မြန်မာနိုင်ငံတွင် Online အသုံးပြု၍ လိမ်လည်ခြင်းနှင့် အဓမ္မစေခိုင်းမှုများ ကြုံတွေ့နေရပြီး နိုင်ငံခြားသားများလည်း ယင်းဖြစ်စဉ်များတွင် ပါဝင်လာသဖြင့် တားဆီးထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား 

မြန်မာနိုင်ငံတွင် Online အသုံးပြု၍ လိမ်လည်ခြင်းနှင့် အဓမ္မစေခိုင်းမှုများ ကြုံတွေ့နေရပြီး နိုင်ငံခြားသားများလည်း ယင်းဖြစ်စဉ်များတွင် ပါဝင်လာသဖြင့် တားဆီးထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား 
Published 13 September 2023

မြန်မာနိုင်ငံတွင် Online အသုံးပြု၍ လိမ်လည်ခြင်းနှင့် အဓမ္မစေခိုင်းမှုများ ကြုံတွေ့နေရပြီး နိုင်ငံခြားသားများလည်း ယင်းဖြစ်စဉ်များတွင် ပါဝင်လာသဖြင့် တားဆီးထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။ 

စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်သည့် ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပေးပို့သည့်သဝဏ်လွှာတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

မြန်မာနိုင်ငံသည် ၂၀၀၀ ပြည့်နှစ်တွင်ပြဋ္ဌာန်းခဲ့သော နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Transnational Organized Crime) (UNCTOC) နှင့် နောက်ဆက်တွဲစာချုပ်ဖြစ်သည့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် အထူးပြုသော လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာစာချုပ် (Protocol to Prevent, Suppress and Punish Trafficking in Persons, especially Women and Children)၊ ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းအသုံးပြု၍ ရွှေ့ပြောင်းသွားလာသူများအား မှောင်ခိုပို့ဆောင်မှုဆိုင်ရာစာချုပ် (Protocol against the Smuggling Of Migrants by Land, Sea and Air) တို့ကို ၂၀၀၄ ခုနှစ်၊ မတ် ၃၀ ရက်တွင်လည်းကောင်း၊ လူကုန်ကူးခြင်း အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်း (ASEAN Convention Against Trafficking in Persons Especially Women and Children-ACTIP) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်တွင်လည်းကောင်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

ထို့အပြင် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ခြောက်နိုင်ငံပါဝင်သော မဲခေါင်မြစ်ဝှမ်းဒေသအတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding on Cooperation against Trafficking in the Greater Mekong Sub-Region (COMMIT MoU) ကို ၂၀၀၄ ခုနှစ် မတ် ၃၀ ရက်တွင်လည်းကောင်း၊ တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယနိုင်ငံတို့နှင့် နှစ်နိုင်ငံအကြား လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Trans-national Crime - AMMTC)၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးအဆင့်အစည်းအဝေး (Senior Officials Meeting on Transnational Crime - SOMTC) နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဘာလီလုပ်ငန်းစဉ် (Bali Process) စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးယန္တရားများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိပြီး အဆိုပါယန္တရားများ၏ Policy Guideline များနှင့်အညီ နိုင်ငံအဆင့်၊ ဒေသအဆင့် ဦးစားပေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူကုန်ကူးမှု မှုခင်းများအား တရားစွဲဆိုရေးလုပ်ငန်းများကို ငါးနှစ်စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) ကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။ 

မြန်မာနိုင်ငံသားများသည် အဓမ္မလုပ်အားခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ အဓမ္မလက်ထပ်ထိမ်းမြားမှု စသည့်လူကုန်ကူးမှုပုံစံများဖြင့် ပြည်တွင်းအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ နှစ်စဉ်လူကုန်ကူးခြင်း ခံနေရကြောင်း၊ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာ နည်းပါးမှုအပါအဝင် ဘဝရပ်တည်ရန်ခက်ခဲသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ တရားဝင်/တရားမဝင် ရွှေ့ပြောင်းသွားလာလုပ်ကိုင်ကြရာမှ ပွဲစားများ၏ မက်လုံးပေးစည်းရုံးမှုကြောင့်လည်းကောင်း၊ တရားဝင် အလုပ်သမားစေလွှတ်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိသော နိုင်ငံများသို့ တရားမဝင်ပို့ဆောင်ခံရခြင်းကြောင့်လည်းကောင်း လုပ်အားခေါင်းပုံဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့ကို ခံနေကြရကြောင်း၊ မြန်မာနိုင်ငံသည် Online ကိုအသုံးပြု၍ လိမ်လည်မှုကျူးလွန်ရန်အလို့ငှာ အဓမ္မစေခိုင်းမှုများကို လတ်တလော ရင်ဆိုင်ကြုံတွေ့နေရပြီး အခြားနိုင်ငံများမှ နိုင်ငံသားများလည်း အဆိုပါဖြစ်စဉ်များတွင် ပါဝင်လာသည့်အတွက် တားဆီးထိန်းချုပ်နိုင်ရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ 

ထို့အတူ လူကုန်ကူးမှုများ၊ လူကုန်ကူးခံရသူများနှင့်စပ်လျဉ်း၍ ၂၄ နာရီ သတင်းပေးတိုင်ကြားနိုင်သည့် Hot Line ဖုန်းများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မူဆယ်တို့တွင် တပ်ဆင်ခဲ့ပြီး လူကုန်ကူးမှုများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်ခြင်း၊ အရေးယူခြင်းနှင့် ကယ်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ရွှေ့ပြောင်းသွားလာမည့် အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုဝင်များအား သတင်းအချက်အလက်များမျှဝေနိုင်ရန်နှင့် အသိပညာပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သားများအား ထောက်ပံ့ကူညီပေးရေးဆိုင်ရာ ဗဟိုဌာနများဖွင့်လှစ်ပြီး အသိပညာများ မျှဝေဖလှယ်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စတုတ္ထငါးနှစ် စီမံကိန်း (၂၀၂၂-၂၀၂၆) ၏ လုပ်ငန်းကဏ္ဍ လေးရပ်ဖြစ်သော မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (Policy and Cooperation) ပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၂၃ ခု၊ ကြိုတင်ကာကွယ်ရေးကဏ္ဍ (Prevention) ပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၁၆ ခု၊ တရားစွဲဆိုရေးကဏ္ဍ (Prosecution) ပါ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၂၀ ၊ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ (Protection) ပါ အကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ် ၂၅ ခုတို့ကိုလည်း ထိရောက်အောင်မြင်စေရန်အတွက် ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။ 

 

Most Read

Most Recent