ကိုရင်လေး ရှင်ဥတ္တမသာရ၏ မိဘနှစ်ပါးနှင့် တွေ့ဆုံခြင်း

ကိုရင်လေး ရှင်ဥတ္တမသာရ၏ မိဘနှစ်ပါးနှင့် တွေ့ဆုံခြင်း
Published 23 October 2023

“ကိုယ်ချစ်တာထက်ကိုပိုပြီး သူတို့တွေက ဝိုင်းချစ်နေကြသလို ကိုယ့်ရင်ထဲမှာ ခံစားရတယ်။ တချို့ ဘွားဘွားကြီးတွေဆိုရင် သေချာ မျက်နှာလေးကိုကြည့်ပြီးတော့ကို ချစ်နေကြတာ။ အဲဒါလေးကိုကြည့်ပြီး ကိုယ်က ပီတိဖြစ်ရပါတယ်”

ငယ်ငယ်ရွယ်ရွယ်ဖြင့် တရားဟောကောင်းပြီး ချစ်စရာသွင်ပြင်ကြောင့် လူမှုကွန်ရက်တွင် ထင်ရှားနေသည့် အရပ် သုံးပေတစ်လက်မသာရှိသော ကိုရင်လေးရှင်ဥတ္တမသာရ၏ မိဘနှစ်ပါးဖြစ်သူ ဦးအောင်မင်းလှိုင်နှင့် ဒေါ်စန်းစန်းတို့အား ကိုရင်လေးနှင့်ပတ်သက်သော အကြောင်းအရာများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လသာကျေးရွာတွင် သွားရောက်တွေ့ဆုံမေးမြန်းထားပြီး ၎င်းတို့ပြောပြသော ကိုရင်လေး၏အကြောင်းအရာများကို ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

မေး - ကိုရင်လေးကို မွေးဖွားတုန်းက အခြေအနေလေးကို ပြောပြပေးပါဦး ခင်ဗျ။

ဖြေ - မွေးတုန်းက အရမ်းမသေးဘူး။ ပေါင်ပြည့်ပြည့်လေးပဲမွေးတယ်။ ဒါပေမဲ့ ကလေးက ခြေဖွားဆိုတော့ မွေးတဲ့အချိန်မှာပေ့ါနော် ခေါင်းမှာ ကြာနေတာပေါ့။ ခေါင်းက မထွက်ဘူးပေါ့ တော်တော်နဲ့။ ခေါင်းမှာ တစ်ပြီးတော့ ကြာနေတာ။ အဲဒါ အပြင်ရောက်တော့ ကလေးက အသက်မရှိဘူးပေ့ါနော်။ ပြာနှမ်းပြီး တော့ ကလေးက လုံးဝအသက်မရှိဘူး။ အဲဒါတော်တော်ကြာတယ်။

သူ့အဖေကလည်း ဂုဏ်တော်တွေ ရွတ်တယ်။ ကျွန်မကျတော့လည်း အင်္ဂုလိမာလသုတ်ကို စပြီးတော့ ကလေးလေးယောက်မွေးတယ် အကုန်လုံး ယုံယုံကြည်ကြည်နဲ့ ဒါကိုပဲ အားကိုးတယ်ပေါ့နော်။ ဖအေကလည်း ဂုဏ်တော်ဒါပဲ။ အဖေက ကလေးမွေးရင် အမြဲတမ်း အပေါ်က နေပြီးတော့ တောမှာဆိုတော့ တွန်းပေးတာပေါ့။ အဲဒီလိုမျိုးတွေ လုပ်ပေးတာပေ့ါ။ တော်တော်ကြီး ကြာတော့မှ အသက်ပြန်ရှူတယ်ပေ့ါ။ အဲဒါလေး ထူးခြားချက်ပေါ့နော်။

မေး - ကိုရင်လေးက ပုံမှန်ကလေးတွေ ထက်စာရင် နည်းနည်းသေး တယ်နော်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦးဗျ။

ဖြေ - သူကတော့ ခုနကလို မွေးတုန်းကတော့ ပေါင်ပြည့်ပြည့်ပဲ။ ပေါင် ပြည့်ပြည့်ဆိုပေမဲ့ သူလေးနှစ် ငါးနှစ်လောက်မှာ ကြီးနှုန်းက တန့်သွားသလို ပုံစံမျိုး။ အခုပုံစံမျိုးလောက်ကနေ တန့်သွားသလို တန့်နေတာ ပေါ့။ ကျန်းမာရေးကလည်း ကောင်းတယ်လေ။ ကောင်းတော့ ဘာမှ မဖြစ်ဘူးဆိုတော့လည်း ဆေးရုံဆေးခန်းလည်း မသွားရဘူး။ ဆေးလည်း မထိုးရဘူး။

သူဖျားလို့ ဆိုရင်တော့ ကိုယ် လေးဘာလေး ပူတယ်။ ပူရင် ကျွန်တော်တို့ ရုပ်ရွှင်ဆေးပဲတိုက်လိုက် ရတာ။ အခုထက်အထိ အဲဒီဆေးပဲ သူကသောက်တာ။ ဆေးရုံဆေးခန်းတွေ တစ်ခါမှ မသွားဖူးဘူး။ အဲဒီလိုမျိုးပေ့ါ။ အသက်က ၁၃ နှစ်ကျော် သွားပြီ။ အရပ်က သုံးပေနဲ့ တစ်လက်မ။ အရပ်က တက်မလာတာ ကြာပြီ။ လေးငါးခြောက်နှစ်လောက်ကို ဖြစ်နေပြီ။ ဒီအရွယ်ကနေ အပေါ်ကို မတက်တော့တာ ကြာသွားပြီ။ အဲဒီ အရွယ်မှာ တန့်နေတဲ့ ပုံစံမျိုးဖြစ်သွားတာ။

မေး - ကိုရင်လေး ငယ်ငယ်က သာသနာ့ဘောင်ဝင်ဖို့အကြောင်း ပြောဖူးတာရှိလားဗျ။ ကိုရင်ဝတ် ဖြစ်ပုံလေးလည်း ပြောပြပေးပါဦး။

ဖြေ - ငယ်ငယ်လေးကတည်းက သူကလူကောင်သေးတော့ပေ့ါနော် သူ့ကိုစကြ နောက်ကြတာပေ့ါ။ မဟုတ်ဘူး သူက ငါကြီးလာရင် ဘုန်းကြီးဝတ်မှာ။ ကြီးလာရင် ဘုန်းကြီးဝတ်မှာ အဲဒီလိုပဲပြော တာပေ့ါနော်။ ကလေးဘဝဆိုတော့ သူ ငါးတန်းအထိ တက်ခဲ့ဖူးတယ်။ ကလေးဘဝဆိုတော့ ဟိုမိန်းကလေး နဲ့စလိုက် ဒီမိန်းကလေးနဲ့စလိုက် အဲဒီလိုမျိုးဆို သူမကြိုက်ဘူး။  သူ အရမ်းစိတ်ဆိုးတယ် အဲဒါမျိုးဆို။ သူကကြီးလာရင် ဘုန်းကြီးပဲဝတ်မှာ သူကအဲဒီလိုမျိုးပြောတာပေ့ါ။ ငယ်ငယ်ကတည်းက ဘုန်းကြီးဝတ်မယ် ဘုန်းကြီးဝတ်မယ်ကတော့ အမြဲတမ်းပြောတယ်။

သုံးတန်းလေးတန်းပေါ့။ အဲဒီလို ငယ်ငယ်လေးကတည်းကပဲပေ့ါ   သူစကားပြောတတ်တယ်ဟေ့ဆိုရင်ပဲ ဘုန်းကြီးဝတ်မှာ။ သားဘုန်းကြီးဝတ်မှာ။ အဲဒီအတိုင်းပဲ သူက ပြောတယ်။ ကိုယ်တွေ ဥပုသ်စောင့်ရင်လည်း သူ့ကိုခေါ်တယ်လေ ကျောင်းက။ ကိုယ်တွေဥပုသ်စောင့် ရင် အမြဲပါတယ်သူက။ အဲဒီလိုမျိုး ငယ်ငယ်လေးကတည်းက ဘာသာရေးကို သူလိုက်စားတယ်ပေါ့။

ကျောင်းသားဘဝမှာ အရင်လာထားသေးတယ်။ ကိုဗစ်တွေ ဖြစ်တော့ ကျောင်းပိတ်ရတော့ နားတာပေ့ါ။ သူက ငါးတန်း။ ကျောင်းလည်း မတက်ရ။ မတက်ရတော့ အိမ်မှာလည်း နားနေမယ့်အတူတူ ဆိုပြီးတော့ ဒီမှာ စာသင်တာပေ့ါ ဘုန်းကြီးစာ။ လောကနီတိတို့ သင်ပေးမယ်ဟေ့ဆိုပြီး လောကနီတိစာကို ပါဠိရယ် အနက်ရယ်။ တစ်ပုဒ် ပြီးသွားရင် သားအဖေ့ကို ပြန်။ အဲဒီ အတိုင်းပြောတော့ သူက အဲဒီစာကို ကျက်လိုက်တယ်ဟေ့ဆိုရင်က ရသွားပြီတဲ့။ ဟာ ဟုတ်လို့လားကွာ မင်း ရသွားပြီတဲ့။ ဟုတ်တယ်တဲ့ ပြန်တော့ ရတယ်။ သူကဘယ်လိုလဲဆိုတော့ သူ့ရဲ့ထူးခြားချက်ပေ့ါ  ထူးခြားချက်ဆိုတာက ဒီစာတွေက  သူက ရပြီးသားစာတွေကို ကြည့်လိုက်သလို ပုံစံမျိုးလို ထူးခြားတာ။ အဲဒီစာတွေ ကျက်ပြီးတော့ စာတွေကလည်း မမေ့ဘူးသူက။ အပုဒ် ၂၀ လောက် သင်ပြီးတော့မှ ဘုန်းကြီးကျောင်းကို ပို့တာ။

ဘုန်းကြီးကျောင်းကိုပို့တော့ ဘုန်းကြီးကို အပ်ပြီးတော့ ပထမ စာလေးသင်ခိုင်းထားတာပေါ့။ နောက်ဘုရားပွဲကျမှ ကိုရင်ဝတ်တာပေ့ါ။ ရှင်ပြုတာက နှစ်ခါရှိ သွားပြီ။ ဒီတစ်ခါနဲ့ဆို သုံးခါပေ့ါ ဘိတ်ဆုံးအခါပေါ့။ ရှင်ပြုရင် လူကောင်ထွားတယ်ဆိုလို့ ရှင်ကို တစ်နှစ်တစ်ခါ ပြုတာ။ အဲဒီလိုမျိုးပြုပြီးတော့ ဒါဘိတ်ဆုံးအခါကျမှ သူကိုယ်ရင် မထွက်တော့ဘဲနဲ့ သူနေတာပေ့ါ။ မထွက်တော့ဘူးတဲ့။ အဲဒီလိုမျိုးပဲ ပြောတာ။

မေး - မိဘတွေအနေနဲ့ရော ကိုရင်လေးကို ဘယ်လိုဖြစ်စေချင်လဲခင်ဗျ။ အကယ်၍ လူထွက်မယ်ဆိုတဲ့အခြေအနေတွေ ကြုံလာခဲ့ရင်ရောပေါ့။

ဖြေ - ဘယ်ထွက်စေချင်မှာလဲ။ ဒီနေရာလေးက အေးအေးချမ်းချမ်းနဲ့ သူနေရတယ်လေ။ ကလေးအရွယ်ဆိုတော့ အခုလိုမျိုးလေး သာသနာ့ဘောင်မှာ ကိုယ်တွေကတော့ ဗုဒ္ဓဘာသာဆိုတော့ ဒီဘာသာရေးကိုပဲ ဦးစားပေးတာပေ့ါနော်။ အခုလိုမျိုး နေတာကို ကိုယ်တွေက အရမ်း ဝမ်းသာတယ်ပေ့ါ။ ကိုယ့်သားလေး ကို ကိုယ်ပြန်ပြီးတော့ ရှိခိုးရတာ ဒါ ကိုယ်လည်း ပီတိဖြစ်တာပေ့ါနော်။ ဒါ ကိုယ့်သားရယ် မဟုတ်ဘူးလေ။ ဒါဘုရားရဲ့သားတော် ဒီလိုမျိုးပဲ ကိုယ်က ရည်မှန်းပြီးတော့ ကန်တော့ပေါ့။ ပိုပြီးတော့ ဂုဏ်ယူတာပေ့ါ ရှိခိုးရတယ်ဆိုတော့။

မေး - အခုဆိုရင် ကိုရင်လေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာရော အပြင်မှာရော ဝိုင်းပြီး ချစ်ကြတာ တွေ့ရတယ်။ ဒီအပေါ်မှာ မိဘတွေ အနေနဲ့ ဘယ်လိုခံစားရလဲဗျ။

ဖြေ - ကိုယ်ချစ်တာထက်ကို ပိုပြီး သူတို့တွေက ဝိုင်းချစ်နေကြသလို ကိုယ့်ရင်ထဲမှာ ခံစားရတယ်။ တချို့ ဘွားဘွားကြီးတွေဆိုရင် သေချာ မျက်နှာလေးကို ကြည့်ပြီးတော့ကို ချစ်နေကြတာ။ အဲဒါလေးကို ကြည့်ပြီး ကိုယ်က ပီတိဖြစ်ရပါတယ်ပေါ့နော်။ 

ပီတိကတော့ အတိုင်းထက် အလွန်ပေ့ါ။ ဘေးပတ်ဝန်းကျင်ကတောင် ဒီလောက်ချစ်တယ်ဆိုရင်တော့ မိဘနေရာမှာကတော့ ကိုယ် ချစ်တာထက်ကို အခုအကုန်လုံးက ဝိုင်းပြီးချစ်နေကြတော့ ပိုပြီးတော့ ပီတိဖြစ်ရပါတယ်။

မေး - ဒီမှာရှိတဲ့ ကျောင်းကြီးကိုပြီးအောင် ဆောက်မယ်လို့ ကိုရင်လေးက ပြောတာရှိတယ် အဲဒါလေး ပြောပြပေးပါဦးဗျ။

ဖြေ - လုပ်သွားဦးမယ်တဲ့။ သူပထမတည်းက ကျောင်းကြီးအတွက် ကျောင်းကြီးအတွက်။ သူနည်းနည်း တရားလေးဘာလေး ဟောရင် နည်းနည်း ပိုက်ဆံရတယ်လေ။ ကျောင်းကြီးဆောက်မှာ ကျောင်းကြီးအတွက် သူအစကတည်းက လုပ်နေတာ။ ဒီတရားမဟောခင်ကတည်းက ဟိုနားဒီနား ဘယ်သူပဲ မုန့်ဖိုးပေးပေး ပေးတဲ့ဟာကို သူက စုဘူးထဲထည့်တယ်။ စုဘူးထဲထည့် ပြီးတော့ကို  ဒီကျောင်းကြီးအတွက် ပဲ။ သူကျောင်းဆောက်မှာ အဲဒီလိုပဲ ပြောတာ။ ရွာထဲမှာ သွားလို့လာလို့ တွေ့တဲ့သူက မုန့်ဖိုးပေးပေးတဲ့ဟာကို အကုန်စုတာ။ မုန့်တွေဘာတွေလည်း မစားဘူး။ အစားအသောက်ကလည်း နည်းတယ်လေ။

မေး- ကိုရင်လေးက အခုလိုသာသနာ့ဘောင်ကို ဝင်ရောက်မယ်လို့ ထင်မိသလားခင်ဗျ။

ဖြေ- အစကတည်းက ကိုယ်တော့ ဒီလိုတော့ မထင်မိဘူးပေ့ါ။ နောက်ပိုင်းကျတော့မှ သူက ကြီးလာရင် ဘုန်းကြီးဝတ်မှာ။ သူကြီးလာရင် ဘုန်းကြီးဝတ်မှာ ဒီလောက်ပဲ သူ ပြောတယ်။ ကိုယ်က အဲဒါလေးက အော် သူဒါကိုပဲ ၀ါသနာပါတယ် ဒါပဲသူလုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုပြီးတော့ ကိုယ်တွေကလည်း အနောက် ကနေပြီးတော့ အခုလိုမျိုး သူမထွက်တော့ ကိုယ်တွေလည်း ဒီအတိုင်းလေးပဲ ထားလိုက်တာပေ့ါနော်။

မေး- ကိုရင်လေးရဲ့ ကျန်းမာရေးအတွက်ကိုရော ဘာတွေ လုပ်ဆောင်နေပါသလဲခင်ဗျ။

ဖြေ- ယောက်ကော်ဆရာလေးကလေ ကလေးရဲ့ ခန္ဓာကိုယ်သေးတဲ့ဟာလေးကို ဆရာဝန်ကြီးနဲ့ သူစမ်းသပ်ပြီးတော့ လုပ်ပေးကြည့်ချင်တယ်ပေ့ါနော်။ ဘယ်လိုပုံစံဖြစ်လို့ ခန္ဓာကိုယ်က မဖွံ့ဖြိုးတာလဲ။ အဲဒါလေးကို သိရအောင်။ ဆရာဝန်နဲ့ သေချာစစ်လို့ရှိရင် ဘာလိုအပ်တယ် ဘာဖြစ်တယ် သိမယ်ပေ့ါ။ သိရင် နည်းနည်းဖြည့်ပြီး လုပ်လိုက်ရင် လိုအပ်တာ ဖြည့်မယ်ပေါ့နော်။စားတဲ့ အစားအစာပဲဖြစ်ဖြစ် ဆေးပဲဖြစ်ဖြစ် ပံ့ပိုးပေးနိုင်မယ်ပေါ့နော်။ လိုအပ်တာလေး ဖြည့်လို့ရအောင် ဆိုပြီး တော့ ဆရာလေးက ခေါ်တာ။

မေး- ကိုရင်လေးနဲ့ ပတ်သက်ပြီး သာသနာ့ဘောင်မှာ ဘယ်အထိ မျှော်မှန်းထားလဲ။ အခုကတော့ အ သက်ကလည်း ငယ်သေးတော့ သာသနာ့ဘောင်မှာ ကိုရင်လေးအတွက် ဘာတွေ ထပ်ပံ့ပိုးပေးဖို့ရှိမလဲ။

ဖြေ- စာတွေ အဆင့်ဆင့်သင်ပြီးတော့ပေ့ါ ဖြစ်စေချင်ပါတယ်။ ကိုယ်တွေလည်း အဲဒီအတိုင်း ပံ့ပိုးသွားမယ်ပေါ့။

အခုလည်း ဘုန်းဘုန်းကြီးက သင်ပေးတယ်။ အခုလည်းအငယ်တန်း သာမဏေတန်းကို သင်ထားတယ်။ စာမေးပွဲ သွားဖြေရတော့မှာ။ အငယ်တန်း အငယ်တန်းပြီးတော့ အလတ်တန်း အကြီးတန်း ဖြေဦးမှာပေါ့။ စာပေကတော့ သင်သွားမှာပါ။

မေး - ကျေးဇူးတင်ပါတယ်ဗျ။

Most Read

Most Recent