ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး စီမံဆောင်ရွက်နိုင်ရန်လိုမည်ဟု လွှတ်တော်သို့သမ္မတအကြောင်းပြန်

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသည် ကောင်းမွန်သောလုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး စီမံဆောင်ရွက်နိုင်ရန်လိုမည်ဟု လွှတ်တော်သို့သမ္မတအကြောင်းပြန်
Published 19 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ ကောင်းမွန်သောလုပ်ငန်းတစ်ရပ်ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး စီမံဆောင်ရွက်နိုင်ရန်လိုမည်ဟု နိုင်ငံတော်သမ္မတက လွှတ်တော်သို့အကြောင်းပြန်ကြားခဲ့သည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းတင်သွင်းသည့် "ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာတွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်ကတိုက်တွန်းကြောင်း" အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတထံသို့ သုံးသပ်ဆောင်ရွက်နိုင်ရန်ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ယခုကဲ့သို့ လွှတ်တော်သို့ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် "မိမိဦးဆောင်သောအစိုးရအဖွဲ့သည် နိုင်ငံတော်အုပ်ချုပ်ရေးအား တာဝန်ယူသည့်အချိန်မှစတင်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဆင့်ဆင့်သောပြုပြင်ပြောင်းလဲမှုများကို စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိစေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံ၍ နိုင်ငံသားအားလုံးအခွင့်အရေးညီမျှစွာ ရရှိစေရေးတို့အတွက် တွေ့ဆုံဆွေးနွေးရေးမူကို အလေးထားကျင့်သုံးပါသည်" ဟုပါရှိသည်။တွေ့ဆုံဆွေးနွေးရန်ရည်ရွယ်သည့်အကြောင်းအရာများအနက် "ခေတ်စနစ်၊ အချိန်အခါ အခြေအနေနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး" ကိစ္စနှင့်စပ်လျဉ်း၍ မည်သည့်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမဆိုခေတ်စနစ်၊ အချိန်အခါအခြေအနေနှင့် ရာနှုန်းပြည့် ညီညွတ်သောဖွဲ့စည်းပုံအခြေခံဥပဒေဟုမဆိုနိုင်သကဲ့သို့ မိမိတို့နိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ရာနှုန်းပြည့်ညီညွတ်သောဖွဲ့စည်းပုံအခြေခံဥပဒေဟု မဆိုနိုင်ကြောင်း၊ သို့ရာတွင် ခေတ်စနစ်၊ အချိန်အခါအခြေအနေနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ်ရပ်တည်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်အရှိဆုံးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ တွင် ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့ဖြင့် လိုအပ်ချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးဆောင်ရွက်ပုံနည်းလမ်းများဖြင့် ပြည့်စုံရှင်းလင်းစွာပြဋ္ဌာန်းထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းထားသည့် နည်းလမ်းများနှင့်အညီဆောင်ရွက်ပါက နိုင်ငံတော်သမ္မတအနေဖြင့် လွှတ်တော်၏ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်သွားရန်အသင့်ရှိကြောင်း၊ ထိုလုပ်ထုံးလုပ်နည်းများကိုကျော်လွန်၍လုပ်ဆောင်ပါက တရားဥပဒေစိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်သကဲ့သို့ဖြစ်နိုင်သည်ကိုသတိပြုရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကအကြောင်းပြန်ခဲ့သည်။ဒုတိယဆွေးနွေးရန်ရည်ရွယ်သည့် "ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန်" ကိစ္စသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးနှင့်လည်းသက်ဆိုင်၍ ကြီးမားကျယ်ပြန့်သည့်ကိစ္စဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျိုးသက်ရောက်မှုရှိသည့်ကိစ္စရပ်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ တာဝန်ရှိသူများသာမက ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်ရေး လိုအပ်မည်ဟုအကြံပြုလိုကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ သဘောထားထုတ်ဖော်ထားရှိမှုများကိုလည်းကောင်း၊ ကျန်တိုင်းရင်းသားများ၏ သဘောထားများကိုလည်းကောင်း အလေးထားထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင်ထည့်သွင်းပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတဦးဆောင်၍ ခြောက်ဦးတွေ့ဆုံဆွေးနွေးရန်တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန်သောလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သို့ရာတွင် တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများကလက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး၊ အလားတူ ယင်းတို့၏လိုလားတောင့်တချက်များပါရှိစေမည့် မူဘောင်များ ကြိုတင်ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို၍ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါကြောင်း၊ သို့ပါ၍ အဆိုပါတွေ့ဆုံဆွေးနွေးပွဲအား မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်ဖြစ်ကြောင်း သမ္မတကအကြောင်းပြန်ခဲ့သည်။၎င်းပန်ကြားချက်နှင့်ပတ်သက်၍ ထိပ်သီးခြောက်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဒေါက်တာအေးမောင်က နိုင်ငံတော်သမ္မတသည် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို မူအားဖြင့် သဘောတူသည်ဟုယူဆနိုင်ပြီး ပါဝင်ရမည့်ပုဂ္ဂိုလ်အရေအတွက်နှင့် အသေးစိတ်အစီအစဉ်ကို လွှတ်တော်မှထပ်မံအကြောင်းပြန်ပေးရန် သဝဏ်လွှာပေးပို့ခြင်းဟုယူဆနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ဗန်းပြဆွေးနွေးပွဲများမလိုချင်ကြောင်းနှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။ 

Most Read

Most Recent