NCA ရှစ်နှစ်ပြည့် အခမ်းအနား၊ နိုင်ငံတကာထောက်ခံမှုနှင့် NCA အပေါ် အမြင်  

NCA ရှစ်နှစ်ပြည့် အခမ်းအနား၊ နိုင်ငံတကာထောက်ခံမှုနှင့် NCA အပေါ် အမြင်  
Published 22 October 2023

■  ရှစ်နှစ်ပြည့် အခမ်းအနား ဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၁၅ ရက်က ပြုလုပ်စဉ်

ဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ရှစ်နှစ်ပြည့်ခဲ့သည်။ 

ယင်းနေ့တွင် နစကက ကြီးမှူး၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ NCA အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့က တက်ရောက်ခဲ့သည်။  

အခမ်းအနားတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က မိန့်ခွန်းပြောကြားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun၊ အိန္ဒိယနိုင်ငံ ဒုတိယ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr.Vikram Misri၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow နှင့် NCA ရေးထိုးခဲ့သည့် အသိသက်သေများကိုယ်စား ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်မင်းတို့က ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

အခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နစကအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

''ဘယ်သူတွေက ဘာတွေပြောခဲ့သလဲ''

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိ သက်သေများရှေ့မှောက်တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် NCA စာချုပ်သည် ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားသော သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမည့်စာချုပ်ဖြစ်ခြင်းကြောင့် တပ်မတော်အနေဖြင့် NCA စာချုပ်အပေါ်တွင်သာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။ 

NCA လက်မှတ်မထိုးရသေးသည့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ရန် ၎င်းက ဖိတ်ခေါ်ခဲ့သည်။ 

"ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းများကလည်း NCA ပါ ကတိကဝတ်ကို စောင့်ထိန်းကြဖို့နဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြပါ။ NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ ထဲထဲဝင်ဝင်ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေးဆွေးနွေးပွဲများဆီသို့ အရောက်လှမ်းခဲ့ကြပါ" ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။ 

လက်ရှိတွင် NCA စာချုပ်၌ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။ 

"နိုင်ငံရေးရည်မှန်းချက်အနေနဲ့ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆောင်ရွက်ပါမယ်။ ဒီနှစ်ချက်ဟာ ကျွန်တော်တို့အတွက် အဂ္ဂမဟာဗျူဟာ (Grand Strategy) ပါပဲ" ဟု နစကဥက္ကဋ္ဌက ဆိုသည်။ 

ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးကမူ ပွင့်လင်းမြင်သာမှုရှိသော ငြိမ်းချမ်းရေးဖော်ဆောင်ရန်နှင့် ညှိနှိုင်းဆွေးနွေးပွဲများမှတစ်ဆင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းကိုကျော်လွှားရန် တိုက်တွန်းပြောကြားခဲ့သည်။ 

"အနာဂတ်မျိုးဆက်သစ်ပြည်သူ ပြည်သား လူငယ်လူရွယ်များအတွက် ငြိမ်းချမ်းရေးဆိုတဲ့ အနှစ်သာရကို ချန်ရစ်ထားနိုင်ဖို့ တရားမျှတမှု ဂုဏ်သိက္ခာရှိမှုတို့အပေါ်အခြေခံတဲ့ တာဝန်ယူမှု တာဝန်ခံမှု ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြပါ" ဟု စောမူတူးစေးဖိုးက ဆိုသည်။ 

ထို့အတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း တိုင်းပြည် အကျပ်အတည်း ပိုမိုမဆိုးရွားလာစေရန် အဖြေရှာရမည့်အချိန် ရောက်ရှိလာပြီး သူ့မူကိုယ့်မူ အသေကိုင်စွဲနေမည်ဆိုပါက နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားသည်။ 

"ဒီနေ့ကာလဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ့်အချိန် ကျရောက်နေပါပြီ။ ဒီအတွက် သက်ဆိုင်သူများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးကလည်း လိုအပ်နေပါတယ်။ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမယ်ဆိုရင် လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး" ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်မင်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒီရေတက်ချိန်နှင့် ကျချိန်ရှိတတ်ပြီး ဒီရေကျချိန်တွင် ငြိမ်းချမ်းရေး ပျက်သည်ဟု မြင်၍မရကြောင်း ပြောကြားသည်။ 

"NCA စာချုပ်မှာ အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုပါရှိပြီး ဖြစ်ပါတယ်။ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစုအဖွဲ့တိုင်းဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့အချက်ကို သဘောတူလက်ခံတာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကိုဘယ်လိုစနစ်မျိုးနဲ့ ထူထောင်သွားမယ်ဆိုတာကို လက်ခံပြီးဖြစ်ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံသမိုင်းမှာ အင်မတန်အရေးပါတဲ့ နိုင်ငံရေးသဘောတူညီချက်ဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့အားလုံး လက်ခံထားသရွေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဆက်လက်ရှင်သန်နေဦးမှာ ဖြစ်ပါတယ်" ဟု ဦးအောင်မင်းက ဆိုသည်။ 



''NCA အပေါ် ထောက်ခံခဲ့တဲ့ နိုင်ငံတကာ''

မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် NCA အသိသက်သေနိုင်ငံများဖြစ်ကြသည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယတို့က ထောက်ခံအားပေးခဲ့ပြီး NCA ရည်မှန်းချက်ဖြစ်သော အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အာမခံချက်ရှိစွာဖြင့် ဖော်ဆောင်ကြရန် ယင်းနိုင်ငံများက တိုက်တွန်းခဲ့သည်။ 

NCA သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များထဲတွင် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ပြီး ပစ်ခတ်တိုက်မှုကို ရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုများတည်ဆောင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun က ပြောကြားသည်။ 

"တရုတ်နိုင်ငံက ငြိမ်းချမ်းစွာဆွေးနွေးရန် တိုက်တွန်းတဲ့ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေပါဝင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ဖို့ တက်တက်ကြွကြွ ကူညီတွန်းအားပေးသွားလိုပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်က ဆိုသည်။ 

နိုင်ငံတကာအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်စွာ ကူညီသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။ 

ထို့အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow ကလည်း အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အာမခံချက်ရှိစွာဖြင့် ဖော်ဆောင်ရေးဆိုသည့် NCA ၏ ရည်မှန်းချက်အတိုင်း ထိုင်းနိုင်ငံက အပြည့်အဝ ထောက်ခံအားပေးခဲ့ကြောင်း ပြောကြားသည်။ 

"မည်သည့်နိုင်ငံတွင်မဆို ငြိမ်းချမ်းရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ ယင်းနိုင်ငံရဲ့ ပြည်သူများကိုယ်တိုင်က ဖန်တီးဆုံးဖြတ်ရမယ်လို့ ထိုင်းနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလည်း ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးမှုများကို အခြေခံကာ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖော်ဆာင်သွားရမှာ ဖြစ်ပါတယ်" ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆိုသည်။ 

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသည့် အဖြစ်အပျက်များအား မျက်မြင်ကြုံတွေ့ရချိန်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားရန် အလွန်အရေးကြီးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ 

"ငြိမ်းချမ်းရေးကို ဦးတည်တဲ့လမ်းကြောင်းဟာ စိန်ခေါ်မှုအမြောက်အမြားနဲ့ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ပါ။ ဆုံးဖြတ်ချက်၊ ရဲရင့်မှုနဲ့ ခေါင်းဆောင်မှု အရည်အချင်းတို့ လိုအပ်ပါတယ်။ ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်မှုများမှတစ်ဆင့်သာ ငြိမ်းချမ်းရေးကို အောင်မြင်စွာ ဖော်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးအနေဖြင့် NCA လမ်းကြောင်းအတိုင်း ပြီးမြောက်အောင်မြင်အောင် ဆက်လက်လျှောက်လှမ်းသွားကြရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားသည်။ 

"မြန်မာပြည်သူများရဲ့ အကျိုးစီးပွားအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် နည်းလမ်းများ ရှာဖွေကြရာတွင် အဖွဲ့အစည်းများအားလုံးအနေဖြင့် ကြံ့ကြံ့ခံပြီး ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျော်လွှားသွားကြပါရန် တိုက်တွန်းအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် အိန္ဒိယနိုင်ငံ ဒုတိယ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri က မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလတစ်ခုကို ဖြတ်သန်းရာ၌ NCA စာချုပ်သည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေကြောင်း၊ NCA ယန္တရားသည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုသည့် မြန်မာပြည်သူများ၏ မျှော်လင့်ချက်ဆန္ဒကို ဖော်ဆောင်ပေးမည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆောင်ကြဉ်းနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။ 

"NCA စာချုပ်ဟာ မျှော်လင့်ချက်ရဲ့ သင်္ကေတတစ်ရပ်ဖြစ်ပြီး ပဋိပက္ခ အမှောင်တိုက်အကြားမှ ငြိမ်းချမ်းမှုထံသို့ ဦးတည်လျှောက်လှမ်းနိုင်ဖို့ အလင်းပြဖော်ဆောင်ပေးနိုင်မယ့် စာချုပ်တစ်ရပ်လည်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းတည်ငြိမ်မှုရှိပြီး သာယာဝပြောစွာ မှီတင်းနေထိုင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်နိုင်ရေး မျှော်မှန်းချက်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ပဋိပက္ခများကို နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်ရေးကို ဦးတည်ကာ NCA ယန္တရားကို ပိုမိုခိုင်မာစေဖို့၊ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့၊ လေးနက်ပြီးအနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့အတွက် NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းများအားလုံးကို အိန္ဒိယနိုင်ငံက တိုက်တွန်းတောင်းဆိုလိုပါတယ်" ဟု အိန္ဒိယနိုင်ငံ ဒုတိယ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြောကြားသည်။ 



''NCA အပေါ် ဘယ်လိုမြင်သလဲ''

နိုင်ငံတကာက NCA စာချုပ်အတိုင်း မြန်မာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် တွန်းအားပေးမှုများရှိနေသော်လည်း လက်ရှိအချိန်တွင် NCA နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အချို့က သဘောထားကွဲလွဲမှုများ ရှိနေသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က NCA စာချုပ် ပျက်ပြယ်ပြီဟု ပြောကြားမှုများရှိပြီး အချို့ကမူ NCA သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အလုပ်မဖြစ်ကြောင်း ပြောကြားမှုများလည်း ရှိနေသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အချို့၏ NCA စာချုပ် ပျက်ပြယ်ပြီဟု ပြောကြားမှုနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းယဉ်ယဉ်စိုးက "NCA ပျက်ပြီဆိုပြီး ဝေဖန်တိုက်ခိုက်ခံရမှုတွေ ရှိပါတယ်။ ဒီလိုအချိန်အခါမှာ လွှတ်တော်ကနေ Legal Document အနေနဲ့ အတည်ပြုထားတဲ့ NCA ဟာ ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင် ပျက်သုဉ်းခြင်းမရှိပါဘူး။ ဒါကြောင့် NCA ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်မယ်။ ကျွန်မတို့အားလုံးလိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုသွားလို့ရမယ်ဆိုတာကို ဆွေးနွေးအဖြေရှာနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားသည်။ 

ထို့ပြင် NCA စာချုပ်နှင့်ပတ်သက်၍ အလုပ်မဖြစ်ကြောင်း အငြင်းပွားမှုများ ရှိနေခြင်းအပေါ် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်မင်းက နိုင်ငံရေးအရ အဖြေရှာမှုကို ဆန့်ကျင်နေသမျှ NCA အကောင်အထည်ဖော်မှုအပေါ် ထိခိုက်နေမည်ဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။ 

"NCA အလုပ်မဖြစ်ဘူးလို့ ပြောနေကြပါတယ်။ ကျွန်တော့်အမြင်ကတော့ နိုင်ငံရေးအရအဖြေရှာမှုကို ဆန့်ကျင်နေသရွေ့တော့ NCA အကောင်အထည်ဖော်မှုကို ထိခိုက်နေမှာ အမှန်ဖြစ်ပါတယ်။ NCA သေဆုံးသွားပြီလို့ ပြောနေကြပါတယ်။ NCA မသေပါဘူး။ ယနေ့လုပ်တဲ့ပွဲက သက်သေဖြစ်ပါတယ်" ဟု ဦးအောင်မင်းက ဆိုသည်။ 

NCA စာချုပ်သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သဘောတူချုပ်ဆိုထားသည့် စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်လက်မှတ်ရေးထိုးရာတွင်လည်း ပြည်တွင်းသက်သေများနှင့် နိုင်ငံတကာသက်သေများကပါ ပါဝင်လက်မှတ်ရေးထိုးထားသည့်အတွက် ခိုင်မာသည့်စာချုပ်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောကြားသည်။ 

NCA ၏ အဓိကကျသည့် အနှစ်သာရသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။ 

"NCA တည်တံ့ခိုင်မြဲဖို့၊ အနာဂတ်မှာ ကြိုးစားတည်ဆောက်ဖို့နဲ့ ရှေ့ဆက်ပြီး မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ဖို့ ကျွန်မတို့ အတတ်နိုင်ဆုံးဆောင်ရွက်သွားပါ့မယ်။ NCA ပါ ပြဋ္ဌာန်းချက်တွေအတိုင်း ရှေ့ဆက်သွားဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်" ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။ 

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရှိပြီး NCA စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်းနှင့် NCA မှ နုတ်ထွက်လိုက်ပြီဆိုသည့်အကြောင်းကို မည်သည့်အဖွဲ့အစည်းကမှ ပြောကြားခြင်း မရှိသေးကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ထောက်ပြသည်။ 

NCA ကို လက်မခံကြောင်း အဖွဲ့အစည်းအချို့က ပြောကြားမှုရှိသော်လည်း NCA သည် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၏ မှတ်တိုင်တစ်ခုဖြစ်ပြီး ခိုင်မာမှုရှိသည့်အတွက် မြန်မာ့ငြိမ်းချမ်းရေး၏ ဖောင်ဒေးရှင်းအဖြစ် ထားရှိရမည်ဖြစ်ကြောင်း ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မှတ်ချက်ပြုသည်။ 

"NCA ကို လက်မခံဘူးလို့ ပြောကြတဲ့အဖွဲ့အစည်းတွေလည်း ရှိနိုင်တာပေါ့။ NCA သည် ဒီနေ့အထိတော့ တစ်ခုတည်းသော လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှတ်တိုင်တစ်ခုပါပဲ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတယ်။ နိုင်ငံတကာသံတမန်တွေရဲ့ရှေ့မှာ လုပ်ခဲ့တယ်။ ခိုင်မာတယ်။ ဒီလောက်ခိုင်မာတဲ့ မရသေးဖူးတဲ့ ညှိနှိုင်းမှုတစ်ခုရထားပြီးသားကို ဖောင်ဒေးရှင်းထားရမှာပေါ့။ ပြီးမှ ဘယ်လိုရှေ့ဆက်သွားကြမှာလဲ။ ကျွန်တော်တို့ အဖြေတစ်ခုထုတ်ဖို့လိုတယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။ 

NCA သည် လွှတ်တော်က အတည်ပြုထားသည့် စာချုပ်ဖြစ်သောကြောင့် ခိုင်မာမှုရှိပြီး အဖွဲ့အစည်းတစ်ခုက ပျက်ပြယ်ပြီဟု ပြောရုံဖြင့် မပျက်ပြယ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

"NCA မရှိတော့ဘူး၊ ပျက်ပြယ်ပြီလို့ ပြောဆိုတဲ့သူက များလာတယ်။ NCA က ပျက်ပြယ်လို့ရတဲ့ စာချုပ်မျိုး မဟုတ်ပါဘူး။ NCA က Legal Document ဖြစ်ပါတယ်။ ခိုင်မာပါတယ်လို့ ပြောချင်ပါတယ်။ လွှတ်တော်က အတည်ပြုထားတဲ့ စာချုပ်ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုက ပျက်ပြယ်ပြီလို့ ပြောရုံနဲ့ မပျက်ပြယ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တစ်ဖွဲ့၊ တစ်ဦးတစ်ယောက်တည်း ပိုင်တာမဟုတ်ပါဘူး။ အားလုံးပိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

Most Read

Most Recent