ဗြဟ္မာကြီး၏ဦးခေါင်း လက်လွဲပြောင်းရာ သင်္ကြန်ခါ

ဗြဟ္မာကြီး၏ဦးခေါင်း လက်လွဲပြောင်းရာ သင်္ကြန်ခါ
Published 8 April 2024

သင်္ကြန်ဟူသော ဝေါဟာရသည် သင်္ကန္တ (ပါဠိဘာသာ ) နှင့် သင်္ကြန္တ (သက္ကတဘာသာ)မှ သက်ဆင်းလာသော ဝေါဟာရဖြစ်သည်။ သင်္ကန္တ၊ သင်္ကြန္တဟူသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်။ တပေါင်းလတွင် မြန်မာနှစ်တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရေဖြင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေသည်။မည်သည့်အရာ ကူးပြောင်းသည်ကို ဇာတ်လမ်းရှာသောအခါ ဇာတ်လမ်းနှစ်မျိုး တွေ့ရှိရသည်။

တစ်ခုမှာ ဟိန္ဒူအယူဝါဒမှ ဆင်းသက်၍ ကျန်တစ်ခုမှာ နေနှင့်ကမ္ဘာလည်ပတ်ရာမှ ဆင်းသက်လာသည်။ သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး (Arsi) အငြင်းပွားကြရာ သိကြားမင်း နိုင်သဖြင့် ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို ရခဲ့သည်။ ဗြဟ္မာမင်းကြီးမှာ တန်ခိုးကြီးလှသဖြင့် ထိုဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချလျှင် ရေခန်းမည်ဖြစ်ပြီး မြေကြီးမှာထားလျှင် မီးလောင်ပျက်စီးကြမည်ဖြစ်သည်။ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်ကြမည်ဖြစ်သဖြင့် သိကြားမင်းက မည်သည့်နေရာတွင်မှ မထားလိုဘဲ လက်ထဲ၌သာ ကိုင်ထားရလေသည်။ နောက်ပိုင်းတွင် တန်ခိုးကြီးသော နတ်မင်းကြီးများကို တာဝန်လွှဲပြီး တစ်နှစ်လျှင် နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားရန် မိန့်ဆိုသည်။ ဦးခေါင်းကြီးကို တစ်ဦးလက်မှ တစ်ဦးလွှဲမည့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး ထိုအကူးအပြောင်းကာလကို သင်္ကန္တအခါဟု ဆိုကြသည်။ နှစ်တစ်နှစ်ပြည့်သည်ဟုလည်း သတ်မှတ်သည်။

နေနှင့်ကမ္ဘာလည်ပတ်ရာ ဇာတ်လမ်းမှာမူ ဗုဒ္ဓဝင်ကျမ်းများ၊ ဗေဒင်ပညာရပ်များနှင့် ဆက်စပ်သည်။ ကမ္ဘာကြီးက နေကို လှည့်ပတ်ခြင်းကို မိဿရာသီမှ စတင်ကြည့်လျှင် ပြိဿ၊ မေထုန် ... မိန်ရာသီသို့ရောက်သောအခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်ကာ တနင်္ဂနွေ ရဝိဖုဋဂြိုဟ်စင်မှ မိဿရာသီအစ သုညအင်္သာသို့ ဝင်သည်ဟု သတ်မှတ်ကာ နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသည်ဟု ဆိုသည်။ သင်္ကြန်ကျသည်ဟု သတ်မှတ်သည်။ သို့သော် နှစ်သစ်သို့ အမှန်တကယ်ကူးသည့် အချိန်မှာ နောက်ထပ် ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှ ဖြစ်သည်။ ထိုသို့ နေသွားလမ်းကို ၁၂ ရာသီခွင်နှင့် ညှိနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ခူးလအတွင်းတွင် သင်္ကြန်ကျရောက်လေသည်။ ဘုရားရှင်လက်ထက်မတိုင်မီကပင် ထိုပူပြင်းသော မိန်ရာသီမှ မိဿရာသီသို့အပြောင်းတွင် ရေကစားလေ့ရှိသည်ဟုလည်း ဆိုသည်။

သင်္ကြန်နှင့်ပတ်သက်သော သမိုင်းအချက်အလက်များ မည်သို့ပင်ကွဲပြားစေကာမူ ယနေ့ခေတ်တွင် ပိတောက်ပန်းများပွင့်သည့် တန်ခူးလတွင်ကျင်းပသည့် အတာသင်္ကြန် ရေသဘင်ပွဲတော်ကို မြန်မာနိုင်ငံတွင် အစည်ကားဆုံးနှင့် အကြီးကျယ်ဆုံး အခမ်းနားဆုံး မြန်မာနှစ်သစ်ကူးပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပလေ့ရှိသည်။ မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းများဖြင့် လှပျိုဖြူများ စည်းဝါးညီကာ လှပစွာ ကပြဖျော်ဖြေကြသည်။ မုန့်လုံးရေပေါ်များကျွေးခြင်း အလေ့အထမှာ ကျေးလက်မြို့ပြမကျန် ကျင့်သုံးလျက်ရှိသည်။ မုန့်လုံးရေပေါ်ထဲတွင် အစာသွတ်ထည့်ထားသော ထန်းလျက်ခဲအစား ငရုတ်သီးတောင့်များ ထည့်သွင်းကာ စားချင့်စဖွယ် မုန့်လုံးရေပေါ်များထဲတွင် ရောနှောကျွေးတတ်သည်​မှာလည်း ချစ်စရာအလေ့အထတစ်ခုဖြစ်သည်။ ရှေးယခင်ကာလများတွင် သပြေခက်နှင့်ငွေဖလားကို အသုံးပြုကာ ရေကစားကြသည်ဟု အဆိုရှိခဲ့သော်လည်း ယနေ့အခါတွင်မူ ရေသေနတ်များ နှင့် ရေပိုက်များအသုံးပြုကာ အတာရေသဘင်ပွဲတော်ကို ခေတ်နှင့်အညီ မဏ္ဍပ်များ တည်ဆောက်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပဆင်နွဲလျက်ရှိကြသည်။ သင်္ကြန်ရေသဘင်ပွဲတော်သည် တောရောမြို့ပါမကျန် အုန်းအုန်းကျွတ်​ကျွတ်​ ပျော်ရွှင်ကြသည့်ပွဲတစ်ခုလည်းဖြစ်သည်။ အချို့မြို့များတွင် အိုးမည်းသုတ်ခြင်းမှာလည်း ပျော်ရွှင်ဖွယ် ချစ်စရာကောင်းသည့် အလေ့အထတစ်ခုဖြစ်သကဲ့သို့ တောရွာများနှင့် အချို့မြို့များတွင် မိန်းကလေးအား ရေလောင်းခွင့်တောင်းကာ ရေလောင်းရေပက်သည့် မြန်မာ့ဟန်ကိုလည်း တွေ့ရသည်။

မြန်မာတို့နှင့် ယဉ်ကျေးမှုချင်းတူညီသည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားတို့တွင် မည်သို့သော အစဉ်အလာမျိုးရှိသည်ကိုမူ မသိရပေ။ အမည်အားဖြင့် ထိုင်းတွင် ဆောင်ခရန် (Songkran)၊ လာအိုတွင် ပီမိုင် (Pimai)၊ ကမ္ဘောဒီးယားတွင် (Chaul Chnam Thmey) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြကြောင်း သိရသည်။ မည်သို့ပင်ဆိုစေ၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရာ သင်္ကြန်အခါသမယ၌ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ၍ ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

■ ဧပြီ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent