အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့် အတည်ပြုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ သဘောထားကြေညာချက် ထုတ်ပြန်

အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့် အတည်ပြုခြင်းနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ သဘောထားကြေညာချက် ထုတ်ပြန်
Published 4 February 2015
သန်းလှိုင်

တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲတစ်ပွဲ အနိုင်ရရှိရေးကိုသာ ရှေးရှုလုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမား အမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုများကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများ အရေးသည် ဤမျှ ကြီးထွားလာခြင်းဖြစ်ကြောင်း အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် အတည်ပြုခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ သဘောထားကြေညာချက် တစ်ခုကို ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်သည်။အဆိုပါ ထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် အဖြူရောင်ကတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ကို ဖေဖော်ဝါရီ ၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုး၏ ရေရှည်အကျိုးကို မကြည့်ဘဲ ရွေးကောက်ပွဲတစ်ပွဲ အနိုင်ရရှိရေးကိုသာ ရှေးရှုလုပ်ဆောင်သော ညံ့ဖျင်းနိမ့်ကျသည့် နိုင်ငံရေးသမား အမည်ခံများ၏ ကိုယ်ကျိုးကြည့် လုပ်ဆောင်မှုကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ ခိုးဝင်ဘင်္ဂါလီများ အရေးသည် ဤမျှကြီးထွားလာရခြင်း ဖြစ်ကြောင်းတို့ အပါအဝင် အချက်လေးချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ကိုယ်ကျိုးကြည့်သော နိုင်ငံရေးသမား အမည်ခံများကသော် လည်းကောင်း၊ လက်ရှိ လွှတ်တော်အသီးသီးကသော် လည်းကောင်း မည်သို့ပင် ဆုံးဖြတ်စေကာမူ ရခိုင်အမျိုးသားပါတီ အနေဖြင့် အဖြူကတ်ကိုင်ဆောင်သော ခိုးဝင်ဘင်္ဂါလီများ မဲပေးခွင့် မရရှိရေးနှင့် ပတ်သက်၍ မလျှော့စတမ်း ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ထို့ပြင် ရခိုင်အမျိုးသားတစ်ရပ်လုံး အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူအပေါင်းတို့ အနေဖြင့်လည်း ဤအရေးတွင် လက်တွဲ၍ တိုက်ပွဲဝင်ကြပါရန် ရခိုင်အမျိုးသားပါတီမှ နှိုးဆော်ကြောင်းများကိုလည်း အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားကြောင်းနှင့် ယင်းစာအား ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ထုတ်ပြန်ခြင်းဖြစ်သည်။“ကျွန်တော်တို့မှာ ဆက်လုပ်စရာတွေ ရှိပါသေးတယ်။ ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး ရပ်တည်သင့်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်ကာ လုပ်ဆောင်မှာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြဿနာနောက်ပိုင်း ရခိုင်ပြည်သူတွေက တောင်းဆိုခဲ့ပေမယ့် ပြည်သူတွေရဲ့ မျက်နှာကို မထောက်ဘဲ အခုလိုမျိုး လုပ်တာကိုတော့ ကျွန်တော်တို့ကလည်း ရင်ထဲမှာ ခံစားချက်တွေ ဖြစ်မိတယ်” ဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။   

Most Read

Most Recent