အမုန်းစကားပြောဆိုခြင်း

အမုန်းစကားပြောဆိုခြင်း
Published 6 October 2023

“အမုန်းတရားအား အမုန်းတရားဖြင့် ရပ်တန့်ခြင်းငှာ မပြုနိုင်။ မေတ္တာတရားဖြင့်သာ ပြုနိုင်ရာ၏။ ယင်းသည်ပင်လျှင် ထာဝရစည်းမျဉ်း ဖြစ်လေသည်။”

ဂေါတမဗုဒ္ဓ

အမုန်းစကားပြောဆိုခြင်းသည် ဥပဒေနှင့် မညီညွတ်ဘဲ လူတစ်ဦး သို့မဟုတ် လူတစ်စုအပေါ် ခွဲခြားဆက်ဆံ၍ လူဆိုးဇာတ်သွင်းခြင်းဖြစ်သည်။ များသောအားဖြင့် လူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့်  ကျား/မ လိင်ကွဲပြားမှု အစရှိသော မွေးရာပါ လက္ခဏာရပ်များကို အခြေခံကာ ထိုးနှက်တိုက်ခိုက်ခြင်းဖြစ်သည်။ ဥပဒေအရ အမုန်းစကား ပြောခြင်းသည် စကားဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာအရ ဖြစ်စေ၊ စာအရေးအသားဖြင့်ဖြစ်စေ၊ ပုံပြသခြင်း ဖြင့်ဖြစ်စေအဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်ဦးကို ဥပဒေပြင်ပမှ တိုက်ခိုက်ခြင်းဖြစ်သည်။ အမုန်းတရားများကို ဖော်ပြသော အင်တာနက်စာစုကို အမုန်းတရား အင်တာနက်စာစုဟု ခေါ်ဆိုပြီး များသောအားဖြင့်  လိုရာဆွဲယူကာ တစ်ဘက်သတ်ရေးသားထားသော အချက်အလက်များကိုသာ တင်ပြထားတတ်သည်။ မည်သို့ဆိုစေ၊ ယင်းတို့သည် လူမှုရေးဆိုင်ရာ ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်ပြီး အကြမ်းဖက်မှုများ၏ အကြောင်းရင်းခံလည်း ဖြစ်လာတတ်သည်။

လွန်ခဲ့သည့် နှစ် ၂၀ ကျော် စက်တင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်သမားများက နယူးယောက်စီးတီးနှင့် ၀ါရှင်တန်ဒီစီအပြင် ရှန့်ဗယ်လီတို့တွင် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြရာ လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ရသည်။ ယင်း ၉/၁၁ တိုက်ခိုက်မှု၏ ကြေကွဲဖွယ် အမွေတစ်ရပ်မှာ မိမိတို့၏ နိုင်ငံရေးအမြင်များအတွက် အကြောင်းရှာရန်၊ အခြားသူများအပေါ် မိမိတို့၏ အမုန်းတရားများက မှန်ကန်ကြောင်းပြရန်နှင့် နောက်ထပ်အကြမ်းဖက်မှုများ ပြုလုပ်ရေးအတွက် နှိုးဆော်ရန် ကမ္ဘာတစ်လွှားမှ လူများက ယင်းကဲ့သို့သော အကြမ်းဖက် တိုက်ခိုက်မှုများကို အသုံးပြုကြခြင်းဖြစ်သည်။ ယင်းတွင် ၉/၁၁ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများကို Magnificent 19 ဟု ချီးကျူးကာ နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် ၉/၁၁ တိုက်ခိုက်မှုကို လှုံ့ဆော်မှုအဖြစ်အသုံးပြုပြီး အမုန်းတရားကို အခြေခံသည့် သဘောတရားများ ဖြန့်ချိခဲ့သည့် ဗြိတိန်နိုင်ငံမှ A1-Muhajiroun အဖွဲ့ရှိခဲ့သည်။ ကမ္ဘာတစ်လွှားမှ လူပေါင်းများစွာတို့က ၉/၁၁ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သို့သော် အခြားဘာသာဝင်များနှင့် အခြားလူမျိုးစုများအပေါ် အမုန်းတရားနှင့် အကြမ်းဖက်မှုများအတွက် အကြောင်းရှာရန် ၉/၁၁ တိုက်ခိုက်မှုကို စံ ထားကြသူများကိုလည်း တွေ့ရသည်။ ယင်းကဲ့သို့သော အမုန်းတရားများက အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားရန် ပြင်းထန်စွာ လှုံ့ဆော်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “လူမှုမီဒီယာများသည် အမုန်းတရားအတွက် အော်လန်ကြီး ဖြစ်သည်”ဟု ၂၀၂၁ ခုနှစ်တွင် ပြောကြားခဲ့သည်။သို့သော် နိုင်ငံများစွာတွင် အွန်လိုင်းပေါ်တွင် အမုန်းစကား ပြောဆိုသုံးနှုန်းခြင်းများနှင့် ပတ်သက်ပြီး ဥပဒေပြုရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရသည်။ အဘယ်ကြောင့်ဆိုသော် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်သည် မည်သည့်နေရာတွင် အဆုံးသတ်ပြီး ယင်း သို့ ထုတ်ဖော်ပြောဆိုမှုအပေါ် ဖြစ်သင့်သည့်ကန့်သတ်မှုမျိုးကို မည်သည့်နေရာတွင် စတင်သင့်သည်ကို ခွဲခြားရန် အလွန်ခက်ခဲ၍ ဖြစ်သည်။ တစ်နိုင်ငံတွင် အမုန်းစကားဟု သတ်မှတ်ဆုံးဖြတ်ထားသည့် အရာများမှာ အခြားနိုင်ငံတွင် အမုန်းစကားဟု သတ်မှတ်ရန် ခက်ခဲနိုင်သည်။ အမုန်းစကားဖြစ်ခြင်း၊ မဖြစ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်တည်နေသည့် ဒေသအလိုက်အနေအထား သို့မဟုတ် ယဉ်ကျေးမှုစသည်တို့တွင် မူတည်သည်။ နိုင်ငံတကာက ဘုံလက်ခံထားသည့် အမုန်းစကား အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသည့်အချက်က အွန်လိုင်းပေါ်အပါအဝင် အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ရန်ခက်ခဲ စေသည်။ အထူးသဖြင့် လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်၊ လွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ တန်းတူညီမျှခြင်းတို့နှင့် ဆက်နွှယ်လျက် သဘောတရားရေးရာ၌ အကြီးအကျယ် ငြင်းခုံမှုများ ရှိနေဆဲဖြစ်သောကြောင့်လည်း နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများအရ အမုန်းစကားဟု သတ်မှတ်ရန် ဘုံသဘောတူညီချက်မရရှိ ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်သမားများဖြစ်လာစေရန် မည်ကဲ့သို့သော အမုန်းတရားများက တွန်းအားပေးလှုံ့ဆော်ခဲ့သည်ကို ရှာဖွေဆန်းစစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၇ ရက်ထုတ် The Daily Eleven သတင်းစာအယ်ဒီတာ့ အာဘော်