စစ်မှန်သော ဒီမိုကရေစီ၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် မြန်မာ့အချုပ်အခြာ

စစ်မှန်သော ဒီမိုကရေစီ၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် မြန်မာ့အချုပ်အခြာ
Published 4 April 2024

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းသည် ဧပြီ ၁ ရက်က နေပြည်တော်သို့ လာရောက်ကာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ငြိမ်းချမ်းရေး အပါအဝင် ကဏ္ဍအချို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တရုတ်၏ ကူညီဆောင်ရွက်မှုအခြေအနေများ၊ မူးယစ်ဆေးဝါး၊ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များအပြင် အရေးကြီး ကဏ္ဍဟု ဆိုရမည့် နယ်စပ်ဒေသ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်ကိုပါ ဆွေးနွေး ခဲ့သည်ဟု သိရသည်။

သို့သော်လည်း ရှမ်းမြောက် ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ ကချင်နှင့် ရခိုင်တို့တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် စစ်ရေးအခြေအနေကို ကြည့်လျှင် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေးအရ အရေးပါသော နေရာများနှင့် တရုတ်၏ အကျိုးစီးပွားနှင့် ဆက်စပ်မှုရှိသော ဒေသများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မြို့အချို့ သိမ်းယူထားခြင်း၊ စစ်စခန်းများ သိမ်းပိုက်ထားခြင်းနှင့် နယ်မြေစိုးမိုးမှုများ ရယူထားသည်ကို  တွေ့ရမည်ဖြစ်သည်။  တရုတ်အနေဖြင့်မူ မြန်မာနိုင်ငံ၏ တည်ငြိမ်မှုကို လိုလားပြီး နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် ငြိမ်းချမ်းရေးကိစ္စများတွင် နစကနှင့် လက်နက်ကိုင် အဖွဲ့များအကြားတွင် ကြားဝင်ညှိနှိုင်းမှုများ လုပ်ဆောင်နေသော်လည်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် နယ်မြေများ သိမ်းပိုက် စိုးမိုးမှုရယူထားသော လက်နက်ကိုင်အဖွဲ့များသည် တရုတ်နှင့်မကင်းသော အဖွဲ့များဖြစ်နေခြင်းက အခြားတစ်ဖက်တွင် ဝေဖန်စရာဖြစ်နေစေခဲ့သည်။ တရုတ်၏ Proxy အဖြစ် စွပ်စွဲ ဝေဖန်ခံရမှုများ ရှိနေသည့် လက်နက်ကိုင်အဖွဲ့များက နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးဂိတ်များနှင့် ကုန်သွယ်ရေးအတွက် အချက်အချာကျသော နယ်မြေများကို စိုးမိုးသိမ်းပိုက်ထားချိန်တွင် တရုတ် အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း အနေဖြင့် နေပြည်တော်သို့ လာရောက်၍ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်ရေးကိစ္စဆွေးနွေးမှုသည် လက်ရှိအချိန်တွင် နှစ်ဖက် အကျိုးအမြတ် ရှိနိုင်သောကိစ္စတစ်ခုအဖြစ် မှတ်ယူရန် ခက်ခဲပါသည်။ နစက အနေဖြင့် ဆုံးရှုံးသွားသော နယ်မြေများနှင့် ကုန်သွယ်ရေးအတွက် အရေးပါသော နယ်စပ်ဒေသများကို စစ်ရေးအရ ပြန်လည်ထိန်းချုပ်နိုင်မှု မရှိသေးသည့်အချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စ ဆွေးနွေးရခြင်းမှာ သင့်တော်သည့် အခြေအနေ မဟုတ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့ပြင် တပ်မတော်စခန်းများကို လက်နက်ကိုင်အဖွဲ့များက တစ်ခုပြီးတစ်ခု သိမ်းပိုက်ချိန်တွင် တရုတ်အနေဖြင့် နှစ်နိုင်ငံနယ်စပ်တွင် ကျည်အစစ်အသုံးပြု စစ်ရေး လေ့ကျင့်မှုများကို ပြုလုပ်လေ့ရှိသည်ကိုတွေ့ရသည်။ လတ်တလောတွင် လည်း ကချင်ပြည်နယ် လိုင်ဇာအနီးတွင် တပ်မတော်စခန်းများကို KIA က သိမ်းပိုက်မှုများ ရှိနေချိန် ဧပြီ ၂ ရက်က တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်အခြမ်းတွင် ကျည်ဆန်အစစ် အသုံးပြု စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နယ်စပ်တစ်လျှောက် အရေးပါသော နယ်မြေများကို စိုးမိုးသိမ်းပိုက်ထားချိန်တွင် တရုတ်ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း နေပြည်တော်သို့ လာရောက်မှုသည် ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာ တတိယစစ်မတိုင်မီ ဘုံဘေဘားမား ကုန်သွယ်ရေးကော်ပိုရေးရှင်းက သစ်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာဘုရင်၏ အရေးယူမှုအပေါ် မကျေနပ်သဖြင့် ကာနယ်စလေဒင် သီပေါမင်းထံ လာရောက်တွေ့ဆုံကာ လိုက်လျောရန် မလွယ်ကူသော အချက်များတောင်းဆို၍ ရာဇသံပေးခဲ့သောဖြစ်ရပ်နှင့် နှိုင်းယှဉ် ဝေဖန်ခံရမည်ဆိုပါက လွန်အံ့မထင်ပါ။

အခြားတစ်ဖက်တွင်လည်း အင်အားကြီး စူပါပါ၀ါဖြစ်သည့် အမေရိကန်ကလည်း မြန်မာနှင့်ပတ်သက်၍ ဒေါ်လာသန်း ၁၂၀ ကျော်ထောက်ပံ့မှုများ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ၎င်းတို့နှင့်ဆက်စပ်သည့် ခရစ်ယာန်ဘာသာ အများစု ကိုးကွယ်သော လက်နက်ကိုင်အဖွဲ့ K3C မှ ခေါင်းဆောင်ပိုင်းများကို ၀ါရှင်တန်သို့ ခေါ်ယူဆွေးနွေးမှုများ လတ်တလောတွင် ပြုလုပ်ခဲ့သည်ကို တွေ့ရပြန်သည်။

ထိုအခြေအနေများအပေါ် သုံးသပ်လျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေသည် ဖိအားမျိုးစုံဖြင့် စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး စူပါပါ၀ါနိုင်ငံကြီးများ၏ Proxy War အကြားတွင် မြေစာပင်ဖြစ်ရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်ဟုဆိုလျှင်လည်း မမှားပေ။ ယင်းသို့သော အခြေအနေမျိုးတွင် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတို့ အချိန်မရွေး ထိပါးခံရနိုင်သော  ဘေးကျပ်နံကျပ် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်မှာလည်း အမှန်ပင်ဖြစ်သည်။

နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံးအဖြစ် တိုင်းပြည် မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ရေးတို့အတွက် အတိမ်းအစောင်းမခံနိုင်သည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ဆိုသည့်အချက်အပေါ် သတိပြုပြင်ဆင်ရန် လိုအပ်နေပြီဖြစ်သည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံ၏အခြေအနေသည် ဆက်ဒမ်ဟူစိန်ခေတ်လွန် အီရတ်၊ ကဒါဖီခေတ်လွန် လစ်ဗျား၊ တီးတိုးခေတ်လွန် ယူဂိုစလားဗီးယားတို့ထက် ပိုမိုဆိုးရွားသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်ဖွယ် အခြေအနေမှာ စိုးရိမ်စရာ ဖြစ်သည်။

မြန်မာနိုင်ငံသည် Proxy War ၊ ခေတ်သစ်ကိုလိုနီဝါဒကို ထပ်ဟပ်စေသော စူပါပါ၀ါနိုင်ငံကြီးများ၏ ပြုမူလုပ်ဆောင်ချက်များနှင့် ဖိအားများကြားမှ ရှင်သန်ရုန်းထွက်နိုင်ရေးအတွက် (၁) စစ်မှန်သည့် ဒီမိုကရေစီဖြစ်ပေါ်ရေး၊ (၂) စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေး စသည့်  အချက်နှစ်ချက်ကို အဓိက ကြိုးပမ်းလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန်နှင့် နိုင်ငံ၏လွတ်လပ်ရေး မဆုံးရှုံးစေရေးအတွက် စစ်မှန်သောဒီမိုကရေစီ၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လျင်လျင်မြန်မြန် လုပ်ဆောင်ခြင်းကသာလျှင် နိုင်ငံရေးအရ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နိုင်စေပြီး ယင်းကို သက်ဆိုင်သူများက ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်း ရေးသားအပ်ပါသည်။

( ဧပြီ ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent