တပ်မတော်နှင့် TNLA တို့အကြား လေကြောင်းမှ ပစ်ခတ်မှုအပါအဝင် သုံးရက်ဆက် ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်တပ်သား ထိခိုက်ကျဆုံးမှုများပြား

တပ်မတော်နှင့် TNLA တို့အကြား လေကြောင်းမှ ပစ်ခတ်မှုအပါအဝင် သုံးရက်ဆက် ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်တပ်သား ထိခိုက်ကျဆုံးမှုများပြား
Published 4 February 2015
အောင်ဇော်ထွန်း

အစိုးရတပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့အကြား မိုးမိတ်ဒေသတွင် ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ နှစ်ဖက်တပ်သားထိခိုက်ကျဆုံးမှုများပြားလျက်ရှိကြောင်း တပ်မတော်နှင့် TNLA အဖွဲ့ထံမှသိရသည်။မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်အစပ်ရှိ ကျေးရွာများဖြစ်သော ရွှေညောင်ပင်၊ ရွှေသာယာ၊ စိုင်းလိမ်၊ ဝင်္ကပါရွာများဝန်းကျင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များ၌ နှစ်ဖက်လုံး၌အကျအဆုံးများခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းနှင့် ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်ဘက်မှ လေကြောင်းမှတိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင်ပြောကြားသည်။    မိုင်းအိုက်ကျော်က "တိုက်ပွဲက ၁ ရက်ကတည်းကစဖြစ်နေတာ ဒီကနေ့အထိပါပဲ။ တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေသုံးလာပါတယ်။ မနေ့တုန်းက ၅ နာရီဝန်းကျင်ကစပြီး သုံးစင်းတက်လာတယ်။ ရဟတ်ယာဉ်နှစ်စင်း၊ ဂျက်လေယာဉ်တစ်စင်းလာရောက်တိုက်ခိုက်တယ်။ ကျွန်တော်တို့ရှိတဲ့နေရာတွေကိုပစ်တယ်။ ညနေမိုးချုပ်တော့ပြန်သွားတယ်။ ဒီနေ့နံနက် ၉ နာရီမှာပြန်လာပြီးတော့ ကျွန်တော်တို့တပ်စခန်းရှိတဲ့နေရာကို လက်နက်ကြီးနှစ်လုံးပစ်ခတ်တယ်။ အခြားအနီးဝန်းကျင်ကိုလည်း ပစ်ခတ်တာမျိုးတွေ့ရပါတယ်" ဟုပြောကြားသည်။TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်၏ တပ်မတော်ဘက်မှ လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်သည်ဆိုသည့် ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်ဘက်သို့မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၄ ရက်ထုတ် တပ်မတော်၏ မြဝတီသတင်းစာတွင် TNLA အဖွဲ့အနေဖြင့် မိုးကုတ်-မိုးမိတ်ကားလမ်း အရှေ့ဘက်ခြမ်း ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် ရိက္ခာစုဆောင်းခြင်းများပြုလုပ်နေခြင်းကြောင့် တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီ ၃၀ ရက်မှစတင်ကာ နယ်မြေရှင်းလင်းခြင်းဆောင်ရွက်စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။TNLA အဖွဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်ကမူ တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ မိုးမိတ်-မိုးကုတ်ဒေသတွင် ဘိန်းစိုက်ပျိုးထားမှုများကို TNLA ကသွားရောက်ဖျက်ဆီးရာတွင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။ဖေဖော်ဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ တိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်သားငါးဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ TNLA အဖွဲ့ထံမှအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဖေဖော်ဝါရီ ၄ ရက်ထုတ် မြဝတီသတင်းစာတွင်ဖော်ပြထားသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်ဟု မိုင်းအိုက်ကျော်ကပြောကြားသည်။အစိုးရက ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တွင် TNLA အဖွဲ့လည်းပါဝင်ပြီး လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်ရန် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အစိုးရကဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent