လက်ဝဲဝါဒီ အာဏာရှင်ကြီးများကြားက ၁၀ နှစ်သားအရွယ် ဒီမိုကရေစီကလေးငယ်

လက်ဝဲဝါဒီ အာဏာရှင်ကြီးများကြားက ၁၀ နှစ်သားအရွယ် ဒီမိုကရေစီကလေးငယ်
Published 17 September 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ဆာလောင်မွတ်သိပ်လျက်ရှိသည့် သားရဲတိရစ္ဆာန်ကြီးများအကြားတွင် ၎င်းတို့၏အစာဖြစ်သော ငယ်ရွယ်သည့် တိရစ္ဆာန် ကလေးတစ်ကောင်အနေနှင့် အသက်ရှင်သန်ရန် အကြောင်းမရှိပါ။ ဥပမာအားဖြင့် ဆာလောင်မွတ်သိပ်လျက်ရှိသည့် ခြင်္သေ့အုပ်ကြီးများအကြားတွင် ၎င်းတို့၏အစာဖြစ်သည့် သမင်ငယ်ကလေး တစ်ကောင်အနေဖြင့် အသက်ရှင်ရန် အကြောင်းမရှိဘဲ ခြင်္သေ့ကြီးများ၏ အစားအစာအဖြစ်သို့ အလိုအလျောက် အလွယ်တကူ ရောက်ရှိသွားမည်သာ ဖြစ်ပါသည်။

ထိုနည်းတူစွာ အာဏာကို ငမ်းငမ်းတက် ဆာလောင်မွတ်သိပ်လျက်ရှိကြသည့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများအကြားတွင် အတတ်ပညာ၊ အသိပညာ၊ ဉာဏ် ပညာတို့ကို အခြေခံကာ ယဉ်ကျေး သိမ်မွေ့စွာ တည်ဆောက်ရသည့် ဒီမိုကရေစီစနစ်နှင့် ငယ်ရွယ်နုနယ် လှသေးသည့် ၁၀ နှစ်သားအရွယ် လွတ်လပ်ရေး ရရှိပြီး အချုပ်အခြာအာဏာကို စတင်ကျင့်သုံးသည့် တိုင်းပြည်နိုင်ငံကလေးမှာ လက်ဝဲဝါဒီအာဏာရှင်ကြီးများ၏ ရိုင်းစိုင်းစွာ ၀ိုင်းဝန်း အမဲဖျက်ခြင်းကို ခံလိုက်ရပြီးလျင် တစ်စစီ ကြေကွဲ (ကြေမွ) ပျက်စီးစေခဲ့ရသည်မှာ ယနေ့ထက်တိုင် သွေးထွက်သံယိုဖြစ်ကာ သေကျေပျက်စီးလျက်ရှိနေ ပြီးလျှင် သွေးတိတ်စေရန်နှင့် သေကျေပျက်စီးခြင်းကို ရပ်တန့်စေရန် အကောင် အထည်ဖော်ဆောင်ရွက် နိုင်ခြင်း မရှိသေးပါ။

စာရေးသူနှင့် ရင်းနှီးသည့် ဆရာကြီးတစ်ဦးက ရှင်းလင်းပြောပြသည်ကို စာရေးသူ သိမြင်နားလည်သည့်အတိုင်း တင်ပြပါမည်။ ဆရာကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးစအချိန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသည့် အခြေအနေကို လွန်စွာလှပသည့် မိန်းကလေးတစ်ဦးနှင့် နှိုင်းယှဉ်ပြီး ဥပမာပေးကာ ပြောပြပါသည်။ လွန်စွာလှပသော မိန်းကလေး ၁၀ နှစ် အရွယ်သို့ ရောက်ရှိသည့်အချိန်တွင်မူ ရိုင်းစိုင်းလှသည့် လူယုတ်မာယောကျ်ားကြီးများက ၀ိုင်းဝန်း မုဒိမ်းကျင့်ကြသဖြင့် အရွယ်မရောက်ရှိမီ ကိုယ်ဝန်ရရှိပြီး အလွန်လှပသည့် မိန်းကလေးဘဝ ပျက်စီး ခဲ့ရပါသည်။

အဆိုပါ အလွန်လှပခဲ့သည့် မိန်းကလေး၏ဘဝသည် ကယ်ရာမဲ့ ကူရာမဲ့ အခြေအနေနှင့် ယနေ့ထက်တိုင် ဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်းပြီး ခံစားလျက်ရှိနေပါသည်။ မိန်းကလေးအနေဖြင့် ဆိုးရွားပြင်းထန်လွန်းလှသည့်  ဘဝအခြေအနေမှ မိမိတွင်ရှိသည့် အင်အားကလေးနှင့် မိမိဘာသာ ကိုယ်တိုင်ရုန်းထွက်နိုင်ရန်မှာလည်း မဖြစ်နိုင်သည့် အခြေအနေတွင် ရောက်ရှိနေပါသည်။

ယခုဆောင်းပါးတွင် တင်ပြမည့် အကြောင်းအရာများသည် စာရေးသူ မမွေးဖွားမီ အချိန်ကာလတွင် ဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာများ ကိစ္စရပ်များဖြစ်ပါသဖြင့် စာရေးသူအနေဖြင့် ကိုယ်တိုင် သိမြင် ကြားသိခဲ့ရသည့် သတင်းအချက်အလက်များ မဟုတ်ပါ။ ထိုစဉ်အချိန်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအနေဖြင့် အတွေ့အကြုံများကို အခြေခံကာ ဝေဖန်ဆန်းစစ် ရေးသားတင်ပြနိုင်မည်ဆိုပါက ပိုမို ကောင်းမွန်မည်ဖြစ်ပါသည်။

သို့သော်လည်း စာရေးသူသည် အချို့သောစာရေးဆရာကြီးများ၏ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့သည့် တိုက်ရိုက်အတွေ့အကြုံများကို အခြေခံကာ ရေးသားတင်ပြချက်များကို ဖတ်ရှုလေ့လာသည့်အခါတွင် အဆိုပါစာရေး ဆရာကြီးများ ကိုယ်တိုင်ကပင်လျှင် လက်ဝဲဝါဒီ အာဏာရှင်ကြီးများ ဖြစ်နေသည်ကို ထူးခြားစွာ လေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် စာရေးသူအနေဖြင့် ရေးသားထုတ်ဝေထားရှိသည့် စာအုပ်စာတမ်း စာစောင်များထဲမှ လက်လှမ်းမီ ဖတ်ရှုလေ့လာရရှိနိုင်စေမည့် သတင်းအချက်အလက်များကို အခြေခံကာ စာရေးသူ၏ အတွေ့အကြုံ စဉ်းစားတွေးခေါ်မှုများနှင့် ပေါင်းစပ်ကာ ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။ အထူးသဖြင့် (Reference: 1) ကို အခြေခံကာ ဖတ်ရှုလေ့လာ ဝေဖန် ဆန်းစစ် အကြံပြုတင်ပြမည်ဖြစ်ပါသည်။

ဤတွင် မေးခွန်းမှာ “လွတ်လပ်ရေး မရရှိမီနှင့် လွတ်လပ်ရေးရရှိပြီးစ အချိန်ကာလတွင် မြန်မာနိုင်ငံကို ဦးစီးဦးဆောင်ပြုလျက်ရှိကြသည့် အများစုသော မြန်မာ့ နိုင်ငံရေးခေါင်းဆောင်ကြီးများသည် လက်ဝဲဝါဒီ အာဏာရှင်ကြီးများဖြစ်ကြပါသော်လည်း လွတ်လပ်ရေး ရရှိပြီးစအချိန်တွင် အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ချမှတ် ပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသလဲ”ဖြစ်ပါသည်။

အထက်ဖော်ပြပါ မေးခွန်း၏ အဖြေကို ယခုဆောင်းပါးအဆင့်နှင့် ပြည့်စုံအောင်ဖြေကြားရန် မဖြစ်နိုင်ပါ။ မြန်မာ့နိုင်ငံရေးကို ရှေ့မီ၊ နောက်မီ လူပုဂ္ဂိုလ်ကြီးများက အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ် စဉ် ဖြစ်ရပ်များကို အခြေခံကာ စဉ်းစားတွေးခေါ်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာဆန်းစစ်တင်ပြနိုင်မည်ဆိုပါက အနာဂတ် မြန်မာနိုင်ငံအတွက် သင်ခန်းစာများကို ရယူကာ ကောင်းကျိုးများ ဖြစ်ထွန်းစေမည့် ဒီဇိုင်း မိုဒယ်ပုံစံကို ဖော်ထုတ်နိုင်မည်ဟု ထင်မြင်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရရှိမီအချိန်နှင့် လွတ်လပ်ရေး ရရှိပြီးစအချိန်များတွင် ရပ်တည် ရှင်သန်ခဲ့ကြသည့် နိုင်ငံရေးသမား အများစုသည် လက်ဝဲဝါဒီအာဏာရှင်ကြီးများ ဖြစ်ခဲ့ကြပါသော်လည်း လွတ်လပ်ရေး မရရှိမီ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် “ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ”၊ လွတ်လပ်ရေး ရရှိချိန် တရားဝင် ကြေညာခဲ့သည့် “လွတ်လပ်ရေး ကြေညာစာတမ်း”၊ လွတ်လပ်ရေး ရရှိပြီးချိန်  စတင်ကျင့်သုံးအကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် “ပါလီမန်ဒီမိုကရေစီ” နိုင်ငံရေး စနစ်တို့ကို ကျင့်သုံးအကောင်အထည်ဖော်ခဲ့ခြင်းများကို ထူးခြားစွာ လေ့လာ သိရှိခဲ့ရပါသည်။

ဖော်ပြပါ အတတ်ပညာ၊အသိပညာ၊ ဉာဏ်ပညာတို့ကို အခြေခံသည့် ပါလီမန်ဒီမိုကရေစီစနစ်မှာ ၁၀ နှစ်သားအရွယ်သို့ ရောက်ရှိချိန် ခန့်မှာပင် အင်အားကို အခြေပြုသည့် လက်ဝဲဝါဒီ အာဏာရှင်ကြီး များ၏လက်အောက်တွင် စတင်ကျဆုံး ပျောက်ကွယ်ခဲ့ရသည်ကို သက်ဆိုင်သူအားလုံးအပါအဝင် ပြည်သူ ပြည်သား နိုင်ငံသားအပေါင်းတို့အနေဖြင့် အလွယ်တကူ သိမြင်နား လည်နိုင်ကြစေရန်နှင့် ဖော်ပြပါ အခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေရန် ရုန်းထွက်နိုင်စေမည့် နည်းလမ်းများကို ပြည်သူ ပြည်သား နိုင်ငံသားများအား သေကျေပျက်စီးမှု အနည်းဆုံး၊ ထိခိုက်ပွတ်တိုက်မှု အနည်းဆုံးနှင့် ရှာဖွေတွေ့ရှိပြီးလျှင် လက်တွေ့ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ လွတ်လပ်ရေးမရရှိမီ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် “ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ”ကို  (Reference: 1) တွင် ဖော်ပြထားသည့်အချက်များအား အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ ထိုစဉ်အ ချိန်ကာလ သမိုင်းကြောင်း အခြေအနေကိုမူ ယခုဆောင်းပါးတွင် ရေးသားတင်ပြခြင်းမပြုတော့ပါ။ စာရေးသူသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 50, Vol. 17 တွင် “သမိုင်းထောင်ချောက်အတွင်းသို့ ကျဆင်းလျက် (Historical Trap)” ခေါင်းစဉ်ဖြင့် ရေးသားတင်ပြခဲ့ပါသည်။ ယခုတင်ပြမည့် ဆောင်းပါးကို အထက်ဖော်ပြပါဆောင်းပါးနှင့် တွဲဖက်ဖတ်ရှု လေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။

စာဖတ်သူများ တွေ့မြင်သိရှိ ပြီးဖြစ်မည်ဟု ထင်မြင်ပါသည်။ လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှ စတင်ကာ ယနေ့အချိန်အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေသုံးမျိုးကို  ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြပါသည်။ ၎င်းတို့မှာ (၁) ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ (၂) ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်  (၃) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ဖြစ်ကြပါသည်။

အထက်ဖော်ပြပါ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အခြားဖွဲ့စည်းပုံအခြေခံ ဥပဒေနှစ်ခုနှင့် နှိုင်းယှဉ်လေ့လာ ကြည့်ပါမည်။ စာဖတ်သူများအနေဖြင့်လည်း နှိုင်းယှဉ်လေ့လာကြည့်ကြပါရန် အကြံပြုတိုက်တွန်းအပ်ပါသည်။ စာရေးသူသည် ဥပဒေပညာရပ်များကို အထူးပြုလေ့လာသည့် ပညာရှင်တစ်ဦး မဟုတ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးလည်း မဟုတ်ပါသဖြင့် စာရေးသူအနေဖြင့် သာမန်ပြည်သူ ပြည်သားတစ်ဦး၏ အမြင်သက်သက်ဖြင့် သိမြင်နားလည်မှု အခြေအနေကိုသာ ရှင်းလင်းတင်ပြနိုင်ပါသည်။

ပထမအချက်အနေနှင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းအားထုတ်သည့် အချိန်ကာလသည် ဗြိတိသျှ-အင်္ဂလိပ်တို့၏ ကိုလိုနီအုပ်ချုပ်မှုအချိန်ကာလအတွင်း ဖြစ်သည်ဟု လေ့လာတွေ့ရှိရပြီး အချိန်ကာလအားဖြင့် အလွန်တိုတောင်းသည့် အနေအထားတွင် ပြုစုရေးသား ပြင်ဆင်ခဲ့ရကြောင်းကိုလည်း သိရှိရပါသည်။ ကျန်ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ခုနှင့် နှိုင်းယှဉ်ပါက ပြုစု ပြင်ဆင် ရေးသားရသည့်အချိန်မှာ အလွန်တိုတောင်းခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဒုတိယအချက်အနေဖြင့် အချိန်တိုအတွင်း ပြုစုပြင်ဆင်ရေးသားခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ၏ ထူးခြားချက်များမှာ စာရေးသူအနေနှင့် ဦးတည်ချက်ထားရှိပြီး ရေးသားတင်ပြလျက်ရှိသည့် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်းနှင့် တိုင်းပြည် နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများအား ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်နေထိုင်နိုင်ခြင်းများကို အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ထည့်သွင်းထားရှိသည်ကို လေ့လာတွေ့ရှိရခြင်းပင် ဖြစ်ပါသည်။

ဥပမာအားဖြင့် ရှင်းလင်းတင်ပြရပါလျှင် - တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ကို အခြေပြုထားရှိခြင်း၊ မူလအခွင့်အရေးများ (Fundamental Rights) ကို အောက်ပါအတိုင်း သီးခြား ခေါင်းစဉ်များနှင့် ရှင်းလင်းပြတ်သားစွာ ဖော်ပြထားရှိခြင်း၊ ညီမျှမှု အခွင့်အရေးများ (Rights of Equality)၊ လွတ်လပ်မှု အခွင့်အရေးများ (Rights of Freedom)၊ ဘာသာသာနာရေးဆိုင်ရာအခွင့် အရေးများ (Rights Relating to Religion)၊ ယဉ်ကျေးမှုနှင့် ပညာ ရေးဆိုင်ရာအခွင့်အရေးများ (Cultural and Educational Rights)၊ စီးပွားရေးဆိုင်ရာအခွင့်အရေးများ (Economic Rights)၊ ရာဇဝတ်ဥပဒေဆိုင်ရာအခွင့်အရေးများ (Rights in Relation to Criminal Law)၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကာကွယ်နိုင်၊ ရယူနိုင်သော အခွင့်အရေးများ (Rights to Constitutional Remedies) တို့ ဖြစ်ကြပါသည်။ ထို့ပြင် မူများ (Principles) နှင့် မူဝါဒ (Policy) ကိုလည်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

တတိယအချက်အနေဖြင့် ဗြိတိသျှ-အင်္ဂလိပ်တို့၏ ကိုလိုနီ အုပ်ချုပ်မှုအချိန်ကာလအတွင်း ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း စစ်အုပ်ချုပ်ရေးအချိန်ကာလများအတွင်း ရေးဆွဲပြဋ္ဌာန်းခဲ့ကြသည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် နှိုင်းယှဉ်လေ့လာ ကြည့်ကြပါရန် ထပ်မံပြီး စာဖတ်သူ များအား တိုက်တွန်းမေတ္တာရပ်ခံလို ခြင်း ဖြစ်ပါသည်။ ထို့ပြင် စာဖတ်သူများအနေဖြင့် ပရော်ဖက်ရှင်နယ်ကျကျ ဝေဖန်သုံးသပ်ကြည့်ကြစေလိုပါသည်။

ဒုတိယအနေဖြင့် စာရေးသူအနေနှင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေ့လာဆန်းစစ်ကြည့်ရာတွင် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်ထောင်စု မြန်မာနိုင်ငံအတွက် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် တိုင်းပြည် နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားနိုင်ငံသားများ အား ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ အသက်ရှင်နေထိုင်နိုင်ခြင်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သတင်းအချက်အလက်များစွာ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

သို့သော်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက် ကြသူများသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါဝင်သည့် အချက်များကို လေးစားလိုက်နာ ခြင်းမရှိကြဘဲ လုပ်ကိုင်ဆောင်ရွက် ခဲ့ကြသည်များအား (Reference: 2) တွင် ဖော်ပြထားသည်များကို အခြေခံကာ တိုက်ရိုက် စကားလုံးများနှင့် အသုံးပြုပြီး ရှင်းလင်း တင်ပြပါမည်။ “စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းခြင်း”အား “ကူဒိတာ”ဟု မူရင်းပြင်သစ်စကားလုံး (Coups d’etat) ကို တိုက်ရိုက်အသံ ထွက်နှင့် ရယူအသုံးပြုထားသည်ကို လေ့လာတွေ့ရှိရပါသည်။

“ကျွန်တော်တို့ ဗမာပြည်ရဲ့ ၁၀ နှစ်အရွယ် ငယ်ရွယ်နုနယ်လွန်းလှတဲ့ လွတ်လပ်ရေးသ္မီးပျိုလေးကို တိုင်းပေါ် ပြည်ပေါ် ကမ္ဘာပေါ်မှာ ကျော်မကောင်း ကြားမကောင်းဖြစ်အောင် အရှက်တကွဲအကျိုးနဲပြီး မုဒိမ်းကျင့်ခံလိုက်ရတဲ့ အဖြစ်အပျက်ကြီးကို ရှက်ရှက်နဲ့ဘဲ တင်ပြတိုင်ကြားလို၍ဖြစ်ပါတယ်။” (Reference: 2,pp-1).

“ဒီအဖြစ်အပျက်ကြီးကတော့ တခြားဟာမဟုတ်ပါဘူး၊ အားလုံး သိတော်မူတဲ့အတိုင်း ၂၆ ရက်နေ့က “စစ်တပ်ကတိုင်းပြည်ကို အာဏာသိမ်းလိုက်တဲ့ အဖြစ်အပျက်ကြီးဘဲဖြစ်ပါတယ်။ တနည်းအားဖြင့် လူတစုက တပ်မတော်ကြီးအတွင်းက စစ်တပ်လက်နက်အချို့နဲ့ လှုပ်ရှားချိမ်းခြောက်ပြီး နန်တွင်း၊ ရုံးတွင်း အရေးတော်ပုံတခုကို ဖန်တီးလိုက်ခါ အာဏာသိမ်းပိုက်လိုက် သည့် အဖြစ်အပျက်ကြီးဘဲ ဖြစ်ပါတယ်။” (Reference: 2,pp-1).

“ကာယကံရှင် ဝန်ကြီးချုပ် ဦးနု။   ။ အလွန်ရင်းနှီးသော ပုဂ္ဂိုလ်များက သွားရောက်မေးမြန်းကြရာ ဦးနုက “ဒီလိုအခြေအနေမျိုးမှာ သွေးထွက်သံယိုမရှိအောင် လုပ်ရတဲ့ အကောင်းဆုံးနည်းကတော့ ဒီနည်းဘဲရှိမယ်လို့ ယူဆတယ်ဟု ပြောဆိုလိုက်ကြောင်း သတင်းစာများတွင် ဖတ်ရှုရသည်။ (အဓိပ္ပာယ်မှာ ဒီလိုမှ မလိုက်လျောလိုက်လျင် အဘမ်းအဆီး သွေးထွက်သံယိုမှု တွေ ရှိလိမ့်မယ်လို့ အဓိပ္ပာယ်ပြန် ထွက်နေသည်။)” (Reference: 2,pp-14).

“လူထုက အာဏာရှိသော နိုင်ငံအမျိုးအစားထဲမှ စစ်တပ်ကသာ အာဏာရှိသော နိုင်ငံအမျိုးအစားထဲသို့ သက်ဆင်းသွားပေပြီလို့ တကမ္ဘာလုံးက သိမှတ်ခံလိုက်ရခြင်းဟာ ဒီတကွေ့မှာဖြင့် ယူကြုံး မရဖြစ်ရတဲ့ အမဲစက်ကြီးဘဲဖြစ်ပါတယ်။” (Reference: 2,pp-20).

တတိယအနေဖြင့် အထက်တွင် ဖော်ပြခဲ့သော သတင်းအချက်အလက်များသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက် ကြသူများ ၁၀ နှစ်တာကာလသို့ ရောက်ရှိချိန်တွင် တွေ့ကြုံ ရင်ဆိုင် ရလျက်ရှိသည့် အခြေအနေဖြစ်ပါသည်။ စာရေးသူအနေဖြင့် “အဘယ်ကြောင့် အထက်ပါကဲ့သို့ အခြေအနေမျိုး ဖြစ်ထွန်းပေါ် ပေါက်လာရပါသလဲ” ဆိုသည့် အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်မိရာတွင် (စာ - ၄ ပုံပါအ တိုင်း) တွေ့ရှိရပါသည်။ စာဖတ်သူများ အလွယ်တကူသိမြင်နိုင်စေရန် ပုံတွင်ဖော်ပြထားပါသည်။

ထိုစဉ်အချိန်က မြန်မာနိုင်ငံတွင် အမှန်တကယ် တည်ရှိနေသည့် နိုင်ငံရေးသမားအမျိုးအစားများမှာ ကွန်မြူနစ်ဝါဒီများ၊ ဆိုရှယ်လစ်ဝါဒီများ၊ ရွေးကောက်ခံ လူပုဂ္ဂိုလ် အာဏာရှင်ကြီးများ၊ လက်နက်ကိုင် ခေါင်းဆောင်ကြီးများနှင့် စစ်အာဏာရှင်ကြီးများ ဖြစ်ကြပါသည်။ အဆိုပါ လူပုဂ္ဂိုလ်ကြီးများ အကြားတွင် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာတို့ကို အခြေခံကာ ယဉ်ကျေးသိမ်မွေ့စွာ တည်ဆောက်ရသည့် ဒီမိုကရေစီစနစ် ထွန်းကား ပြန့်ပွားရန် မဖြစ်နိုင်ပါ။

လွတ်လပ်ရေး ရရှိပြီးစအချိန် မြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည့် ပါလီမန်ဒီမိုကရေစီစနစ်သည် ဆာလောင်မွတ်သိပ် လျက်ရှိသည့် ခြင်္သေ့အုပ်ကြီးအတွင်းသို့ မျက်စိလည်လမ်းမှားပြီး ရောက်ရှိလာသည့် သမင်ငယ် ကလေးအသွင် ဖြစ်နေပါတော့ သည်။ ထို့ကြောင့်လည်း လက်ဝဲဝါဒီ အာဏာရှင်ကြီးများကြားက ၁၀ နှစ်သားအရွယ် ဒီမိုကရေစီကလေး ငယ်ကလေးမှာ ၀ိုင်းဝန်းဖျက်ဆီး ခြင်းကို ခံလိုက်ရပြီးလျှင် ယနေ့ ထက်တိုင်အောင်ပင် ဒီမိုကရေစီ သဘောတရားများ၊ ဒီမိုကရေစီ၏ အနှစ်သာရများကို တန်ဖိုးထား မြတ်နိုးပြီး အမြစ်တွယ်ရှင်သန်လာ စေရန် ပြုစုပျိုးထောင်ကာ ရှင်သန် ဖွံ့ဖြိုးလာစေရန် ကြိုးပမ်းအားထုတ် မည့် နိုင်ငံရေးသမားကြီးများ ဖြစ်ထွန်းပေါ်ပေါက်နိုင်ခြင်း မရှိသကဲ့သို့ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အခြေအနေ အခွင့်အလမ်းမှာလည်း နည်းပါးရှားပါးလျက်ပင် တည်ရှိနေဆဲဖြစ်သည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလို သည်မှာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရရှိမီအချိန်နှင့် လွတ်လပ်ရေးရရှိပြီးစအချိန်များတွင် ရပ်တည်ရှင်သန်ခဲ့ကြသည့် နိုင်ငံရေးသမားအများစုသည် လက်ဝဲဝါဒီအာဏာရှင်ကြီးများ ဖြစ်ခဲ့ကြပါသော်လည်း လွတ်လပ်ရေး မရရှိမီ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် “ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ”၊ လွတ်လပ်ရေးရရှိချိန် တရားဝင် ကြေညာခဲ့သည့် “လွတ်လပ်ရေးကြေညာ စာတမ်း”၊ လွတ်လပ်ရေးရရှိပြီးချိန် စတင်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “ပါလီမန်ဒီမိုကရေစီ” နိုင်ငံရေးစနစ်တို့ကို ကျင့်သုံး အကောင်အထည် ဖော်ခဲ့ခြင်းများအား ထူးခြားစွာ လေ့လာသိရှိခဲ့ရပါသည်။

ဖော်ပြပါ အတတ်ပညာ၊အသိပညာ၊ ဉာဏ်ပညာတို့ကို အခြေခံ သည့် ပါလီမန်ဒီမိုကရေစီစနစ်မှာ ၁၀ နှစ်သားအရွယ်သို့ ရောက်ရှိချိန် ခန့်မှာပင် အင်အားကို အခြေပြုသည့် လက်ဝဲဝါဒီ အာဏာရှင်ကြီးများ၏ လက်အောက်တွင် စတင် ကျဆုံးပျောက်ကွယ်ခဲ့ရသည်ကို သက်ဆိုင်သူအားလုံးအပါအဝင် ပြည်သူ ပြည်သား နိုင်ငံသား အပေါင်းတို့အနေဖြင့် အလွယ်တကူ သိမြင်နားလည် နိုင်ကြစေရန်နှင့် ဖော်ပြပါအခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေရန် ရုန်းထွက်နိုင်စေမည့် နည်းလမ်းများကို ပြည်သူ ပြည်သား နိုင်ငံသားများအား သေကျေ ပျက်စီးမှု အနည်းဆုံး၊ ထိခိုက်ပွတ်တိုက်မှုအနည်းဆုံးနှင့် ရှာဖွေ တွေ့ရှိပြီးလျှင် လက်တွေ့  စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရေးကို အစွမ်းကုန်  ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

(၁). “ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ THE CONSTITUTION OF THE UNION OF BURMA  (၁၉၄၇ ခုနှစ်)”။ ပြင်ဆင်ချက်များ ကို ပူးတွဲပုံနှိပ်ထားပါသည်။ ပ၊ စ၊ လ။ ၂၀၅၄။ ၉၀။ ပြည်သူ့လွှတ်တော်ရုံး။ ၆၀၀၀+၃၅။ ၉၁။

(၂). ၂၉-၅-၁၉၅၀-ညနေ ၃ နာရီ၊ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အဖွဲ့အစည်း ကိုယ်စားလည်ပေါင်းစုံ အစည်းအဝေးပွဲကြီးတွင် သခင်ချစ်မောင် (သာယာဝတီ) ပြောကြားသည့် မိန့်ခွန်း။ (၃၀-၉-၁၉၅၈ ရက်နေ့) (ဗမာပြည် အလုပ်သမားပါတီမှထုတ်ဝေသည်)။ “ဆွေ+ငြိမ်း လုပ်ကြံမှုကြီး” လက်နက်နှင့် အာဏာသိမ်းသည့်နည်းကို ကန့်ကွက်တိုက်ဖျက်သော ပါတီအဖွဲ့အစည်းပေါင်းစုံတို့၏ စည်းဝေးပွဲကြီးတွင် တင်ပြရှင်းလင်းသည့် ဗမာပြည် အလုပ်သမားပါတီ အတွင်းရေးမှူးချုပ် သခင်ချစ်မောင်၏ မိန့်ခွန်း။

Most Read

Most Recent