မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်

မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှု မြင့်တက်
Published 21 January 2015
နေထွန်းနိုင်

ဘင်္ဂါလီများအား နိုင်ငံသားအခွင့်အရေး ပေးရန်နှင့် လွတ်လပ်စွာ သွားလာခွင့်ပြုရန် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တိုက်တွန်းချက်အပေါ် ဆန္ဒပြ ကန့်ကွက်ခဲ့ရာ၌ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။၂၀၁၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က ထွက်ပေါ်ခဲ့သော ကုလသမဂ္ဂ၏ တိုက်တွန်းချက်ကို ဇန်နဝါရီ ၁၆ ရက်က ဆန္ဒပြ ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူက မိန့်ကြားမှုပြုလုပ်ကာ ထိုမိန့်ကြားမှုတွင် သံဃာ၏သိက္ခာနှင့် လျော်ညီမှုမရှိသော ဆဲဆိုကြိမ်းမောင်းမှုများ ပါဝင်ခဲ့ခြင်းဖြစ်သည်။အဆိုပါ ဆဲဆိုကြိမ်းမောင်းမှုသည် မကြာသေးမီ အချိန်က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်သော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီအား ဦးတည်ပြောဆိုရာ၌ ပါဝင်ခဲ့ခြင်းလည်း ဖြစ်သည်။“မျိုးစောင့်ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာဘဲ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီး ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်းသမီး ဟုတ်ပါသလား။ ကုလသမဂ္ဂ ထိုင်ခုံပေါ် ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက်တော့ -ာသည်မပဲဗျ။ ခင်ဗျားစိတ်ပါလို့ ခင်ဗျားကုလားကို -င်ပေးပါ။ ကျုပ်တို့ ရခိုင်ပြည်နယ်ကိုတော့ ရောင်းစားခွင့် မပေးပါနဲ့။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ ခံတပ်ကြီး၊ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ တံခါးဝ၊ ဒီတံခါးဝတွေကို ခင်ဗျားတို့ ဝင်ရောက်ချိုးဖျက်မယ် မကြံပါနဲ့။ ချိုးဖျက်ရင်တော့ ထိုးနှက်ပစ်မှာ...” အစရှိသော စကားလုံးများဖြင့် အရှင်ဝီရသူက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (ဗဟို) အဖွဲ့၏ အထက်မြန်မာပြည် တာဝန်ခံအဖြစ် လူသိများထင်ရှားသော အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်း ပြောဆိုမှုများမှာ လူပုဂ္ဂိုလ်များ အကြား၌သာ ဝေဖန်မှု မြင့်တက်ခဲ့သည်သာမက သံဃာတော်များကြားတွင်လည်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာများ ဖြစ်ခဲ့ကြသည်။“ဝိနည်းနဲ့ မညီဘူးပေါ့။ မပြောသင့်ဘူးပေါ့။ သံဃာတော်တွေ စောင့်ထိန်းရမယ့် သိက္ခာပုဒ် ၂၂၇ သွယ်ထဲမှာ သြမသဝါဒဆိုတဲ့ သိက္ခာပုဒ်နဲ့ ငြိသွားတာပေါ့။ အဲဒီ သိက္ခာပုဒ်မှာ ရဟန်းအချင်းချင်း ဆဲရေးတိုင်းထွာမှု ပြုလုပ်ရင် ပါစိတ်အာပတ်သင့်တယ်။ လူကိုဆဲရင်တော့ ဒုက္ကဋ်အာပတ်သင့်တယ်လို့ မြတ်စွာဘုရားက ဟောကြားထားတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဓမ္မစရိယတန်း အောင်မြင်ပြီးဖြစ်သည့် ရန်ကုန်မြို့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။ဝိနယပိဋကတ်၊ ပါစိတ်ပါဠိတော်၊ သုဒ္ဓပါစိတ်၊ မုသာဝါဒဝဂ်၌ ပါဝင်ခဲ့သော သြမသဝါဒ သိက္ခာပုဒ်သည် ဗုဒ္ခဘုရားရှင် ကိုယ်တော်တိုင် ပုံဝတ္ထုဖြင့် မိန့်ကြားပြီး “မလုပ်ရ” ဟူ၍ တားမြစ်ခဲ့သော သိက္ခာပုဒ်တစ်ပါး ဖြစ်သည်။ထိုတားမြစ်ချက်အရ ရဟန်းတော်များ အနေဖြင့် အမျိုးအားဖြင့် ဆဲရေးခြင်း၊ အမည်အားဖြင့် ဆဲရေးခြင်း၊ အနွယ်မည်အားဖြင့် ဆဲရေးခြင်း၊ အလုပ်အားဖြင့် ဆဲရေးခြင်း၊ အတတ်အားဖြင့် ဆဲရေးခြင်း၊ အနာအားဖြင့် ဆဲရေးခြင်း၊ အသွင်သဏ္ဌာန်အားဖြင့် ဆဲရေးခြင်း၊ ကိလေသာအားဖြင့် ဆဲရေးခြင်း၊ အာပတ်အားဖြင့် ဆဲရေးခြင်း၊ ယောကျ်ားမိန်းမအားဖြင့် ဆဲရေးခြင်း အစရှိသော ဆဲရေးခြင်း ဆယ်မျိုးကို မပြုအပ်ကြောင်း သိရသည်။“အခု သူ့လုပ်ရပ်တွေ အတော်များများက အားလုံးကို အကြည်ညိုပျက်စေတဲ့ အခြေအနေ ရောက်ကုန်ပြီ။ ဆဲဆိုတာဟာ ပါစိတ်အာပတ်သင့်စေတယ်” ဟု မြဝတီဆရာတော် အရှင်အရိယဝံသာဘိဝံသက မိန့်ကြားသည်။ထို့ပြင် ထိုလုပ်ရပ်အပေါ် ပကာသနိယကံပြု၍ လုပ်ဆောင်ခြင်းဖြင့် သာသနာတော်အတွက် ဂုဏ်သိက္ခာ ပြန်ရနိုင်မည်ဟု မြဝတီဆရာတော်က ဆက်လက်မိန့်ကြားသည်။“သူ့ရဲ့ ကာယကံ၊ ဝစီကံ ပြုမူပြောဆိုမှုသည် သံဃာနှင့်မဆိုင်၊ သာသနာနှင့်မဆိုင်၊ သာသနာသည်လည်း သူနှင့်မဆိုင်၊ သံဃာသည်လည်း သူနှင့်မဆိုင်၊ သူ့လုပ်ရပ်သည် သူ့လုပ်ရပ်သာဖြစ်သည်လို့ ကြေညာရမှာက ပကာသနိယကံပြုတယ်လို့ ခေါ်တာပေါ့။ ဘုရင်းရှင် လက်ထက်က ဒီလိုအခြေအနေ ဖြစ်ခဲ့ဖူးတယ်။ ဒေဝဒတ်က သူကိုယ်တိုင် ဘုရားဖြစ်ချင်တော့ အဇာတသတ်ကိုမြှောက်ပြီး နန်းတွင်းရေးမှာ ဝင်ရှုပ်တဲ့ အခါကျတော့ ခမည်းတော် ဗိမ္မိသာရမင်းကြီးကို သတ်အောင် သူလုပ်တာပဲ။ မင်းသားက ၁၆ နှစ်ဆိုတော့ နားမလည်၊ သူခိုင်းတဲ့အတိုင်းလုပ်၊ လုပ်တော့ ဘုရင်ကိုသတ်၊ ပြည်သူက မကျေမနပ် ဖြစ်ကုန်တာပေါ့။ ဒါတွေကို မြင်တော့ ဒေဝဒတ်ရဲ့ လုပ်ရပ်သည် သာသနာနှင့် မဆိုင်၊ သာသနာသည် ဒေဝဒတ်နဲ့ မပတ်သက်ဆိုပြီးတော့ ကြေညာရတာ။ အဲဒါကို ကံပြုတယ်လို့ ခေါ်တယ်။ သပိတ်မှောက်ကံ တစ်ခုလို ပြုရတာ။ ဒီလိုပြုနိုင်မှ သာသနာအတွက် ဂုဏ်သိက္ခာရမှာ။ အခုဟာက သာသနာမှာ အရမ်း ထိခိုက်ကုန်ပြီ” ဟု မြဝတီဆရာတော် အရှင်အရိယာဝံသာဘိဝံသက မိန့်ကြားခဲ့ပါသည်။ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သော မြန်မာနိုင်ငံအတွက် ဗုဒ္ဓဘုရားရှင်၏ တရားတော်များအတိုင်း အတိအကျ လိုက်နာရေးမှာ သာသနာ အရှည်တည်တံ့စေရေးအတွက် အရေးကြီးဆုံးအချက် ဖြစ်သည်။ထို့အပြင် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်းမှုများသည် မြန်မာနိုင်ငံက ယုံကြည်ကိုးကွယ်နေသည့် ထေရဝါဒ ဗုဒ္ဓဘာသာကို အထင်သေးစေသည့်အမြင် ဖြစ်သွားနိုင်ကြောင်း ရွှေညဝါဆရာတော် အရှင်ပညာသီဟက မိန့်ဆိုသည်။“ဘုန်းကြီးဆိုတာ ဒေါသထွက်တာတောင် တော်တော်လွန်နေပြီ။ ဆဲဆိုတယ်ဆိုတော့ ဘယ်အဆင်ပြေတော့မလဲ။ လူကို ဖြစ်ဖြစ်၊ ဘုန်းကြီးကို ဖြစ်ဖြစ် ဆဲဆိုတယ်ဆိုတာ မလုပ်ရဘူး။ နောက်ပြီး ကိုယ့်ကို ဘယ်လောက် ဝေဖန်၊ ဝေဖန်၊ တန်ပြန်တုံ့ပြန်တာမျိုးတွေ ဘုန်းကြီးက မလုပ်ရဘူး” ဟု ရွှေညဝါဆရာတော်က မိန့်ကြားသည်။လူအများ မြင်ကွင်းတွင် ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့သည့် အရှင်ဝီရသူကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာအပေါ် အထင်အမြင်သေးမှုများ ဖြစ်ပေါ်စေခဲ့သည့်အပြင် သာသနာညှိုးနွမ်းမှုလည်း ဖြစ်စေခဲ့သည်။  ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်က ထုတ်ဝေခဲ့သော တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံး၌ အရှင်ဝီရသူ၏ ဓာတ်ပုံကို ဖော်ပြခဲ့ကာ “The Face of Buddhist Terror” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ဖူးသည်။ ထိုသို့ ဖော်ပြစဉ်က အရှင်ဝီရသူဘက်မှ ခံပြင်းစွာဖြင့် တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းများ၊ ဗုဒ္ဓ၏ အဆုံးအမ၊ လမ်းစဉ်သည် အကြမ်းဖက် အစွန်းရောက်ခြင်း မဟုတ်ဘဲ အရှင်ဝီရသူလည်း အကြမ်းဖက် အစွန်းရောက်သူ မဟုတ်ကြောင်း တုံ့ပြန်ပြောကြားမှုများ ရှိခဲ့သည်။သို့သော် လက်ရှိအချိန်၌ အရှင်ဝီရသူ မိန့်ကြားခဲ့သော ဆဲဆိုကြိမ်းမောင်း စကားများ ထွက်ပေါ်အပြီးတွင် အရှင်ဝီရသူဘက်မှ ရပ်တည်ခဲ့သူများကိုယ်တိုင် လက်မခံနိုင်ဘဲ ဖြစ်ခဲ့ကြရသည်။
အရှင်ဝီရသူ၏ ရပ်တည်မှုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့သော သံဃာတော်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သော သံဃာတော်များ၏ ရပ်တည်ချက်နှင့် များစွာ ကွဲပြားခြားနားမှုရှိကြောင်း . . . . .

အထူးသဖြင့် ရဟန်းသံဃာများ အနေဖြင့် သိက္ခာပုဒ် ၂၂၇ သွယ်အတိုင်း လိုက်နာမှု အားနည်းလာခြင်း၊ ရဟန်းကိစ္စ ရဟန်းမဆောင်ရွက်ဘဲ လူပုဂ္ဂိုလ် အရေးကိစ္စများ လုပ်ဆောင်လာကြခြင်း၊ လောကီရေးရာများတွင် ပါဝင်မှု ပိုလာခြင်း၊ ပကာသန၊ ငွေကြေးများအပြင် ကားစီးမှု အခြေအနေများတွင်ပါ ပြိုင်ဆိုင်မှုများ ရှိလာခြင်းက သာသနာတော် ညှိုးနွမ်းပျက်စီးစေသည့် အခြေအနေ ဖြစ်လာပြီး ထေရဝါဒ ဗုဒ္ဓဘာသာကိုလည်း ဝေဖန်ပုတ်ခတ်သူများ ရှိလာစေကြောင်း ပြောဆိုမှုများ ရှိလာခဲ့သည်။လက်ရှိအချိန်တွင်မူ မစိုးရိမ်တိုက်သစ် နာယကဆရာတော် အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်းမှုကို ရဟန်းတော် အများအပြားကလည်း လက်သင့်ခံခြင်း မရှိသည့် နည်းတူ လူပုဂ္ဂိုလ် အများစုကလည်း လက်ခံနိုင်စွမ်း မရှိဟု ပြောဆိုကြသည်။“ဆဲတယ်ဆိုတာ လူတွေတောင် မလုပ်သင့်တဲ့ အရာပေါ့ဗျာ။ အဲဒီလို အလုပ်မျိုး ဘုန်းကြီးက လုပ်တယ်ဆိုတော့ ဘယ်ကြားကောင်းမလဲ။ အကုသိုလ် ဖြစ်စေတာပေါ့။ ဝိနည်းတွေ ခဏဖယ်ထား။ လူတောင်မလုပ်သင့်တဲ့ ဝဇီ ဒုစရိုက်ပါ” ဟု မြောင်းမြမြို့မှ ကျူရှင်ဆရာ ကိုသက်က ဆိုသည်။“ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး အနေနဲ့ ဒီလိုတော့ မဆဲသင့်ဘူးပေါ့။ ဘုရားက သစ္စာလေးပါး၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာကို ဟောခဲ့တာလေ။ ဆဲဆိုတာက တရားနဲ့ လွဲချော်နေတာပေါ့။ ကမ္ဘာကလည်း ဗုဒ္ဓဘာသာအပေါ် အမြင်လွဲနိုင်တယ်” ဟု လယ်သမားအရေး ဆောင်ရွက်နေသူ ကိုဇော်ရမ်းက ပြောကြားသည်။မစိုးရိမ်တိုက်သစ် နာယကဆရာတော် အရှင်ဝီရသူသည် ၁၉၆၈ ခုနှစ်တွင် ဖွားမြင်ခဲ့သူ တစ်ဦးဖြစ်ပြီး မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ဇာတိဖြစ်သည်။ အသက် ၁၄ နှစ် အရွယ်တွင် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ စတင်ပြီး အမျိုးသားရေးတရားများ စတင်ဟောကြားကာ ၂၀၀၃ ခုနှစ် အောက်တိုဘာလအတွင်းက ကျောက်ဆည်မြို့၌ အရှင်ဝီရသူ၏ တရားပွဲတစ်ပွဲ ပြုလုပ်ခဲ့ပြီး တရားပွဲအပြီး၌ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်း အရှင်ဝီရသူကို ဖမ်းဆီးခဲ့ကာ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားစေသော စာရွက်စာတမ်းများ ဖြန့်ချိမှုအပြင် အခြားအမှုများဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီး ၂၀၁၁ ခုနှစ်အတွင်း အရှင်ဝီရသူ၏ ဟောကြားချက်များ အင်တာနက် စာမျက်နှာပေါ်၌ ပျံ့နှံ့လာခဲ့သည်။ထိုအချိန်နောက်ပိုင်း အရှင်ဝီရသူ၏ ဟောကြားချက်များ ပိုမိုပျံ့နှံ့လာခဲ့ကာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် အပြင်းထန်ဆုံး ဖြစ်လာသည်။ ၉၆၉ လှုပ်ရှားမှု ခေါင်းဆောင်ဆရာတော်အဖြစ် လူသိများ ထင်ရှားလာသည့်အပြင် အရှင်ဝီရသူ၏ တရားပွဲများက ဗုဒ္ဓဘာသာဝင်များကို သွေးဆူစေသော ဖြစ်ရပ်များ ပေါ်ပေါက်စေသည်ဟူသော စွပ်စွဲမှုများ ရှိလာခဲ့သည်။အမျိုးသားရေး ခေါင်းစဉ်ဖြင့် ဟောကြားမှုများ ပြုလုပ်လာခဲ့သော အရှင်ဝီရသူ၏ ရပ်တည်မှုသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့သော သံဃာတော်များ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်သော သံဃာတော်များ၏ ရပ်တည်ချက်နှင့် များစွာ ကွဲပြားခြားနားမှုရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။လက်ရှိအချိန်တွင် ၉၆၉ လှုပ်ရှားမှုများ နေရာ၌ အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ကိစ္စရပ်က ပိုမိုနေရာယူလာခဲ့ပြီး အဆိုပါ အမျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး တိုက်တွန်းချက်များနှင့် စပ်လျဉ်းသော အဆိုပြုချက်များကို အရှင်ဝီရသူက၂၀၁၂ ခုနှစ်နောက်ပိုင်း ပိုမိုပြုလုပ်ခဲ့သည်။အမျိုးစောင့်ဥပဒေများ ပေါ်ထွက်ရေးအတွက် ၂၀၁၃ ခုနှစ် ဇွန်က ဖွဲ့စည်းခဲ့သော အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို စတင်ခဲ့သူ ဦးဆောင်ဆရာတော်များထဲတွင်လည်း အရှင်ဝီရသူ ပါဝင်ခဲ့ကာ လက်ရှိအချိန်တွင်လည်း ထိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး၊ အထက်မြန်မာနိုင်ငံ တာဝန်ခံအဖြစ် ဆောင်ရွက်ကာ အဖွဲ့၌ ဓမ္မကထိကနှင့် ကမ္မာဋ္ဌာနာစရိယ ဆရာတော်များ ပါဝင်စေရန် တာဝန်ယူ နှိုးဆော်စည်းရုံးရေး ဆရာတော်တစ်ပါး ဖြစ်သည်။  မကြာသေးမီ အချိန်များကလည်း အရှင်ဝီရသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၊ ယခင်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်တို့နှင့် လျို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့နှင့် ရင်းနှီးမှုရှိသူ အဖြစ်လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့သော ဆန္ဒပြ ကန့်ကွက်ပွဲတွင် အရှင်ဝီရသူသည် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန်လိုသည့် အရေးနှင့် ပတ်သက်၍ ဆဲဆိုကြိမ်းမောင်း ပြောဆိုရာ၌ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကိုသာ မကဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ရည်ညွှန်းပြောဆိုသည့် အဓိပ္ပာယ် ရည်ရွယ်ချက်များ ပါဝင်နေသည်ဆိုသော သုံးသပ်မှုများလည်း ရှိသည်။အရှင်ဝီရသူ၏ ဆဲဆိုကြိမ်းမောင်းမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းအရေးယူမှု ပြုလုပ်ရန် အစီအစဉ် ရှိမရှိ အခြေအနေအတွက် သာသာနာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ သာသနာရေးဦးစီးဌာန သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က သံဃာတော်များ သိက္ခာပုဒ် ဖောက်ဖျက်မှုများအပေါ် တိုင်ကြားလာမှသာ စစ်ဆေးအရေးယူနိုင်ကြောင်းနှင့် တစ်ပါးသူ၏ ပြောစကားကို ကြားသိရုံဖြင့် အရေးယူ၍ မရနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

Most Read

Most Recent