ဘရစ် BRICS အုပ်စုနှင့်ပတ်သက်၍ အင်ဒိုနီးရှား စဉ်းစားခန်း

ဘရစ် BRICS အုပ်စုနှင့်ပတ်သက်၍ အင်ဒိုနီးရှား စဉ်းစားခန်း
Photo – The Jakarta Post
Photo – The Jakarta Post
Published 24 September 2023
 ကြယ်စင်ဖေသင်

(၁) ပြီးခဲ့သည့် သြဂုတ် ၂၄ ရက် ဂျိုဟန်နက်စဘတ်တွင် ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် ဘရစ် (BRICS) အုပ်စု ထိပ်သီးအစည်းအဝေးသို့ အင်ဒိုနီးရှားနိုင်ငံ တက်ရောက်ခဲ့ပြီး အစည်းအဝေး၌ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် တရားဝင်အဖွဲ့ ဝင်ဖြစ်တော့မည်ဟု ကြေညာခဲ့သည်။ မကြာမီ ဘရစ်အုပ်စုသည် ဘရစ်အလဲဗင်း (BRICS Eleven) အုပ်စုဖြစ်တော့မည်။ ဘရစ်အုပ်စု ထိပ်သီးအစည်းအဝေးပြီးသည့် နောက်တွင် နိုင်ငံတကာမှ စိတ်ဝင်တစားဖြစ်နေသည့် အကြောင်းကိစ္စ ဖြစ်လာသည်။ အင်ဒိုနီးရှား ဘရစ်အုပ်စုသို့ ဝင်ရောက်ခြင်း မရှိခဲ့သည့် ကိစ္စသည် နိုင်ငံတကာတွင် စိတ်ဝင်စားမှုမြင့်တက်လာသည့် အကြောင်းဖြစ်လာသည်။

(၂) အာဆီယံ၏ အဓိကကျသည့် အဖွဲ့ဝင်နိုင်ငံ၊ လူဦးရေအားကောင်းသော အစ္စလာမ္မစ်နိုင်ငံ။ မကြာသေးခင် ကာလများက သိသာသော စီးပွားရေးတိုးတက်မှုများနှင့် လူမှုရေးတည်ငြိမ်မှုများ ရှိခဲ့သည့် အင်ဒိုနီးရှား ဘရစ်အုပ်စုဝင်ရောက်ခြင်း၊ မရောက်ခြင်းသည် စိတ်ဝင်စားဖွယ်ဖြစ်နေသည်။

အင်ဒိုနီးရှားနိုင်ငံသာ ဘရစ် အုပ်စုသို့ ဝင်ရောက်ခဲ့လျှင် ဘရစ် အုပ်စုကြီးတွင် ကြီးမားသော အပေါင်းလက္ခဏာသက်ရောက်မှု ရှိနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘရစ်အုပ်စုသို့ ဝင်ရောက်ခြင်းသည် ဖြစ်စေ သို့မဟုတ် မဝင်ရောက်သည် ဖြစ်စေ လက်ရှိပထဝီနိုင်ငံရေးအရ ဘရစ်အုပ်စုသည် သိသာထင်ရှားသည့် သက်ရောက်မှုရှိသည့် အခြေအနေတစ်ခုဖြစ်သည်ဟု သုတေသီအချို့ကမူ ယုံကြည်နေကြသည်။

(၃) အင်ဒိုနီးရှား ဘရစ်အုပ်စုကို မဝင်ရောက်ခြင်းနှင့်ပတ်သက်၍  ထင်ကြေးအမျိုးမျိုးပေးနေကြသည်။ ဖော်ပြချက်တစ်ခုတွင် အင်ဒိုနီးရှားသည် ဘရစ်အုပ်စုအဖွဲ့ဝင် အဖြစ်လျှောက်ထားခဲ့သည်ဟု ရှင်းပြထားသည်။ သို့သော် လက်ရှိ ပထဝီ နိုင်ငံရေးအခြေအနေအတွက် ခြိမ်းခြောက်မှုတစ်ရပ်ပုံပေါ်လာနိုင်သောကြောင့် အိန္ဒိယနှင့် ဘရာဇီးတို့က ဆန့်ကျင်ကန့်ကွက်ကြလိမ့်ဟု ဆိုသည်။ နောက်ထပ် ရှင်းလင်းချက်တစ်ခုတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဘရစ်အုပ်စုဝင်ဖြစ်မလာခြင်းသည် အမေရိကန်နိုင်ငံနှင့် ဆက်စပ်မှုရှိနေသည်ဟု ဖော်ပြသည်။ ဘရစ်အုပ်စုဟူသော နိုင်ငံအချို့ စုစည်းမှုသရုပ်သည် အမေရိကန်ဆန့်ကျင်မှု (anti-American)၊ ဒီဒေါ်လာရိုက်ဇေးရှင်းခေါ် အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချလိုခြင်း  (de-dollarization) ကို ထောက်ခံခြင်းအဖြစ် ယူဆထားသူများလည်းရှိသည်။

(၃) အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် နီးနီးကပ်ကပ် ဆက်စပ်မှုရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဘရစ်အုပ်စုထိပ်သီး အစည်းအဝေးအတွင်း အင်ဒိုနီးရှားသည် အမေရိကန်နိုင်ငံနှင့် နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံ မှုများလည်းရှိခဲ့ပြီး ဘရစ်အုပ်စုသို့ ဝင်ရောက်ရေးမှာလည်း မဖြစ်နိုင်ခဲ့ပေ။  

 စက်တင်ဘာလ ၄ ရက်နေ့ထုတ် ဂျာကာတာပို့စ်သတင်းစာပါ  အင်ဒိုနီးရှားပညာရှင်အဖွဲ့ Tenggara Strategics ၏ဆောင်းပါးထဲ၌ အင်ဒိုနီးရှား၏ ဘရစ်အုပ်စုတွင် မပါဝင်ခဲ့ရသည့် ဆုံးဖြတ်ချက် နောက်ကွယ်ရှိ အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာထားသည်။ ၁၆ နိုင်ငံမြောက် ကမ္ဘာ့အကြီးဆုံး စီးပွားရေးအဆောက်အအုံ အင်ဒိုနီး ရှားသည် ဘရစ်အုပ်စုသို့ ဝင်ရောက်ရန်  အရည်အချင်း ပြည့်မီကြောင်း ဖော်ပြထားသည်။ အင်ဒိုနီးရှားသည် ပိုမိုသာတူညီမျှသော ကမ္ဘာ့စီးပွားရေးအစီအစဉ်ကို ထူထောင်ရန်နှင့် အမေရိကန်ဒေါ်လာအပေါ် အလွန်အကျွံအားကိုးမှုကို လျှော့ချခြင်းအပါအဝင် ဘရစ်အုပ်စုဝင်များနှင့် ဘုံရည်မှန်းချက်များစွာကို မျှဝေလုပ်ဆောင်ရန်ရှိဟုလည်း ဆိုထားသည်။

ဆောင်းပါးတွင်ဖော်ပြချက်အရ အင်ဒိုနီးရှားအစိုးရသည် ယခုနှစ် ဇူလိုင်လက ဘရစ်အုပ်စုတွင် ပါဝင်နိုင်ခြေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ သို့သော် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် ဘဏ္ဍာရေးဝန်ကြီး Sri Mulyani နှစ်ဦးက ကန့်ကွက်ခဲ့ကြသည်။ အိန္ဒိယနှင့် တရုတ်ကြား နယ်နိမိတ် တင်းမာမှုများ၊ ရုရှား- ယူကရိန်း ပဋိပက္ခများကဲ့သို့ အခြေ အနေများကို ရည်ညွှန်း၍ ဘရစ် အုပ်စုသည်  အဖွဲ့ဝင်နိုင်ငံများကြား စည်းလုံးညီညွတ်မှု ကင်းမဲ့နေသည်ဟု ထောက်ပြသည်။   ရုရှားနိုင်ငံနှင့် တူညီသောအဖွဲ့ တစ်ဖွဲ့ထဲတွင် ပါဝင်လိုက်ခြင်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်ခြေရှိသည်ဟု ရှုမြင်ခဲ့ကြပြီး အင်ဒိုနီးရှား၏ လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေး မူဝါဒအပေါ် ဆန့်ကျင်မှုဖြစ်လာနိုင်သည်ဟုလည်း သုံးသပ်ကြသည်။

(၄) BRICS ထိပ်သီးအစည်း အဝေးအပြီး ထုတ်ပြန်သည့် ဗီဒီယိုကြေညာချက်တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယခင်အစီရင် ခံစာများနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။ ၎င်းက အင်ဒိုနီးရှားက ဘရစ်အုပ်စုအဖွဲ့ဝင်ဖြစ်မှုအတွက် နည်းလမ်းများရှာဖွေခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့။ ဘရစ်အုပ်စု ဝင်ရောက်ရေး လျှောက်ထားခြင်းလည်း မရှိခဲ့ကြောင်း သမ္မတက အခိုင်အမာ ပြောဆိုထားသည်။ ထို့ပြင် အင်ဒိုနီးရှားသည် ဘရစ်အုပ်စုသို့ဝင်ရောက်ရန် စိတ်ဝင်စားမှုကို တရားဝင် ဖော်ပြမထားသော်လည်း  “ကမ္ဘာ့ဖွံ့ဖြိုး ဆဲနိုင်ငံများအကြား စည်းလုံးညီညွတ်မှု မြှင့်တင်ရန်” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆိုထားသည်။  

ပေကျင်းအခြေစိုက် ANBOUND သုတေသနအဖွဲ့မှ သုတေသီများက ဘရစ်အုပ်စုတွင်ပါဝင်ရန် အင်ဒိုနီးရှားသည်  ငြင်းဆိုသည့် သဘောမျိုး မဟုတ်ဟု သုံးသပ်သည်။  အင်ဒိုနီးရှားသည် ချမ်းသာပြီး စီးပွားရေးအားကောင်းသော နိုင်ငံများစုစည်းနေသည့်  အိုအီးစီဒီ (OECD) တွင် ပါဝင်ရန် သိသာသော စိတ်ဝင်စားမှုနှင့် မျှော်လင့်ချက်များကို ဖော်ပြထားသည့် နိုင်ငံ ဖြစ်သည်။ အင်ဒိုနီးရှား သုတေသန အဖွဲ့ Tenggara Strategics ၏ ခွဲ ခြမ်းစိတ်ဖြာချက်အရ အင်ဒိုနီးရှားသည် ၎င်း၏ ကိုယ်ပိုင်လမ်းကြောင်းကို အခြားထွန်းသစ်စ နိုင်ငံများနှင့် မတူဘဲ ကွဲပြားစွာပုံဖော်လျက်ရှိနေသည်။ လက်ရှိအခြေအနေတွင် အနောက်ကမ္ဘာမှ ချမ်းသာကြွယ်ဝသည့် ၃၈ နိုင်ငံပါဝင်သည့် အိုအီးစီးဒီအဖွဲ့နှင့် ဆက်သွယ်လုပ်ဆောင်ခြင်းသည် နိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့် အကောင်းဆုံး ကိုက်ညီနေသည်ဟု တွက်ချက်ထား၏။ ထိုအဖွဲ့ကို ဝင်ခွင့်ရခဲ့လျှင် အင်ဒိုနီးရှားသည် ဂျပန်နှင့် တောင်ကိုရီးယားပြီးလျှင် အိုအီးစီဒီ၏ တတိယမြောက် အာရှအဖွဲ့ဝင် နိုင်ငံဖြစ်လာမည်ဖြစ်သည်။ 

(၅) အင်ဒိုနီးရှား၏ ရှုထောင့်မှ ကြည့်လျှင် ဘရစ်အဖွဲ့သို့ဝင်ရောက် ရေးကိစ္စအပေါ် သိမ့်မွေ့စွာ ငြင်း ဆိုမှုသဘောဖြစ်သော ၎င်း၏သံတ မန်ရေးရာ ဆုံးဖြတ်ချက်သည် ၎င်း၏အမျိုးသားအကျိုးစီးပွား၊ ပထဝီဝင်နိုင်ငံရေး မဟာဗျူဟာတို့နှင့် ကိုက်ညီသည်ဟုဆိုနိုင်သည်။ ဖွံ့ဖြိုး တိုးတက်မှုအတွက် အဆက်မပြတ် အားထုတ်နေသော ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံတစ် နိုင်ငံအနေဖြင့် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှု အရှိန်မြင့်မားလာနေသော ယခုအချိန်တွင် တစ်နိုင်ငံလုံး၏အကျိုးစီးပွားနှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ လုပ်ဆောင်ရာတွင် ဂရုတစိုက်အလေးထားသင့်သည်။ နိုင်ငံ၏ ရေရှည်အမျိုးသား အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်သည်။

(၆) ဘရစ်အုပ်စုတွင် အဖွဲ့ဝင် ၁၁ နိုင်ငံဖြစ်လာခဲ့လျှင် အဖွဲ့၏ လူဦးရေသည် စုစုပေါင်း ၃ ဒသမ ၆၈ ဘီ လျံဖြစ်လာပြီး စုစုပေါင်း မြေဧရိယာစတုရန်းကီလိုမီတာ ၄၈ ဒသမ ၁၈ သန်းပေါ်တွင်  ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၄၆ ရာခိုင်နှုန်း နေထိုင်သောဒေသဖြစ်လာမည်။ ၂၀၂၂ ခုနှစ် ၎င်း၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ ထရီလီယံရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၂၉ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည်။ အုပ်စုတိုးချဲ့ပြီးနောက် လူဦးရေနှင့် စီးပွားရေးအခြေအနေ ကျယ်ပြန့်လာနိုင်သော်လည်း ဘရစ်အုပ်စုသည်  တောင်-တောင် ပူးပေါင်းဆောင်ရွက်မှု (South-South Cooperation) ကို အလေးပေးထားသည့် နိုင်ငံပေါင်းစုံအဖွဲ့အစည်းအဖြစ် ဆက်လက်တည်ရှိနိုင်သည်။ အဖွဲ့ဝင်နိုင်ငံအားလုံးနီးပါးသည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး ၎င်းတို့အဖွဲ့ဝင် တစ်နိုင်ငံချင်းအပေါ် ၎င်း၏စီးပွားရေးသက်ရောက်မှုမှာ အကန့်အသတ်ရှိနေဆဲဖြစ်သည်။

(၇) လက်ရှိအခြေအနေတွင် အင်ဒိုနီးရှားနိုင်ငံသည် ဘရစ်အုပ်စုနှင့် ရည်မှန်းချက်များ မျှဝေလျက် အတူတကွ လုပ်ဆောင်မှုရှိသော်လည်း တရုတ်နှင့် ရုရှားတို့ ဦးဆောင်မှုဖြင့် “အရှေ့ကိုလိုလား၍၊ အနောက် ဆန့်ကျင်သော”အုပ်စု (pro-Eastern, anit-Western group) အဖြစ်သို့ “လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်သလော” ဟူသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

ထို့ပြင် ဘရစ်အုပ်စုအဖွဲ့ဝင် နိုင်ငံအသီးသီးသည် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် နေကြရပြီး အုပ်စုအနေဖြင့် ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးနိုင်သည့်စွမ်းရည်ရှိ၊ မရှိ အပေါ်တွင်လည်း သံသယရှိနေသည်။ ဘရစ်အုပ်စုသည် သိသိသာသာ ချဲ့ထွင်မှုများရှိနေသည့်တိုင် ကျယ်ပြန့်စွာ လွှမ်းခြုံနိုင်သည့် သြဇာလွှမ်းမိုး မှုကင်းမဲ့နေသေးခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်မှာပင် အကန့်အသတ်ဖြင့်သာ ဆွဲဆောင် နိုင်မှုရှိနေခြင်းတို့သည်လည်း အင်ဒိုနီးရှား၏ ဆုံးဖြတ်ချက်နှင့် ဆက်စပ်မှုရှိနေသည်။

(၈) ဘရစ်အုပ်စု ထူထောင်သူ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးနှင့် ပထဝီဝင် စီးပွားရေးစိန်ခေါ်မှုများ ပိုမိုရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။ တရုတ်နိုင်ငံ ကျားကုတ်ကျားခဲ အကောင်အထည်ဖော်နေသည့် ခါးပတ်လမ်း အစီအစဉ် (Belt and Road Initiative - BRI) ထက ပို၍စိန်ခေါ်မှုများသော၊ မသေချာသော အခြေအနေများလည်း ပေါ်ပေါက်လာနိုင်သည်။   

အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံ သြဇာမြင့်မားလာမှုအပေါ် ထိန်းချုပ်ရေးကို ၎င်းအမျိုးသားလုံခြုံရေး ဦးစားပေးမှုတွင် ထည့်သွင်းထားလျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့်လည်း ပြန်လည်တုံ့ပြန်နိုင်ရေး နိုင်ငံစုံပါဝင်သည့် ပလက်ဖောင်းများကို အသုံးချ၍ လုပ်ဆောင်လာနိုင်သည်။ လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးအခင်းအကျင်းတွင် ထိပ်တိုက်ရင်ဆိုင်ရေးကို အခြေခံထားလျှင် ရည်မှန်းချက်ရောက်ရှိရေး ပြင်းပြင်းထန်ထန် ရုန်းကန်ရနိုင်သည်ကို တရုတ်နိုင်ငံအနေဖြင့် သိရှိသဘောပေါက်ရန် လိုသည်။

 အချိန်ကာလသည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ထဲတွင် နိုင်ငံအားလုံးသည်  ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများကို မျှော်၍ လျှောက်လှမ်းနေကြသဖြင့် အခြေအနေ၊ အချိန်အခါနှင့် လျော်ညီစွာ ပွင့်လင်းမြင်သာရှိမှု၊ နိုင်ငံတကာနှင့် ပိုမိုကျယ်ပြန်သည့် ပူးပေါင်းလုပ်ဆောင်နိုင်မှုဟူသော လမ်းကြောင်းပေါ်တွင်သာ အလုပ်ဖြစ်မည်ဟု ယူဆရသည်။

(၉) အင်ဒိုနီးရှားနိုင်ငံ ဘရစ်အုပ်စုသို့ ဝင်ရောက်ခြင်း၊ မဝင်ရောက်ခြင်းနှင့်ပတ်သက်၍ လေ့လာမှုများတွင် အင်ဒိုနီးရှားခေါင်း ဆာင်များ၏ သိမ်မွေ့စွာပြုမူခဲ့သည့် အရှောင်အတိမ်းများကိုတွေ့ရသည်မှာ နိုင်ငံတကာရေးရာ လေ့လာသူများအတွက် မှတ်သားဖွယ် တစ်ခုဖြစ်ခဲ့သည်။ ပထဝီနိုင်ငံရေး မဟာဗျူဟာများဖြင့် ပုံဖော်နေကြသည့် ယနေ့ကမ္ဘာ့မြင်ကွင်းထဲတွင်  ထွန်းသစ်စနိုင်ငံများ (အခြေအနေအရပ်ရပ် ကောင်းမွန်တိုးတက်လာသော နိုင်ငံများ) သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုမူတည်လျက် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်ကာ ၎င်းတို့လိုအပ်သည့် အခြေအနေများကို ပုံဖော်လာနိုင်သည်ဟူသော အခြေအနေကိုလည်း အများစုက သတိပြုလာကြသည်။   

 ထို့ပြင်ဘရစ်အုပ်စု အဖွဲ့ လှုပ်ရှားမှုများ၏သက်ရောက်မှု၊ ကိုယ်စားပြုမှုနှင့် ဆွဲဆောင်မှုတို့သည် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ အခြေအနေများနှင့် အနည်းငယ်မျှသာ ဆက်စပ်မှုရှိပြီး နုနယ်လျက် ရှိနေသေးသည်။ ထိလွယ်ရှလွယ်၊ ကျိုးပဲ့လွယ်သော အခြေအနေရှိနေ သေးသည်ဟုလည်း မှန်းဆပြောဆိုနေကြ၏။    

www.eurasiareview.com

 

Most Read

Most Recent