၀ ကျော်လောက်ရှိပါတယ်" ဟု မဒီဒီမိုးခမ်းကပြောကြားသည်။အစိုးရနှင့် တအာင်းတပ်မတော် (TNLA) တို့အကြား ၂၀၁၁ ခုနှစ်တွင် နှစ်ဖက်စစ်တပ်ထိတွေ့မှုများနှင့် တိုက်ပွဲများ မကြာခဏပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ထို့နောက် အစိုးရနှင့် TNLA တို့အကြား ၂၀၁၃ ခုနှစ် ဇူလိုင်လကုန်က ပထမအကြိမ်အဖြစ် ပြည်နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ နှစ်ဖက်အကြား အပစ်ရပ်စဲရေးဆောင်ရွက်ရန်၊ ဆက်ဆံရေးရုံးများဖွင့်လှစ်နိုင်ရေး၊ လက်နက်မကိုင်ဆောင်ဘဲ နယ်မြေအတွင်း တပ်များလွတ်လပ်စွာသွားလာနိုင်ရေး၊ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲများကျင်းပနိုင်ရေး စသည်တို့ကိုဆွေးနွေးခဲ့သော်လည်း သဘောတူညီချက်များမရရှိခဲ့ဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ရာ ၂၀၁၃ ခုနှစ်တွင် တိုက်ပွဲပေါင်း ၁၀၀ ကျော်နှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ဖက်စစ်တပ်ထိတွေ့မှုနှင့် တိုက်ပွဲပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း TNLA မှ သိရသည်။"တအာင်းဒုက္ခသည်တွေကတော့ အများအားဖြင့် ကွတ်ခိုင်မြို့ထဲမှာရှိတယ်။ နှစ်ဖက်စစ်တပ်ထိတွေ့မှုရှိတဲ့နေရာတွေပေါ့။  အဲဒီမှာဆိုရင် Camp နှစ်ခုရှိတယ်။ နောက်နမ့်ခမ်းမှာရယ်၊ မန်တုံမြို့နယ်တွေမှာရယ်ရှိတယ်။ နောက်တစ်ခုက Camp တော့မရှိဘူး။ ရွာပုန်းရွာရှောင်တွေပေါ့။ သူတို့တွေအနေနဲ့ကတော့ လက်ရှိနေရာအတည်တကျဆိုတာရယ် မရှိသေးကြဘူးပေါ့" ဟု ၎င်းက ဆက်လက်ပြောကြားသည်။၂၀၁၄ ဇွန်နှင့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် တပ်မတော်နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင့် နှစ်ဖက်လုံးမှ သေဆုံးဒဏ်ရာရမှုများရှိခဲ့သလို စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ထပ်မံတိုးပွားလာခဲ့ကာ အချို့မှာ နေရပ်ပြန်နိုင်ခဲ့သော်လည်း ဒုက္ခသည်များ ယခင်နေထိုင်ခဲ့ရာဒေသများတွင် နှစ်ဖက်စစ်တပ်များရှိနေဆဲဖြစ်သောကြောင့် အများစုမှာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေဆဲဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှသိရသည်။

Most Read

Most Recent