သပိတ်မှောက်ကျောင်းသားစစ်ကြောင်း မကွေးမြို့နယ် ယင်းချောင်းနံဘေးရှိ ဆရာစံနှင့် သခင်ဖိုးလှကြီးရုပ်တုအား အလေးပြုခဲ့ကြပြီး သစ်ရာကောက်ကျေးရွာတွင် ညအိပ်ရပ်နား

သပိတ်မှောက်ကျောင်းသားစစ်ကြောင်း မကွေးမြို့နယ် ယင်းချောင်းနံဘေးရှိ ဆရာစံနှင့် သခင်ဖိုးလှကြီးရုပ်တုအား အလေးပြုခဲ့ကြပြီး သစ်ရာကောက်ကျေးရွာတွင် ညအိပ်ရပ်နား
Published 4 February 2015
ဝေလင်း(ပြည်)

သပိတ်မှောက်စစ်ကြောင်းသည် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာ ယင်းချောင်းနံဘေးတွင်ရှိသော အမှတ်တရကျောက်ရုပ်ဖြစ်သည့် ဆရာစံနှင့် သခင်ဖိုးလှကြီးကျောက်ရုပ်တုသို့ မွန်းလွဲ ၃ နာရီတွင်ဝင်ရောက်ခဲ့ပြီး အလေးပြုဂုဏ်ပြုခဲ့ကြကာ ဆက်လက်ချီတက်၍ သစ်ရာကောက်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြောင်းသိရသည်။    မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်းတွင်းသို့ အမျိုးသားပညာရေးဥပဒေမူကြမ်း သပိတ်မှောက်စစ်ကြောင်းဝင်ရောက်ကာ အသိမှတ်ပြုဟောပြောခွင့်ရခဲ့ကြောင်း သတင်းရရှိသည်။    သပိတ်မှောက်စစ်ကြောင်းသည် တစ်ညတာနားခိုရပ်နားခဲ့သည့် မကွေးမြို့ လေးထပ်ပြင်ဘုန်းတော်ကြီးကျောင်းမှ နံနက် ၉ နာ ရီခွဲတွင် မကွေး-တောင်တွင်းကြီးလမ်းတိုင်းထွက်ခွာလာခဲ့ပြီး မြို့အစွန်ရှိ ကွန်ပျူတာတက္ကသိုလ်အတွင်းဝင်ရောက်ရန် ကျောင်းအုပ်ချုပ်ရေးအဖွဲ့များထံ ဝင်ခွင့်တောင်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးကဝင်ခွင့်ပေးခဲ့ပြီး ပင်မစာသင်ကျောင်းဆောင်ကြီး အောက်ထပ်တွင် နာရီဝက်ခန့်ဟောပြောခွင့်ရခဲ့ကြောင်း သပိတ်မှောက်စစ်ကြောင်း ကျောင်းသားခေါင်းဆောင်များထံမှ သိရသည်။    ကျောင်းအတွင်းဟောပြောရာတွင် "ဒီတက္ကသိုလ်ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသားကျောင်းသူတွေကို ကျွန်တော်ပြောချင်တာက သပိတ်မှောက်ပြီး လမ်းပေါ်ထွက်လာရတာက ကျွန်တော်တို့က အစိုးရနဲ့ အကြိမ်ကြိမ်လက်ကမ်းတောင်းဆိုဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်က ရန်ကုန်စိန်ရတုခန်းမမှာဆွေးနွေးခဲ့တဲ့ သဘောတူချက်တွေကို မနေ့က နေပြည်တော်ဆွေးနွေးပွဲမှာဖောက်ဖျက်ခံရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အစည်းဝေးဖြစ်ပါတယ်။ ဒီပွဲမှာ သပိတ်မှောက်နေတဲ့ကျောင်းသားတွေဟာ သမ္မတရဲ့မိန့်မှာချက်နဲ့ ဒီလမ်းကြောင်းကိုလျှောက်ဖို့ တွန်းပို့ပေးနေလို့ လျှောက်နေရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့သဘောတူညီထားတဲ့သုံးချက်မှာ တန်းတူညီမျှမှုရှိရှိနဲ့ ဆွေးနွေးပွဲကျင်းပဖို့၊ ဆွေးနွေးပွဲတစ်ခုပြီးတိုင်း သဘောတူညီချက်တွေကို အများပြည်သူရဲ့ရှေ့၊ ကျောင်းသားရှေ့မှာ မီဒီယာရဲ့ရှေ့မှာချပြဖို့ ဒီသဘောတူညီချက်ကို မနေ့ကစပြီးဖောက်ဖျက်ခံရတယ်။ ရန်ကုန်စိန်ရတုပွဲမှာ ဝန်ကြီးဦးအောင်မင်းကိုယ်တိုင်သဘောတူခဲ့ပြီး မနေ့ကနေပြည်တော်မှာ ကျောင်းသားကိုယ်စားလှယ် ၁၅ ဦးသာ ဝင်ခွင့်ပေးပါတယ်။ ဒီလိုပွင့်လင်းမြင်သာမှုမရှိတဲ့ ခွဲခြားဆက်ဆံတာမျိုးကိုအလိုမရှိပါဘူး။ ဒီလိုဆွေးနွေးပွဲတွေမှာ အခြားကျောင်းသားတွေကိုပါ ဝင်ခွင့်ပေးဖို့ တောင်းဆိုတာမရရှိခဲ့ပါဘူး။ ပြီးတော့ ဆွေးနွေးပွဲတွေကို အစိုးရဘက်က တစ်ဖက်သတ်ဖျက်သိမ်းခဲ့ပါတယ်။ ဒါဟာ အစိုးရဘက်က ကျောင်းသားတွေကိုထားတဲ့ သဘောထားရပ်တည်ချက်အမှန်တွေပါပဲ" ဟု ဗ.က.သ များအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောကြားသည်။    မြို့တွင်းခေတ္တနားရာနေရာများ၌ ဟောပြောခဲ့ရာတွင် မကွေးမြို့ရှိ နည်းပညာတက္ကသိုလ်နှင့် ဆေးတက္ကသိုလ်ကျောင်းသားတို့မှ ဝင်ရောက်ဟောပြောခဲ့ပြီး မကွေးတက္ကသိုလ်တွင်းသို့ ပထမရက်တွင် မကွေးတက္ကသိုလ်အတွင်းသို့ ဝင်ခွင့်မရခဲ့ဘဲ ကွန်ပျူတာတက္ကသိုလ်အတွင်းသို့သာ ဝင်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။    "ဒီကိစ္စမှာ ကျွန်တော်တို့က ဒီခေတ်မှာ ဘယ်ကိစ္စပဲလုပ်လုပ် ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်ဖို့လိုပါတယ်။ ဖြစ်ခဲ့မယ်ဆိုရင် လက်ရှိသွားနေတဲ့လမ်းကြောင်းမှာ နှေးသွားတာတွေဖြစ်သွားနိုင်တယ်။ အဲဒီလိုဖြစ်သွားလို့မရဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁ ရက်နေ့ကကော ၂ ရက်နေ့ကပါ လူကြီးတွေဆွေးနွေးပွဲတွေလုပ်ခဲ့ပါတယ်။ အဲဒီတော့ခင်ဗျားတို့ဘက်ကလည်း လုပ်စရာရှိတာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့လုပ်မယ်၊ ကျွန်တော်တို့ဘက်ကလည်း ကျောင်းရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်မှုမရှိဘူးဆိုတော့ ခွင့်ပြုပေးလိုက်တာပါ။ ဒီလိုခွင့်ပြုပေးဖို့ ခွင့်ပြုချက်တောင်းစရာမလိုပါဘူး။ ကျွန်တော်တို့ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေက ကိုယ်ဟာကိုယ်ဆုံးဖြတ်ခွင့်ပေးထားပါတယ်" ဟု ခေတ္တကျောင်းအုပ်ကြီး ဒေါက်တာစိုးလင်းအောင်က The Daily Eleven သတင်းစာသို့ဖြေကြားသည်။

Most Read

Most Recent