တရုတ်နိုင်ငံရဲ့ ကမ္ဘာကျော်လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခြင်း

တရုတ်နိုင်ငံရဲ့ ကမ္ဘာကျော်လက်ဖက်ရည်ဆိုင်သို့ သွားရောက်ခြင်း
Published 22 October 2023

တရုတ်နိုင်ငံကို သွားရောက်မယ်ဆိုရင် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို မဖြစ်မနေ သွားရောက်ဖို့ အကြံပြုချင်ပါတယ်။ အဲဒီ လက်ဖက်ရည်ဆိုင်ကတော့ ပေကျင်းမြို့ Qian men west street မှာရှိတဲ့ lao shae tea house ပဲဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်အချို့ လာရောက်လည်ပတ်ခဲ့တဲ့နေရာ တစ်ခုလည်းဖြစ်ပြီးတော့ ပေကျင်းမြို့ကို ရောက်ရင် သွားရောက်သင့်တဲ့နေရာတစ်ခု ထဲမှာ ပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လက်ဖက်ရည်ဆိုင်ကို ဘယ်သူတည်ထောင်ခဲ့တာလဲ

ပေကျင်းမြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင် က ဘာကြောင့်နာမည်ကြီးတာလဲ၊ ဘာကြောင့် ကမ္ဘာကျော်တာလဲဆိုတာကတော့ ဆိုင်ကိုတည်ထောင်ခဲ့သူရဲ့ နောက်ခံကြောင့် လည်းဖြစ်မယ်လို့ဆိုချင်ပါတယ်။

ဆိုင်ကို တည်ထောင်တဲ့သူကတော့ တရုတ်နာမည်ကြီး စာရေးဆရာကြီး Yin shengxi ပဲဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ်မှာ မွေးဖွားပြီး ၂၀၀၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့သူ ဟာ ပေကျင်းမြို့ရဲစံပြအလုပ်သမားတစ်ဦး လည်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ lao shae tea house ကိုစတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်မျိုးဆက်နှစ်ခုရဲ့ ပူးပေါင်းကြိုးပမ်းမှု အဖြစ် ရှေးဟောင်းလက်ဖက်ယဉ်ကျေးမှုကို ပြန်လည်အသက်သွင်းခဲ့တာလည်း ဖြစ်ပါ တယ်။ တရုတ်နာမည်ကြီး စာရေးဆရာကြီး Yin Shengxi ရေးသားခဲ့တဲ့ Tea House ဆိုတဲ့ပြဇာတ်ရှည်ကို စာရေးဆရာမြသန်းတင့်ကလည်း လက်ဖက်ရည်ဆိုင်ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ထုတ်ဝေခဲ့ပါတယ်။

ဘယ်လိုလက်ဖက်ရည်ဆိုင်လဲ

အဝင်ဝမှာတော့ တရုတ်ရိုးရာမီးပုံးနှစ်ခု၊ တရုတ်နဂါးနှစ်ကောင်နဲ့ ခြင်္သေ့ရုပ်နှစ်ရုပ် ကို ပြသထားတဲ့ လက်ဖက်ရည်ဆိုင်ကခေတ်အမြင်နဲ့ ကြည့်မယ်ဆို ထည်ဝါမှုမရှိပေမယ့် တရုတ်ရိုးရာတွေကို ကိုယ်စားပြုနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အဲ့ဒီကနေတစ်ဆင့် ဝင်လိုက်မယ်ဆိုရင် လက်ဖက်ရည်ပန်းကန်လုံးလေးတွေကိုတီးခတ်နေတဲ့ တရုတ်အမျိုးသမီးငယ်နဲ့ တရုတ် တူရိယာတစ်မျိုးကို တီးခတ်နေတဲ့ တရုတ် အမျိုးသားတစ်ဦးကို တွေ့ရပါတယ်။

အဲ့ဒီမြင်ကွင်းကို တွေ့မြင်ပြီးတာနဲ့ လှေ ကားအတိုင်း တက်သွားမယ်ဆိုရင် အတော် အတန်ကြီးမားတဲ့ တရုတ်ရေနွေးအိုးကြီးကို လည်း တွေ့ရပါလိမ့်မယ်။ အဲ့ဒါနဲ့ တဆက် တည်းမှာပဲ တရုတ်လူမျိုးတွေရဲ့ ရိုးရာဖြစ်တဲ့ လက်ဖက်ရည်နဲ့ဆိုင်တဲ့ပြခန်းငယ်လေးတွေ ကို တွေ့ရမှာပါ။ အဲ့ဒီပြခန်းထဲမှာတော့ တရုတ် ရိုးရာလက်ဖက်ရည်ဝိုင်းလေးတွေ၊ ရှေး ဟောင်းတရုတ်ရေနွေးအိုးနဲ့ ရေနွေးပန်းကန် လေးတွေကို အစီအရီပြသထားပါတယ်။ ထူး ခြားတာကတော့ တရုတ်ရိုးရာ လက်ဖက် ရည် ၀ိုင်းလေးတွေကို ပလာစတာလူရုပ်ပုံ လေးတွေနဲ့ သရုပ်ဖော်ထားတာပဲဖြစ်ပါ တယ်။

လှေကားထိပ်မှာတော့ တရုတ်နိုင်ငံရဲ့  နာမည်ကျော်လက်ဖက်ရည်ဆိုင်ကို တည် ထောင်ခဲ့တဲ့ တရုတ်နာမည်ကြီးစာရေးဆရာကြီး Yin shengxi ရဲ့ ခါးတပိုင်းကြေး ရုပ်ထု ကြီးကို ဝင်လာတဲ့သူတိုင်းက တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်း ဝတ်စုံကို ဝတ် ဆင်ထားပြီး မျက်မှန်တပ်ထားတဲ့ တရုတ်စာ ရေးဆရာကြီးရဲ့ ရုပ်ထုကတော့ လှေကား ထိပ်မှာ တည်ရှိပြီးတော့ ခင်မင်နှစ်လိုစွာ ပြုံး ပြနေတာပဲဖြစ်ပါတယ်။

အဲ့ဒီကနေ ဆက်သွားမယ်ဆိုရင်တော့ စတိတ်စင်တစ်ခုနဲ့ လက်ဖက်ရည်ဝိုင်းတွေကို တွေ့ရပါလိမ့်မယ်။ လက်ဖက်ရည်ဝိုင်းကို ဝင် ထိုင်လိုက်တယ်ဆိုရင်ပဲ တရုတ် အမျိုး သမီးနှစ်ဦးက ကြေးအိုးနဲ့ ပြုလုပ်ထားတဲ့ ရေ နွေးကရား၊ ကြွေနဲ့ ပြုလုပ်ထားတဲ့ ရေနွေးပန်း ကန်လေးတွေ လာချပေးပါတော့တယ်။ ရေ နွေးပန်းကန်ထဲမှာတော့ လက်ဖက်ခြောက်ရွက်တွေကို ထည့်ထားပြီးတော့ ရေနွေးက ရားထဲက ရေနွေးကို ကိုယ်သောက်ချင်တဲ့ ပမာဏကို ငှဲ့ထည့်ရပါတယ်။ လက်ဖက် ခြောက်ထည့်ထားတဲ့ ရေနွေးပန်းကန်ထဲကို ရေနွေးထည့်ပြီးရင် အဖုံးလေးနဲ့ သေချာဖုံးဖို့ တော့ မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အဖုံးဖွင့်ထားရင် ရေနွေးကြမ်းရဲ့ အရသာ ပျက်သွားနိုင်ပါတယ်။ ရေနွေးထည့်ပြီး နှပ် ထားတဲ့ ရေနွေးကြမ်းရဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါကလည်း အဲဒီဆိုင်ရဲ့ ထူး ခြားမှုတွေထဲမှာ တစ်ခုပါဝင်တယ်လို့ ဆိုရ မှာပဲဖြစ်ပါတယ်။

လက်ဖက်အညွန့်တွေကို စိမ်ထားတဲ့ ရေ နွေးကို သောက်ရင်းနဲ့ လာရောက်လည် ပတ်သူတွေအတွက် မပျင်းရိရအောင် အဲဒီ အချိန် စတိတ်စင်ပေါ်မှာတော့ ဖျော်ဖြေမှု တွေတင်ဆက်နေပါပြီ။

စတင်ပြသတာကတော့ လက်အရိပ်ပြ ကွက်ဖြစ်ပါတယ်။ အနောက်တိုင်းတေးဂီတ တပုဒ်ကို လက်အရိပ်တွေနဲ့ သရုပ်ဖော်သွား တာပဲဖြစ်ပါတယ်။ အဲဒါအပြင် လက်အရိပ် တွေနဲ့ တိရစ္ဆာန်တွေရဲ့ ရုပ်ပုံတွေကိုလည်း ပုံ ဖော်ပြသခဲ့တာဖြစ်ပြီးတော့ ပွဲဦးထွက်ပြ ကွက်မှာတင် လာရောက်ကြည့်ရှုတဲ့ပရိတ် သတ်တွေက လက်ခုပ်လက်ဝါးတီး အားပေး ခဲ့ကြပါတယ်။

နောက်ပြကွက်တစ်ခုကတော့ လိပ်ပြာ ချစ်သူဆိုတဲ့ တရုတ် ရှေးဟောင်းရုပ်သေးပြ ကွက်ပဲဖြစ်ပါတယ်။ ထပ်မံပြသတဲ့ပြကွက် တစ်ခုကတော့ တရုတ်အမျိုးသမီးမျက်လှည့်  ပညာရှင်ရဲ့ ပြကွက်ပဲဖြစ်တယ်။ အကတွေ၊ သရုပ်ဖော်တွေ၊ မျက်လှည့်တွေကိုပဲ ကြည့် နေရလို့ ငြီးငွေ့မယ်ထင်တဲ့အချိန်မှာတော့  တရုတ်လူငယ်နှစ်ဦးရဲ့ cross talk ဆိုတဲ့ တင်ဆက်မှုက ဝင်ရောက်လာပါတယ်။

မြန်မာလိုဆိုရင်တော့ ဟာသလူရွှင် တော်တွေရဲ့ တင်ဆက်ပုံနဲ့ ဆင်တူပြီးတော့ လာရောက်ကြည့်ရှုတဲ့တရုတ်လူမျိုးတွေရဲ့ အားပေးမှုကို နှစ်နှစ်ခြိုက်ခြိုက်ရရှိခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ the teapot in the universe ဆိုတဲ့ပြကွက်ပါ။ တရုတ်လူမျိုးတွေရဲ့ လက်ဖက်ရည်ကိုမြတ် နိုးပုံ၊ တန်ဖိုးထားပုံတွေကို နောက်ခံတေးဂီတ နဲ့ ကပြခဲ့တာပါ။ အဲ့ဒီနောက်မှာတော့တရုတ် ရိုးရာ ဝူရှုးသိုင်းကစားပြီးတော့ နှစ်ပေ နီးပါး ခန့်ရှည်တဲ့ ရေနွေးကရားနှုတ်သီးထဲကနေ ရေနွေးတွေကို လာရောက်ကြည့်ရှုတဲ့သူတွေ သုံးဆောင်ဖို့ ငှဲ့ပေးတဲ့ပြကွက်တွေလည်း ပါ ဝင်ပါတယ်။

အဲ့ဒီနောက်မှာတော့ တရုတ်ပန်းအိုး ကြီးတွေနဲ့ ကပြတဲ့ပြကွက်၊ နပန်းသမားသုံးဦး က ဟာသပြကွက်တွေနဲ့ ကပြသွားတဲ့ပြကွက်၊ ပင်ပေါင်ဘောလုံးတွေနဲ့ ကပြခဲ့တဲ့ပြကွက် တွေကို ပြသခဲ့ပါတယ်။

နောက်ဆုံးမှာတော့ လက်ဖက်ရည်ဆိုင် ရဲ့ နာမည်ကြီးကကွက်တွေထဲမှာ တစ်ခုအပါ အဝင်ဖြစ်တဲ့ ရုပ်ပြောင်းရုပ်လွှဲအကပဲဖြစ်ပါ တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာကျော်က စ တင်ကပြခဲ့တဲ့ နာမည်ကြီးစီချွမ်အော်ပရာရဲ့ ရုပ်ပြောင်းရုပ်လွှဲအကကတော့ လက်ဖက် ရည်ဆိုင်ရဲ့ အကောင်းဆုံးကကွက်တစ်ခုလို့ လည်း ဆိုနိုင်ပါတယ်။

ပွဲကြည့်ပရိတ်သတ်တွေကို တင်ဆက် ကပြနေတဲ့ စတိတ်စင်ရဲ့ လက်ဝဲဘက်မှာ တော့ လက်ဖက်ရည်ဆိုင်ကို လာရောက် လည်ပတ်ခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံတွေ၊ လက်မှတ်တွေကို ပြခန်းတစ်ခု သဖွယ် ပြသထားတာကိုလည်း တွေ့ရ ပါ တယ်။

အော်ပရာပြကွက်တွေ၊ မျက်လှည့်တွေ၊ သရုပ်ဖော်ပြကွက်တွေကို ကြည့်ရှုနေတဲ့သူ တွေက ရေနွေးလိုအပ်မယ်ဆိုရင်တော့ ဆိုင် မှာရှိတဲ့ စားပွဲထိုးတွေကို ခေါ်လိုက်ရုံပါပဲ။

တရုတ်နိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာကြီးဖြစ်တဲ့ yin shengxi ဖွင့် လှစ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကတော့ ယနေ့ အချိန်အထိ တရုတ်ပြည်မှာ နာမည်ကျော် ကြားလှတဲ့ နေရာတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

လက်ရှိအချိန်အထိကို အဲ့ဒီလက်ဖက် ရည်ဆိုင်ကို ထင်ရှားကျော်ကြားတဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ၊ အနုပညာနယ်ပယ်က ထင်ရှားတဲ့သူတွေ လာရောက်လည်ပတ်နေ ပြီးတော့ လက်ရှိအထိ ထင်ရှားကျော်ကြားတဲ့ သူ ၄၇ ဦးကျော် လာရောက်လည်ပတ်ခဲ့တယ် လို့ သိရပါတယ်။

ကမ္ဘာနဲ့ တရုတ်ကို ပေါင်းကူးချိတ်ဆက် ပေးထားတယ်လို့ ဆိုနိုင်တဲ့ ဒီလက်ဖက်ရည် ဆိုင်မှာ ရေနွေးသောက်ရင်း မျက်လှည့်၊ ဆပ် ကပ်၊ ကျော်ကြားလှတဲ့ စီချွမ်အဖွဲ့ရဲ့နှစ်ပေါင်း ၃၀၀ ကျော်က ရုပ်ပြောင်းရုပ်လွှဲအကကို ကြည့်မယ်ဆိုရင်တော့ မြန်မာငွေ ကျပ်တစ် သိန်းခွဲလောက် ကုန်ကျမှာပဲဖြစ်ပါတယ်။ ဒါ ပေမဲ့ တရုတ်ရိုးရာယဉ်ကျေးမှုအငွေ့အသက် တွေကိုတော့ တထိုင်တည်းမှာ ကြည့်ရှုခံစား နိုင်မှာဖြစ်ပြီးတော့ ပေးလိုက်ရတဲ့ငွေကြေးနဲ့ သင့်တင့်မျှတတယ်လို့ ပြောနိုင်ပါတယ်။

Most Read

Most Recent