တစ်ဦးချင်းမှသည် အင်စတီကျူးရှင်းသို့

တစ်ဦးချင်းမှသည် အင်စတီကျူးရှင်းသို့
Published 4 March 2024

အင်စတီကျူးရှင်းဟူသည့် စကားရပ်ကို လူ့အဖွဲ့အစည်းတစ်ရပ်အတွက် အရေးပါသော ဓလေ့ထုံးတမ်းပုံစံ သို့မဟုတ် အပြုအမူပုံစံတစ်ရပ်ကို ညွှန်းဆိုရာ၌လည်းကောင်း၊ အထူးသဖြင့် အစိုးရ သို့မဟုတ် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့်ဆိုင်သော အဖွဲ့အစည်းများကို ညွှန်းဆိုရာ၌လည်းကောင်း အသုံးပြုလေ့ရှိသည်။ လူမှုအစီအစဉ်၏ ဖွဲ့စည်းပုံများနှင့် လုပ်ငန်းစဉ်များအလိုက် အင်စတီကျူးရှင်းများသည် နိုင်ငံရေးသိပ္ပံ၊ မနုဿဗေဒ၊ ဘောဂဗေဒနှင့် လူမှုဗေဒတို့ကဲ့သို့သော လူမှုရေးဆိုင်ရာ ပညာရပ်များတွင် လေ့လာရန် အဓိကအကြောင်းအရာတစ်ရပ်ဖြစ်သည်။ အဓိက လူမှုအင်စတီကျူးရှင်း ခုနစ်ရပ်ရှိသည်။ ၎င်းတို့မှာ မိသားစု၊ လူ့အသိုင်းအဝိုင်း၊ ဘာသာရေး၊ ပညာရပ်ဆိုင်ရာရပ်ဝန်း၊ လုပ်ငန်းဆိုင်ရာရပ်ဝန်း၊ မီဒီယာနှင့် အစိုးရတို့ ဖြစ်သည်။

လူ့အဖွဲ့အစည်းကို အင်စတီကျူးရှင်းများဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုနိုင်သည်။ ယင်း အင်စတီကျူးရှင်းများသည် ကုမ္ပဏီများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကျောင်းများ၊ နိုင်ငံရေးပါတီများ၊ ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ၊ စစ်တပ်များ၊ ဆေးဝါးကုသရေးဆိုင်ရာလုပ်ငန်းများ၊ ဘောလုံးကလပ်များ၊ လှေလှော်ရွက်တိုက်အသင်းများ အစရှိသည်တို့အပြင် အစဉ်အလာအတိုင်း အုပ်ဖွဲ့နေထိုင်ကြသော လူအုပ်စုများစွာတို့အဖြစ် ယင်း၌ပါဝင်သူများအားလုံး၏ လုပ်ဆောင်ချက်များကို စုစည်းထိန်းညှိထားခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အင်စတီကျူးရှင်းများသည် တစ်ဦးချင်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူတစ်ဦးချင်းကို စုစည်းထားသည့် အုပ်စုတစ်ရပ်အဖြစ်ထက်များစွာပိုသည်။ အင်စတီကျူးရှင်းများသည် ပါ၀ါ၊ ဆက်သွယ်ရေးနှင့် အသိဉာဏ်ဗဟုသုတတို့ကဲ့သို့သော အခြင်းအရာများကို ကိုင်တွယ်သည်။

အင်စတီကျူးရှင်းများသည် အမြဲတမ်းကောင်းစွာ အလုပ်ဖြစ်သည်ကားမဟုတ်။ သို့သော် အင်စတီကျူးရှင်းများသည် ကျိုးကြောင်းမညီညွတ်သည့်အခါတွင်လည်းကောင်း၊ ရှုပ်ထွေးမှုများ ရှိသည့်အခါတွင်လည်းကောင်း ထိရောက်မှုမရှိခြင်းနှင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်တတ်သည်။ အင်စတီကျူးရှင်းများက လူတစ်ဦးချင်းအပေါ် သြဇာမဲ့စေခြင်းနှင့် အရည်အသွေးမဲ့စေခြင်းတို့ ဖြစ်ပေါ်စေလျက် အဓိကရင်းမြစ်များကို ဖြုန်းတီးသကဲ့သို့ဖြစ်ခြင်းနှင့် တိုက်ရိုက်အန္တရာယ်ရှိစေခြင်းတို့လည်း ဖြစ်တတ်သည်။ အင်စတီကျူးရှင်းများ၏ အလုပ်မဖြစ်မှုများစွာတို့သည် တစ်ဦးချင်း၏ ပါဝင်ပတ်သက်နေပုံနည်းလမ်းမှ မြစ်ဖျားခံတတ်သည်။

တစ်ဦးချင်းနှင့် ပတ်သက်၍လွတ်လပ်ခွင့်အကြောင်း ပြောဆိုသည့်အခါ Individual ဟုခေါ်သော တစ်ဦးချင်းသည် Institution နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်ဟု အထင်ရောက်နိုင်သည်။ တစ်ဦးချင်းသည် ကွဲပြားခြားနားသော အင်စတီကျူးရှင်းများစွာ၏မပြောင်းလဲသော အစိတ်အပိုင်း ဖြစ်သည့်အခါနှင့် ယင်းကဲ့သို့ ရှုပ်ထွေးသောလူ့အဖွဲ့အစည်း အစိတ်အပိုင်းအဖြစ် တစ်ဦးချင်း အပြုအမူများကို ထိန်းချုပ်ရန်လိုအပ်သည့်အခါ တစ်သီးပုဂ္ဂလဆိုင်ရာလွတ်လပ်မှုဟူသည် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း မှားယွင်းသော သဘောတရားများဆီသို့ ဦးတည်သွားနိုင်သည်။ အမျိုးမျိုးအစားစားရှိသောတစ်ဦးချင်းကို အင်စတီကျူးရှင်းတစ်ရပ်အဖြစ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ အချို့သည် ၎င်းတို့အား ပြောဆိုသည့် အရာနှင့် ပတ်သက်၍ လုံးဝကျေနပ်ကြပြီး အင်စတီကျူးရှင်းအတွင်းရှိ တစ်နေရာရာ၌ ဖြစ်ပျက်သည့် ကိစ္စများကို စပ်စုခြင်းမရှိသည့် အခါ၌တစ်ဦးချင်းအတွက် အဆင်ပြေနိုင်သည်။ သို့သော် အခြားသူများသည် အင်စတီကျူးရှင်းနှင့် ပတ်သက်၍ တာဝန်ရှိသောအပိုင်း၌ ပါဝင်မှုမရှိလျှင်ပင် အင်စတီကျူးရှင်းနှင့် ယင်း၏ အလုပ်လုပ်ပုံများကို ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားကြသည်။ ယင်းတို့ထဲမှများစွာတို့သည် ဖြစ်ပျက်နေမှုများအပေါ် ကောင်းမွန်စွာသုံးသပ်နိုင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမရနိုင်သည့် အနေအထားမျိုးရှိ သတင်းအချက်အလက်များကို ရရှိနိုင်သည်။

သို့သော် အပြုသဘောဆောင်သော နည်းလမ်းဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမျိုး အမြဲတမ်း မလုပ်နိုင်သော ၎င်းတို့၏ အသံကိုထုတ်ဖော်ခွင့်မရသည့် ပါ၀ါမဲ့သောတစ်ဦးချင်းလူများလည်း ရှိသည်။ အင်စတီကျူးရှင်းများ၌ အပြစ်အနာအဆာများရှိတတ်ပြီး ယင်းကို ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်သည်။ အင်စတီကျူးရှင်းတစ်ရပ်၏ အလုပ်မဖြစ်မှုများကို ရှာဖွေဖော်ထုတ်ကာ ပြင်ဆင်နိုင်အောင် ကြိုးစားလျက် တစ်ဦးချင်းအနေဖြင့် မသက်မသာအနေအထားမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်းဖြင့် မိမိလွတ်လပ်ခွင့်ကို ကိုယ်တိုင်ရှာဖွေရမည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အင်စတီကျူးရှင်းများသည် တစ်ဦးချင်းဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် အင်စတီကျူးရှင်းတစ်ရပ် ကောင်းမွန်ရေးအတွက် ပါဝင်သူတစ်ဦးချင်း အားလုံံး၌ တာဝန်ရှိပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ် ၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent