အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ချီတက် ဆန္ဒပြနေသည့် စစ်ကြောင်း မကွေးမြို့တွင် ရပ်နားခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် တောင်တွင်းကြီးသို့ ဆက်လက်ချီတက်မည်

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ချီတက် ဆန္ဒပြနေသည့် စစ်ကြောင်း မကွေးမြို့တွင် ရပ်နားခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင် တောင်တွင်းကြီးသို့ ဆက်လက်ချီတက်မည်
Published 3 February 2015
အောင်သူငြိမ်း

မန္တလေးမြို့မှ စတင်ထွက်ခွာလာသည့် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြနေသည့် ကျောင်းသားစစ်ကြောင်း မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်ဟူသော သမိုင်းဝင် ကြွေးကြော်သံ စတင်ခဲ့ရာ မကွေးမြို့သို့ ဖေဖော်ဝါရီ ၃ ရက်က ရောက်ရှိချိန်တွင် မကွေးဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂလည်း ထိုစစ်ကြောင်းအတွင်း ပူးပေါင်းပါဝင်ခဲ့ပြီး မကွေးမြို့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူများ အပါအဝင် မြို့ခံပြည်သူ ထောင်နှင့်ချီ ကြိုဆိုဝန်းရံခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက မကွေးမြို့နယ် ကံပြားကျေးရွာ ရှားတောဘုန်းကြီးကျောင်း၌ တည်းခိုခဲ့ရာမှ ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ပြန်လည်ထွက်ခွာလာကြောင်း သိရသည်။ မကွေးတက္ကသိုလ်ရှေ့သို့ သပိတ်မှောက် ကျောင်းသားစစ်ကြောင်း မရောက်မီကတည်းက ကျောင်း၏ ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ထားခဲ့သောကြောင့် သပိတ်မှောက် ကျောင်းသားများကို အားပေးချင်သော ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ဝေဖန်မှုများ ရှိခဲ့ကြောင်း မကွေးတက္ကသိုလ် ပါမောက္ခချုပ်မှ အဆိုပါ သပိတ်အတွင်း ကျောင်းသားကျောင်းသူများ ဝင်မပါရန် ကြိုတင် တားမြစ်စကား ပြောခဲ့သည့် ဗွီဒီယိုဖိုင်မှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး မကွေးမြို့ခံများက ဝေဖန်မှုများ ရှိခဲ့ကြောင်း သပိတ်စစ်ကြောင်း ထိုတက္ကသိုလ်ရှေ့ မရောက်မီ သတင်းထောက်အချို့က ပါမောက္ခချုပ်နှင့် တွေ့ဆုံမေးမြန်းခွင့် တောင်းသည်ကိုလည်း ဂိတ်ပေါက်တွင် စောင့်နေသော ဆရာများက ငြင်းပယ်ခဲ့ကြောင်း သပိတ်စစ်ကြောင်း ရောက်ရှိမည့်နေ့တွင်မှ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံ၏ ဝဲဘက် မကွေးတိုင်း အစိုးရအဖွဲရုံးသို့ ဝင်ရောက်သည့် လမ်းကို ဘေးသားတိုးချဲ့ ကတ္တရာခင်း၍ လမ်းထိပ်နှစ်ဖက်ကို ပိတ်ထားခဲ့ကြောင်း သိရသည်။ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက “တွေ့ဆုံဆွေးနွေးရေးက ဝေးသွားပြီဆိုတော့ ကျွန်တော်တို့ မူလ ရည်ရွယ်ချက်အတိုင်း ရန်ကုန်အထိရောက်အောင် ချီတက်သွားပါမယ်။ မန္တလေးကနေ ထွက်ခွာလာပြီး ဒီမကွေးကို ရောက်တဲ့ထိ တစ်ဆင့်ပြီးတစ်ဆင့် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု ပိုပိုပြီး ရလာတယ်။ ပြည်သူရဲ့ ထောက်ခံမှု ရလာလို့လည်း သူတို့က သပိတ်တပ်ကြီးကို ဖြိုခွဲပစ်ဖို့ ပိုခက်လာတယ်လို့ မြင်တယ်။ တွေ့ဆုံဆွေးနွေးရေးက အကြောင်းအရာတစ်ခုကို အစဆွဲထုတ်လာပြီး သပိတ်တပ်ကြီးကို ဖြိုခွဲဖို့ နည်းလမ်းရှာနေတယ်လို့လည်း မြင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်အထိရောက်အောင် ချီတက်မှာပါ။ မကွေးကိုရောက်လာတဲ့ အချိန်မှာရော ဖြတ်သန်းခဲ့တဲ့ မြို့တွေမှာ ပြည်သူတွေရဲ့ နွေးထွေးကူညီမှုတွေ ရလာတာအတွက်လည်း ကျေးဇူးလည်းတင်ပါတယ်။ ဒီနေ့ ဒီကာလမှာ ကျောင်းသားတွေကို သွေးထွက်သံယို ဖြစ်လာမှာကို လက်မခံပါဘူး။ ကျောင်းသားသွေးတစ်ပေါက်ကျရင် မီးဟုန်းဟုန်း တောက်စေရမယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ကြေးရုပ်အား အလေးပြုအပြီး ပြောကြားခဲ့သည်။ထိုကျောင်းသားသပိတ် စစ်ကြောင်းကို မကွေးမြို့ပေါ်ရှိ ဒီမိုကရေစီ အင်အားစုများနှင့် လူမှုရေး အသင်းအဖွဲ့များ သာမက ပြည်မြို့နှင့် တောင်တွင်းကြီးမြို့တို့မှ လူမှုရေး အသင်းအဖွဲ့များနှင့် ဒီမိုကရေစီ အင်အားစုများပါ လာရောက်ပူးပေါင်းခဲ့ကြကြောင်း မကွေးမြို့ပေါ် တက္ကသိုလ်ပေါင်းစုံမှ ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများက အလှူငွေနှင့် စားသောက်ဖွယ်ရာများ အများအပြား လှူဒါန်းခဲ့ကြကြောင်း ယင်းစစ်ကြောင်းသည် မကွေးမြို့မှတစ်ဆင့် တောင်တွင်းကြီးမြို့ဘက်သို့ ဖေဖော်ဝါရီ ၄ ရက် နံနက်တွင် ဆက်လက်ချီတက်မည် ဖြစ်သော်လည်း တောင်တွင်းကြီးမြို့သို့အရောက် ချီတက်ရန်နှင့် သစ်ရာကောက်မှတစ်ဆင့် ကိုးပင်သို့ ချီတက်သင့် မတက်သင့်ကို မဆုံးဖြတ်ရသေးကြောင်း သတင်းရရှိသည်။

Most Read

Most Recent